ဒုစရိုက်မှုတွေများလာသည့် စစ်တွေမြို့မှာ စစ်တပ်၊ ရဲနှင့် အရပ်ဖက်အဖွဲ့အစည်းတွေက လှည့်ကင်းဆောင်ရွက်မည်ဟုဆို

ရခိုင်ပြည်၏ မြို့တော်ဖြစ်သော စစ်တွေမြို့တွင် ခိုးမှုအပြင် အခြားဒုစရိုက်မှုဖြစ်စဉ်များပါ ဆက်တိုက်ဖြစ်ပွားလာသောကြောင့် စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် အရပ်ဖက်အဖွဲ့အစည်းတွေမှ ပူးပေါင်းပြီး လုံခြုံရေးအတွက် လှည့်ကင်းဆောင်ရွက်သွားမည်ဖြစ်သည်။

14 Dec 2021

DMG ၊ ဒီဇင်ဘာ ၁၄                    

ရခိုင်ပြည်၏ မြို့တော်ဖြစ်သော စစ်တွေမြို့တွင် ခိုးမှုအပြင် အခြားဒုစရိုက်မှုဖြစ်စဉ်များပါ ဆက်တိုက်ဖြစ်ပွားလာသောကြောင့် စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် အရပ်ဖက်အဖွဲ့အစည်းတွေမှ ပူးပေါင်းပြီး လုံခြုံရေးအတွက် လှည့်ကင်းဆောင်ရွက်သွားမည်ဖြစ်သည်။

ပြည်နယ်စစ်ကောင်စီမှလည်း စစ်တွေမြို့မှာ ခိုးမှုများမကြာခဏ ဖြစ်ပွားလာသဖြင့် ရဲတပ်ဖွဲ့၊ သက်ဆိုင်ရာရပ်ကွက်ကျေးရွာမှ အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်းကာ လုံခြုံရေးအတွက် လှည့်ကင်း၊ ပတ်ကင်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ လုံခြုံရေးဆောင်ရွက်မည့်အစီအစဉ်ကို ပြည်နယ်စစ်ကောင်စီက ဝန်ကြီးများနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဝန်ကြီးများက ဒီဇင်ဘာလ ၁၃ ရက်နေ့မှာပြုလုပ်သည့် အစည်းအဝေးတွင်ဆုံးဖြတ်ခဲ့ကြောင်းကို ပြည်နယ်စစ်ကောင်စီ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက ၎င်းအသုံးပြုနေသော လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဖော်ပြထားသည်။

စစ်တွေမြို့ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ယခုလိုညအချိန် လှည့်ကင်းပတ်ကင်းများ ဆောင်ရွက်မည့်အစီအစဉ်မှာ ကောင်းမွန်သော်လည်း စစ်တပ်ပါဝင်လာသဖြင့် စိုးရိမ်ပူပန်မှုများရှိကြောင်း ဒေသနေပြည်သူများက ဆိုသည်။

“အမှန်က ဒီအလုပ်က ပြည်ထဲရေးနဲ့ပဲဆိုင်တယ်။ ဒါကစစ်တပ်နဲ့ဆိုင်တဲ့ကိစ္စမဟုတ်ဘူး။ စစ်တပ်ပါလာပြီဆိုရင် ဒေသခံတွေစိုးရိမ်ပူပန်စိတ်တွေရှိတယ်"ဟု ဒေသခံတစ်ဦးကပြောသည်။

ဒုစရိုက်မှုတွေ မကြာခဏဖြစ်ပွားလာသည့် ပြည်နယ်ရုံးစိုက်ရာ စစ်တွေမြို့တွင် ခိုးမှု၊ လုယက်မှုများ လျော့နည်းကျဆင်းလာစေရန် တစ်ဖက်မှလည်း ရပ်ကွက်နေပြည်သူများက ကိုယ်ထူကိုယ်ထစနစ်ဖြင့် ညကင်းစောင့်ခြင်း၊ တစ်လလျှင် တစ်အိမ် ၁၃၀၀ ကျပ်ဖြင့် ငွေစုကာ ကင်းစောင့်ဝန်ထမ်းငှားရမ်းထားရှိခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

