ပြည်နယ်အစိုးရ ရုံးစိုက်ရာမြို့၏ တရားဥပဒေစိုးမိုးရေး အချက်ပေးသံများ

တရားဥပဒေစိုးမိုးမှု အားနည်းလျှင် ဒုစရိုက်သမားများ ကြီးစိုးလာမည်ဖြစ်သည်။ ဒုစရိုက်သမားများ ကြီးစိုးလာသည်နှင့်အမျှ အဂတိလိုက်စားမှုများ၊ လာဘ်ပေးလာဘ်ယူမှုများ၊ အကျင့်ပျက်ခြစားမှုများအပြင် လူတို့၏ အကျင့်စာရိတ္တပျက်ပြားမှုများကိုလည်း မြင်တွေ့လာရပေလိမ့်မည်။

By ရမ္မာကျော်စော 29 Jun 2020

By ရမ္မာကျော်စော | DMG

ရခိုင်ပြည်နယ်အစိုးရရုံးစိုက်ရာ ပြည်နယ်၏မြို့တော် စစ်တွေမြို့သည် လက်ရှိအချိန်တွင် လုံခြုံမှုနည်းပါးကာ တရားဥပဒေစိုးမိုးရေးဆိုသည်ကိုလည်း မြေလှန်ရှာရမည့် အနေအထားနှင့် ရင်ဆိုင်နေရသည်။

ထူပြောလာသည့် မှုခင်းဖြစ်စဉ်များတွင် ခိုးမှု၊လုယက်မှုအပြင် လူသတ်မှုတွေကိုပါ ခပ်စိပ်စိပ် တွေ့လာနေရသည်ကလည်း ပြည်သူများ၏ စိုးရိမ်ကြောက်လန့်စိတ်ကို တိုးလာစေသည်။

လူငယ်များကြားတွင် မူးယစ်ဆေးဝါးသုံးစွဲမှု မြင့်တက်လာသည်နှင့်အမျှ ခိုးမှု၊ လုယက်မှုများကလည်း အပြိုင်ပင် တိုးပွားလာနေသည်။ ခိုးမှုများတွင် အများဆုံးကြုံတွေ့နေရသည်က ဆိုင်ကယ်ခိုးမှုများဖြစ်သည်။

ရဲလုပ်ငန်းစဉ်များကို ပီပြင်အောင် မဆောင်ရွက်နိုင်သရွေ့ သူခိုးများက တရာဥပဒေစိုးမိုးရေကို မထီမဲ့မြင်ပြုနေ ကြဦးမည်သာဖြစ်သည်။ ထိုကဲ့သို့ ဆိုင်ကယ်ပျောက်မှု ဖုန်းပျောက်မှုကဲ့သို့ အမှုငယ်များကိုပင် တရားခံ မဖော်ထုတ်နိုင်ဘဲ ဂိုဏ်းဂဏဆန်ဆန်ဖြင့် လူသတ်နေသည့်အမှုများကို မည်ကဲ့သို့ဖော်ထုတ်နိုင်ပါမည်နည်း။

ယင်းကဲ့သို့ တရားခံဖော်ထုတ်မှုအားနည်းလေ ဒုစရိုက်မှုကျူးလွန်သူများက ရောင့်တက်လေဖြစ်နေမည်မှာ ဧကန်မုချမလွဲပေ။ အုပ်ချုပ်ရေးက လျော့ရဲနေလေ သူခိုးဓါးပြက အလေးမထားလေဖြစ်နေမှာကို သတိထားကိုင်တွယ်တတ်ရန် လိုအပ်နေသည်။

စစ်တွေမြို့တွင် လူအများစိတ်ဝင်စားမှု မြင့်တက်ခဲ့သည့် ဖြစ်စဉ်(ပြစ်မှုကြီး)များတွင် တရားခံကို ဖော်ထုတ် ဖမ်းဆီးရမိသည်ဟု မရှိသလောက်ပင်နည်းပါးခဲ့သည်။ ဤသည်ကလည်း ပြည်သူလူထု၏ စိုးရိမ်ကြောက်လန့် စိတ်ကိုတိုးပွားစေခဲ့သည်။ လက်ရှိမှာ စစ်တွေမြို့တွင်နေထိုင်သည့် မည်သူမဆို လုံခြုံမှုမရှိဟု ခံစားနေကြရသည်။

