AA တပ်မှူးချုပ် ညွှန်ကြားပြီးနောက် စစ်တွေ၊ ကျောက်ဖြူဒေသခံများ မြို့မှထွက်ခွာနေကြ

လက်ရှိတွင် ကျောက်ဖြူမြို့ကနေ မြို့ပြင်သို့ ထွက်ခွင့်အတွက် လူတစ်ဦးလျှင် ငွေကျပ် တစ်သိန်းကျော်အထိ ကုန်ကျမှုရှိနေသဖြင့် ငွေကြေးမတတ်နိုင်သူများမှာ မြို့ပေါ်တွင် ကျန်ရှိနေကြသေးကြောင်း သိရသည်။ 

By Admin 13 Apr 2024

လူအသွားလာကင်းမဲ့နေသည့် စစ်တွေမြို့ ယနေ့ မြင်ကွင်း။ ဓာတ်ပုံ - Ko Sann Htay 
လူအသွားလာကင်းမဲ့နေသည့် စစ်တွေမြို့ ယနေ့ မြင်ကွင်း။ ဓာတ်ပုံ - Ko Sann Htay 

DMG ၊ ဧပြီ ၁၃ 

စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် စစ်တွေနှင့် ကျောက်ဖြူမြို့က ဒေသခံများကို လွတ်မြောက်နယ်မြေသို့ လာရောက်ခိုလှုံကြရန် ဧပြီလ ၁၀ ရက်တွင် AA တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ညွှန်ကြားပြီးနောက် မြို့နေလူထုများ နေရပ်စွန့်ခွာတိမ်းရှောင်မှု မြင့်တက်နေကြောင်း သိရသည်။ 

ကျောက်ဖြူမြို့ခံတစ်ဦးက “ကျောက်ဖြူမြို့ကလူတွေက အရင်လတွေကတည်းက စစ်ရှောင်နေကြတာ။ အခု AA ဗိုလ်ချုပ်ကပြောလိုက်တော့ ကျန်တဲ့လူတွေကလည်း ရတဲ့နည်းလမ်းတွေနဲ့ ထွက်နေကြတာ။ တချို့ကလည်း ငွေကြေးမတတ်နိုင်တော့ မြို့ထဲမှာပဲ ဖြစ်သလိုနေတော့မယ် ဆိုသူတွေလည်း ရှိကြတယ်” ဟု ပြောသည်။

လက်ရှိတွင် ကျောက်ဖြူမြို့ကနေ မြို့ပြင်သို့ ထွက်ခွင့်အတွက် လူတစ်ဦးလျှင် ငွေကျပ် တစ်သိန်းကျော်အထိ ကုန်ကျမှုရှိနေသဖြင့် ငွေကြေးမတတ်နိုင်သူများမှာ မြို့ပေါ်တွင် ကျန်ရှိနေကြသေးကြောင်း သိရသည်။ 

ပြည်နယ်စစ်ကောင်စီရုံးစိုက်ရာ စစ်တွေမြို့ရှိ ပြည်သူများမှာလည်း မြို့မှထွက်ခွာရန် ကြိုးပမ်းနေကြပြီး မြို့ထဲတွင် လူသွားလူလာ တိတ်ဆိတ်နေကြောင်း မြို့ခံများက ပြောသည်။ 

“ဗိုလ်ချုပ် မိန့်ခွန်းပြောပြီးနောက်ပိုင်းမှာ ပြည်သူတွေက စစ်တွေမြို့ကနေ ထွက်ခွာဖို့လုပ်နေကြတာ တွေ့ရတယ်။ ဒါပေမဲ့ စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားတော့ ထွက်လမ်းမရဘဲ ပြန်လာကြရတယ်။ တချို့ကျတော့လည်း ဖြစ်သလိုကြံဖန်ပြီး ထွက်နေကြတာရှိတယ်။ တပ်တော်က ထုတ်ပြန်ပြီးနောက်ပိုင်း စစ်တွေမြို့တွင်းမှာ လူတွေ အသွားအလာတွေ သိပ်မရှိတော့ဘူး ” ဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်တွေမြို့က ထွက်မည်ဆိုလျှင် လူတစ်ဦးကို ငွေကျပ် ၂ သိန်းမှ ၃ သိန်းအထိ ခရီးစရိတ်ကုန်ကျပြီး မိသားစုဝင်ဦးရေများသည့် အိမ်ထောင်စုများအတွက် ငွေကြေးခက်ခဲမှု ရှိနေသည်။

ရခိုင်တိုက်ပွဲ ၅ လကျော်အတွင်း AA က မြို့နယ် ၉ ခုအထိ သိမ်းပိုက်ထိန်းချုပ်ထားပြီး လက်ရှိတွင် ဘူးသီးတောင်၊ မောင်တော၊ အမ်းနှင့် တောင်ကုတ်မြို့နယ်တို့တွင် စစ်ရေးပြင်းထန်နေသည်။

အဆုံးအဖြတ်တိုက်ပွဲ စစ်ရေးအရှိန်မြှင့်ရန်အတွက် ရခိုင်ပြည်သူများအနေဖြင့် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားကြရန် AA က တရားဝင် ပြောဆိုထားသည်။

ဗီဒီယိုများ