ယခုကဲ့သို့ ဒုစရိုက်မှုတွေ ဖြစ်ပွားမှုများပြားလာခြင်းမှာ လူငယ်အချို့ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ အရက်သေစာသောက်စားခြင်းနှင့် အကျင့်စာရိတ္တပျက်စီးလာခြင်းတို့ကြောင့်ဖြစ်ကြောင်း ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင်က သုံးသပ်ပြောကြားသည်။

“အကျင့်စာရိတ္တ ပျက်စီးနေတဲ့ လူငယ်တစ်ချို့ဆို ဝင်ငွေလည်း မရှိဘူး။ ပိုက်ဆံကလည်း သုံးချင်ဖြုန်းချင်လာတဲ့အခါကျတော့ ခိုးမှုကျူးလွန်လာဖို့ပဲ တွေးလာကြတယ်”ဟု ၎င်းကဆက်လက်ပြောကြားသည်။

ခိုးမှုများပပျောက်စေရန် ရဲတပ်ဖွဲ့အနေဖြင့်ဆောင်ရွက်၍မရနိုင်သဖြင့် ပြည်သူများကလည်း လုံခြုံရေးပိုင်းဆိုင်ရာဆောင်ရွက်ရာမှ ပူးပါင်းပါဝင်ဆောင်ရွက်စေလိုကြောင်း ရဲမှူးကြီးသက်လွင်က ဆိုသည်။

“ကျနော်တို့ဘက်က ညဉ့်နက်ချိန်အထိ လှည့်ကင်းတွေလုပ်တယ်။ မသင်္ကာတဲ့သူတွေကို ဖမ်းတယ်။ ရဲအက်ဥပဒေနဲ့အရေးယူတယ်။ ပြည်သူကပါပူးပေါင်းပါဝင်မယ်ဆို ပြစ်မှုကျူးလွန်သူတွေကိုလည်း အမြန်ဖော်ထုတ်နိုင်မှာဖြစ်တယ်”ဟု ၎င်းကဆိုသည်။

စစ်တွေမြို့တွင်ဖြစ်ပွားသည့် ဒုစရိုက်မှုဖြစ်စဉ်များတွင် ခိုးမှုဖြစ်စဉ်မှာအများဆုံးဖြစ်ပြီး ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းခိုးယူခံယူမှု အများဆုံးဖြစ်သည်။
နေ့စဉ်နီးပါး ခိုးမှုများဖြစ်ပွားနေသော်လည်း အမှုဖွင့်တိုင်ကြားသူနည်းသဖြင့် ရခိုင်ပြည်နယ်ရှိ (၁၇)မြို့နယ်တွင် ယခုနှစ် ကိုးလအတွင်း ခိုးမှု အမှုဖွင့်တိုင်ကြားချက် ၁၂ မှုသာရှိသည်။

အမှုဖွင့်တိုင်ကြားချက်ထဲမှ အမှုခြောက်မှုကို ရဲတပ်ဖွဲ့က ဖော်ထုတ်ဖော်ဖမ်းဆီး အရေးယူနိုင်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ အမှုကြီး ၉၈ မှု ဖြစ်ပွားခဲ့ပြီး ယင်းအမှုဖြစ်စဉ်များတွင် လူသတ်မှု ရ၅ မှု၊ ဓားပြမှု ၁ မှု၊ မုဒိမ်းမှု ၁၂ မှု၊ ဖောက်ထွင်းမှု ၁ မှု၊ တိရစ္ဆာန်ခိုးမှု ၃ မှု၊ လက်နက်ကိုင် ၁ မှုနှင့် မတရားအသင်း ၅ မှုတို့ ပါဝင်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းအရသိရသည်။

ဗီဒီယိုများ