လူငယ်စာရေးဆရာနှင့် လက်သည်မပေါ်သည့်လုပ်ကြံမှု

၂၀၁၇ ခုနှစ် ဒီဇင်ဘာလက လူငယ်စာရေးဆရာတစ်ဦးဖြစ်သည့် ကျော်လင်း(ရောင်စုံ)ကို လူနှစ်ဦးက စကေဘာဖြင့် ထိုးခဲ့ကြသည်။ ဆိုင်ကယ်နောက်က ထိုင်လိုက်နေသည်ကို နောက်ထပ်ဆိုင်ကယ်တစ်စီးဖြင့် နောက်မှလာ၍ ထိုးသွားကြခြင်းဖြစ်သည်။

အဆိုပါ ထိုးသွင်းဒဏ်ရာကြောင့်ပင် ကျော်လင်း(ရောင်စုံ)မှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူခဲ့ရသည်။ ကံကောင်းထောက်မစွာ အသက်မသေခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ယင်းဖြစ်စဉ်တွင် ပါဝင်ပတ်သက်သည့် တရားခံများကို ယခုထိတိုင် ဖော်ထုတ်နိုင်ခြင်းမရှိသေးပေ။

ပြီးခဲ့သည့် မေလအတွင်းကလည်း ဒုတိယအကြိမ်လုပ်ကြံခံရပြန်သည်။ နေအိမ်ရှေ့သို့လာရောက်ကာ ဂျင်ဂလိဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ရင်ဘတ်ကို အနည်းငယ်သာ ရှပ်ထိသွားသဖြင့် စိုးရိမ်ရသည့်အဆင့် မဖြစ်ခဲ့ပေ။ ဤတစ်ကြိမ်တွင်လည်း တရားခံကို ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

စရဖတပ်ဖွဲ့ဝင် တပ်ကြပ်ဝင်းထိုက်နှင့် ပျောက်ဆုံးနေသည့် သေနတ်သမား

အလားတူဖြစ်စဉ်များ နောက်ထပ်လည်း ရှိသေးသည်။ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့၊ ညနေပိုင်းတွင် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)မှ တပ်ကြပ်ဝင်းထိုက်(ခေါ်) ဖိုးလုံးသည် သူ၏မိသားစုနှင့်အတူ စစ်တွေမြို့၊ ဝင်္ကဘာကွင်းတွင် ကျင်းပနေသည့် ဈေးပွဲတော်အတွင်းရောက်ရှိနေစဉ် သေနတ်သမားတစ်ဦးက ဖိုးလုံးကို အနီးကပ်လုပ်ကြံလိုက်သောကြောင့် သေနတ်ဒဏ်ရာဖြင့် ဆေးရုံမရောက်မီ သေဆုံးသွားခဲ့သည်။

ဖိုးလုံးလုပ်ကြံခံရမှုနှင့်ပတ်သက်ပြီး သံသယရှိသည်ဟုဆိုကာ ရခိုင်အမျိုးသားပါတီဝင် လူငယ်များဖြစ်သည့် ကိုအောင်ချေ(ခေါ်)ကိုအောင်ဇော်လင်း၊ ကိုခိုင်ဘိုဘို(ခ)ကိုခိုင်သော်၊ ကိုမေယုထွန်းနှင့် ကိုရဲကျော်သူ (ခ) ကိုရဲဇော်တို့ကို ဖမ်းဆီးစစ်ဆေးခဲ့သည်။ သို့သော်လည်း ခိုင်လုံသည့်အထောက်အထား မရှိဟုဆိုကာ နောက်ပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့သည်။

ဤအမှုတွင်လည်း တရားခံသည် ကိုယ်ပျောက်ဝိဇ္ဇာအလား ပျောက်ချက်သားကောင်းနေသည်။ သာမန်အရပ်သားတစ်ဦးကို လုပ်ကြံသည့်အမှုမဟုတ်ဘဲ တပ်မတော်သား တပ်ဖွဲ့ဝင်တစ်ဦးကို ပွဲခင်းအလယ်မှာ လုပ်ကြံခံရသည့်အမှု၌ပင် တရားခံကို ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်းမရှိလျှင် ပြည်သူကို ကာကွယ်ပေးနေပါသည် ဆိုသည့် ရဲလုပ်ငန်းကိုလည်း လူထုက အပြည့်အဝ ယုံကြည်လိမ့်မည်မဟုတ်ပေ။

ပြည်သူ၏ ယုံကြည်မှုကိုမရရှိလျှင် ပြည်သူ၏ပူးပေါင်းပါဝင်မှုကို မရရှိနိုင်၊ ပူးပေါင်းပါဝင်မှုကို မရရှိသည့်အတွက် တရားခံဖော်ထုတ်ဖမ်းဆီးရေးကိုလည်း ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ခက်ခဲမည်ပင်ဖြစ်သည်။

သေနတ်သံ ထပ်ပေါ်လာသည့် မြို့စစ်တွေ

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၄ ရက် ညပိုင်းတွင် ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးနှင့် အငှားယာဉ်မောင်းတစ်ဦးတို့အား အမည်မသိလူအချို့က စစ်တွေမြို့ပေါ်တွင် သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

ယင်းသို့ ပစ်ခတ်မှုကြောင့် အေးငြိမ်းအထူးဆေးခန်းနှင့် ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးညီညီမှာ လည်ပင်းတွင်ကျည်ဆံထိမှန်ခဲ့ကာ အငှားယာဉ်မောင်းဖြစ်သူမှာ ပေါင်တွင်ကျည်ဆံထိမှန်ခဲ့သည်။ ဦးညီညီမှာ ဒဏ်ရာပြင်းထန်သောကြောင့် နောက်တစ်နေ့တွင် ရန်ကုန်သို့ပို့ဆောင်ခဲ့ရသည်။ ဤအမှုသည်လည်း ၁ နှစ် နီးပါးကြာလာသည့်တိုင် တရားခံဖော်ထုတ်နိုင်ခြင်း မရှိသည်ကို တွေ့ရသည်။

ထိုသို့ အထင်ကရအမှုကြီးများကိုပင် တရားခံမဖော်ထုတ်နိုင်သောကြောင့် သူခိုး၊ ဓါးပြ၊ လူသတ်သမားများက အတင့်ရဲလာကြခြင်းဖြစ်သည်။

လူသိများခဲ့သော ၂၀၂၀ ၏ ဖြစ်ရပ်ဆိုးလေးခု

၂၀၂၀ ခုနှစ်အတွင်းတွင်လည်း လူအများစိတ်ဝင်စားမှုမြင့်တက်ခဲ့သည့် အမှုလေးမှုဖြစ်ပွားခဲ့ပြီး ဖြစ်သည်။ ၎င်းတို့မှာ အိုးတန်းဆန်ပွဲရုံပိုင်ရှင်မ အသတ်ခံရမှု၊ စက်ရုံစုရပ်ကွက်အုပ်ချုပ်ရေးမှူး အသတ်ခံရမှု၊ ကမ္ဘောဇဘဏ်ခွဲ(၂) ဓါးပြတိုက်ခံရသည့်အမှုနှင့် မုန့်လက်ကောက်ရောင်းသည့် အသက်(၁၃)နှစ်အရွယ် မိန်းကလေးတစ်ဦး ဆောက်လက်စတိုက်ပေါ်တွင် ဒဏ်ရာများဖြင့် သေဆုံးနေသည့်အမှုတို့ ဖြစ်ကြသည်။

၁) ရက်စက်လွန်းသည့် ဆန်ပွဲရုံပိုင်ရှင်သတ်ဖြတ်ခံရမှု

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့က စစ်တွေမြို့၊ အိုးတန်းရပ်ကွက် ဆန်တန်းတွင် ထမင်းစားရန်အိမ်ပြန်သည့် ဆန်ပွဲရုံပိုင်ရှင် အမျိုးသမီးတစ်ဦးကို လည်လှီးသတ်ကာ သူမဝတ်ဆင်ထားသည့် ရွှေထည်ပစ္စည်းများကို ယူဆောင်သွားခဲ့သည်။

ထိုလုပ်ရပ်မှာ အလွန်ပင်ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်ဖြစ်သည်။ လူ့ကျင့်ဝတ်၊ ဂုဏ်သိက္ခာများ ဆုတ်ယုတ်လာသောခေတ်တွင် မိမိ၏အခက်အခဲအတွက် လူသတ်ရန်ပင် ဝန်မလေးကြတော့သည်ကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်သည်။

ဤမျှရက်စက်ကြမ်းကြုတ်သောလုပ်ရပ်ကို ကျူးလွန်သူများကို ဖမ်းဆီးထိန်းသိမ်းခြင်း မပြုလုပ်နိုင်ပါက နောက်တကြိမ်မကျူးလွန်ဟု မပြောနိုင်ပေ။ လူ့အဖွဲ့အစည်းအတွက် အလွန်အန္တရာယ်များသည့် တရားခံပြေးများ ဖြစ်ကြသည်။ သို့သော်လည်း လက်ရှိအချိန်ထိတော့ ဖမ်းဆီးရမိသည်ဟု မကြားရသေးပေ။

ရှေးလူများက လူ့အသိုက်အဝန်းတွင် ထားရန်မသင့်သူများအတွက် အကျဉ်းထောင်များ၊ ကြိုးစင်များကို ဖန်တီးထားခဲ့ကြခြင်းဖြစ်သည်။

သို့သော်လည်း အာဏာရှိသူတို့၏ မရိုးသားမှုများကြောင့် လူမှုအသိုက်အဝန်းထဲတွင် ရှိရမည့်သူများက အကျဉ်းထောင်ထဲ ရောက်နေကြကာ၊ အကျဉ်းထောင်ထဲတွင် ရှိနေသင့်သူများက လူမှုအသိုက်အဝန်းတွင် သြဇာအာဏာရှိသူများအဖြစ် မြင်တွေ့နေကြရသည်။

၂) အုပ်စုဖွဲ့သတ်ဖြတ်ခံရသည့် မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူး
စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းလှိုင်သည်လည်း ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့ နံနက် ၈ နာရီခန့်က လမ်းပေါ်တွင် အမည်မသိလူတစ်စု၏ ဓားဖြင့်လုပ်ကြံသတ်ဖြတ်ခံရပြီး လည်ပင်းပြတ်ရှဒဏ်ရာ၊ ရင်ဘတ်ထိုးသွင်းဒဏ်ရာ စသည့်ဒဏ်ရာ ၄ ချက်ဖြင့် အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့သည်။

စစ်တွေမြို့လယ် ကုန်သည်လမ်းနှင့် ပန်းခြံလမ်းထောင့်ရှိ ကွမ်းယာဆိုင်တွင် ကွမ်းဝယ်နေစဉ် အမည်မသိလူ ၄ ဦးက ဓားဖြင့်ထိုးသတ်သွားခြင်းဖြစ်သည်။ နံနက်ပိုင်း လူစည်ကားရာ မြို့အလယ်တွင်ပင် လူတစ်ဦးကို ကြက်ကလေး၊ ငှက်ကလေးသတ်သကဲ့သို့ပင် သတ်သွားသည်ကို ကြည့်ခြင်းအားဖြင့် အတွေ့အကြုံရှိပြီးသား လုပ်ကြံသတ်ဖြတ်ရေးသမားများဟု ခန့်မှန်း၍ရနိုင်သည်။

ထိုကဲ့သို့ဖြစ်စဉ်များသည် စစ်တွေမြို့နယ်တစ်ခုတည်းတွင်သာ ဖြစ်ပွားနေသည်မဟုတ် ဒေသမတည်ငြိမ်သည့် မြို့နယ်တိုင်းတွင် ခပ်စိပ်စိပ်ဖြစ်လာသည်ကို တွေ့လာရသည်။ တိုက်ပွဲဖြစ်ပွားရာ မြို့နယ်များတွင် တပ်မတော်နှင့်အေအေတို့၏ ပဋိပက္ခကိုအကြောင်းပြု၍ ကိုယ်ကျိုးရှာသည့်သူများလည်း ရှိနိုင်သည်ကို သတိထားရန်လည်း လိုအပ်သည်။

စစ်တွေမြို့အလယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး လုပ်ကြံခံရခြင်းသည် ပေါ့သေးသေးမဟုတ်ပေ။ မြို့နေလူထုကို ခြောက်လှန့်လိုက်ခြင်းဆိုလျှင် ပိုမှန်မည်။ စစ်တွေမြို့လယ်တွင် ရပ်ကွက်အာဏာပိုင်တစ်ဦး ထိုသို့ လုပ်ကြံသတ်ဖြတ်ခံရသည်ကို ကြည့်ခြင်းအားဖြင့် စစ်တွေမြို့ပေါ်တွင် မည်သည့်နေရာတွင်မျှ လုံခြုံမှုမရှိဆိုသည်ကို ညွှန်ပြရာလည်းရောက်ပေသည်။ မြို့ပေါ်၌ပင်လျှင် လုံခြုံမှုမရှိဆိုပါက နယ်ဘက်ဆိုလျှင် ပြောဖွယ်ရာမရှိတော့ပေ။ မြို့နေလူထု၏ စိုးရိမ်ကြောက်လန့်စိတ်ကို အရှိန်မြှင့်တင်ပေးလိုက်သည့် လုပ်ရပ် တစ်ခုဟုဆိုလျှင်လည်း မမှားပေ။

၃) မြို့ပေါ်ဘဏ်ကို အနုကြမ်းစီးမှု

နောက်ထပ်ဖြစ်စဉ်တစ်ခုက စစ်တွေမြို့ သံပုရာသီးခွဆုံအနီးရှိ ကမ္ဘောဇဘဏ်ခွဲ(၂)ကို နိုင်ငံခြားရုပ်ရှင်ကားတွေထဲမှာလို အနုကြမ်းစီးသွားသည့် လုပ်ရပ်ဖြစ်သည်။ ဇွန်လ ၁ဝ ရက်နေ့၊ ညနေ ၄ နာရီကျော်ခန့်က KBZ ဘဏ်ခွဲ (၂)ကို အမည်မသိမျက်နှာဖုံးစွပ် လူ(၄)ဦးက Hi Jet အဖြူရောင်ကားတစ်စီးဖြင့် လာရောက်ကာ ငွေများကို လုယူခဲ့သဖြင့် ငွေကျပ်သိန်း ၁၈၀၀၀ ကျော်ပါသွားခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

ယင်းကိစ္စတွင် ကျူးလွန်သူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးခဲ့ရာတွင် သံသယရှိသူတစ်ဦးကို မော်တော်ယာဉ်နှင့်အတူဖမ်းမိခဲ့ပြီး ကျန် ၃ ဦးမှာ ဘဏ်မှငွေများနှင့်အတူ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်သည်။ နောက်ထပ် ဖမ်းဆီးခံရသူတစ်ဦးမှာ ဘဏ်လုံခြုံရေးဝန်ထမ်းတစ်ဦးဖြစ်သည်။

သို့ရာတွင် လက်ရှိ ဖမ်းဆီးခံထားရသူနှစ်ဦးထဲမှ တစ်ဦးမှာ အငှားကားမောင်းသည့် ကားသမားတစ်ဦးသာဖြစ်ကြောင်း မိသားစုဝင်များက သတင်းဌာနများကို ဖြေကြားထားသည်။ ၎င်းတို့နှစ်ဦးကို ရာဇသတ်ကြီး ပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးစစ်ဆေးနေဆဲဖြစ်သည်။

စစ်တွေမြို့ထဲတွင် ရုပ်ရှင်ဆန်ဆန် ဘဏ်ကိုအနုကြမ်းစီးပြီး ထွက်ပြေးလွတ်မြောက်သွားသည်ကတည်းက စစ်တွေမြို့၏လုံခြုံရေးအခြေအနေ မည်မျှကျိုးပေါက်နေပြီလဲဆိုသည်ကို ထင်ထင်ရှားရှား မြင်တွေ့နိုင်အောင် ပြသသွားသည့်လုပ်ရပ်ဟု ဆိုရပေမည်။

တရားဥပဒေစိုးမိုးမှု အားနည်းလျှင် ဒုစရိုက်သမားများ ကြီးစိုးလာမည်ဖြစ်သည်။ ဒုစရိုက်သမားများ ကြီးစိုးလာသည်နှင့်အမျှ အဂတိလိုက်စားမှုများ၊ လာဘ်ပေးလာဘ်ယူမှုများ၊ အကျင့်ပျက်ခြစားမှုများအပြင် လူတို့၏ အကျင့်စာရိတ္တပျက်ပြားမှုများကိုလည်း မြင်တွေ့လာရပေလိမ့်မည်။

၄) မုန့်လက်ကောက်သည်မလေး သေဆုံးသည့်ဖြစ်စဉ်

မကြာသေးမီရက်ပိုင်းအတွင်းက စစ်တွေမြို့တွင် အသက် ၁၃ နှစ်အရွယ် မုန့်လက်ကောက်ရောင်းသည့် လေးတန်းကျောင်းသူတစ်ဦး ဆောက်လက်စတိုက်တစ်လုံးပေါ်တွင် ဒဏ်ရာများဖြင့် လဲကျနေသည်ကို ဆောက်လုပ်ရေးလုပ်သားများက တွေ့ရှိခဲ့ကြသည်။

သူတို့၏ သတင်းပေးချက်အရ လူမှုကူညီရေးအဖွဲ့များကသွားယူပြီး ဆေးရုံကိုပို့ပေးခဲ့ကြသော်လည်း ကံမကောင်းခဲ့ပေ။ ဦးခေါင်းနောက်ခြမ်း ပွင့်ထွက်သွားသည့် ဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။

ဒဏ်ရာအနေအထားအရ မတော်တဆ ထိခိုက်သည့် ဒဏ်ရာမျိုးမဟုတ်ဘဲ ရိုက်နှက်ခံထားရသည့် ဒဏ်ရာမျိုးဖြစ်သည်ဟု ကိုယ်တိုင်မြင်တွေ့လိုက်ရသူများက ပြောကြ၊ ရေးကြသည်ကိုလည်း လူမှုကွန်ရက်စာမျက်နှာများတွင် တွေ့မြင်ရသည်။ လက်ရှိတွင် လူသတ်မှုဖြင့်အမှုဖွင့်ထားပြီး သံသယရှိသူကို လိုက်ရှာနေသည်ဟု သိရသည်။ ယခုတစ်ကြိမ်တွင်ကား တရားခံကို ဖော်ထုတ်ဖမ်းဆီးနိုင်ပါမည်လား။

ပြည်သူများ၏ စိုးရိမ်စိတ်ကိုဖြေလျော့ရန်

ပြည်နယ်အစိုးရရုံးစိုက်ရာ မြို့၊ ပြည်နယ်တစ်ခု၏ မြို့တော်၌ပင် ယခုကဲ့သို့ ပြစ်မှုကြီးများကို ကျူးလွန်နေသည့် တရားခံများကို ဖမ်းဆီးဖော်ထုတ်ပြီး အရေးမယူနိုင်ပါက အုပ်ချုပ်ရေးယန္တရား ယိုင်နဲ့နေသည့် တိုက်ပွဲဧရိယာထဲက မြို့နယ်များတွင်ဆိုလျှင် ပို၍စိုးရိမ်စရာအခြေအနေနှင့် ရင်ဆိုင်ကြရမည်မှာ မလွဲပေ။

လက်ရှိအခြေအနေတွင် စစ်တွေမြို့၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးမှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။ ကျူးလွန်ခဲ့ကြပြီး တရားခံဖမ်းဆီးရမိမှုမရှိသည့် ပြစ်မှုများသည်လည်း သာမန်ပြစ်မှု အသေးစားများမဟုတ်ကြဘဲ လူသတ်မှု၊ ဓါးပြမှုတို့ ဖြစ်နေသည်ကို မြင်တွေ့နေရသည်။ သို့သော် တရားခံဖမ်းဆီးရမိရေးတွင်တော့ အားနည်းလျက်ရှိနေသေးသည်ကိုသာ တွေ့နေရသည်။

အမှန်တကယ် ပြည်သူ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးနိုင်ရန်အတွက်ဆိုပါမူ တရားဥပဒေ စိုးမိုးရေးကို ခြိမ်းခြောက်နေသည့် ယခုကဲ့သို့ ပြစ်မှုကြီးများမှ တရားခံများကို ဖော်ထုတ်ဖမ်းဆီးပြီး အရေးယူပြနိုင်ရန်အထူးလိုအပ်ပါကြောင်း တိုက်တွန်းလိုက်ရပါသည်။

ဗီဒီယိုများ