မာန်အောင်တွင် စစ်မှုထမ်းစာရင်းတိုးကောက်ရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ဖိအားပေးနေ 

စစ်ကောင်စီက မာန်အောင်မြို့နယ်တွင် စစ်မှုထမ်းစာရင်းတိုးမြှင့်ကောက်ယူရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို အတင်းခိုင်းစေလာခြင်းကြောင့် ဒေသခံလူငယ်များမှာ စစ်မှုမထမ်းလို၍ ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေသည်။ 

By Admin 01 Apr 2024

မာန်အောင်တွင် စစ်မှုထမ်းစာရင်းတိုးကောက်ရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ဖိအားပေးနေ 

DMG ၊ ဧပြီ ၁ 

ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ကျေးရွာများတွင် စစ်မှုထမ်းစာရင်းကို အမြန်ဆုံးတိုးမြှင့်ကောက်ယူပေးရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအား စစ်ကောင်စီက ဖိအားပေးစေခိုင်းနေကြောင်း သိရသည်။ 

ဖေဖော်ဝါရီလကုန်ပိုင်းမှစ၍ ကျေးရွာတစ်ရွာလျှင် လူ ၂ ဦးနှုန်းဖြင့် စစ်မှုထမ်းစာရင်းကောက်ရန် ညွှန်ကြားထားပြီး လက်ရှိတွင် အိမ်ခြေ ၁၅၀ အထက်ရှိ ကျေးရွာတစ်ရွာလျှင် လူ ၅၀ နှုန်း၊ အိမ်ခြေ ၂၀၀ အထက်ရှိ ကျေးရွာဆိုလျှင် လူ ၁၀၀ နှုန်းဖြင့်ကောက်ပေးရန် စစ်ကောင်စီက ပြောဆိုလာသည်ဟု ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက ပြောသည်။ 

“ကျနော်တို့မှာ တစ်ရွာကို နှစ်ယောက်နှုန်းပေးဖို့တောင် မလွယ်ကူဖြစ်နေတာ။ အခုက အဲထက်အများကြီးဆိုတော့ ဒါက တော်တော်ပြဿနာရှိသွားပြီ” ဟု အမည်မဖော်လိုသူ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

စစ်ကောင်စီက မာန်အောင်မြို့နယ်တွင် စစ်မှုထမ်းစာရင်းတိုးမြှင့်ကောက်ယူရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို အတင်းခိုင်းစေလာခြင်းကြောင့် ဒေသခံလူငယ်များမှာ စစ်မှုမထမ်းလို၍ ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေသည်။ 

လက်ရှိတွင် အုပ်ချုပ်ရေးမှူးများမှာ စစ်ကောင်စီညွှန်ကြားထားသည့် လူဦးရေပြည့်မီအောင် ကောက်ယူပေးရန် အခက်အခဲများရှိနေသဖြင့် ၎င်းတို့၏လုံခြုံရေးအတွက် စိုးရိမ်ကြောက်လန့်နေကြသည်။ 

“နှုတ်ထွက်စာတင်ရင်လည်း စစ်ကောင်စီက နှုတ်ထွက်ခွင့်ပေးမှာ မဟုတ်သလို ဖမ်းဆီးနှိပ်စက်တာမျိုးအထိ လုပ်လာနိုင်တယ်။ စစ်မှုထမ်းဖို့ လူစာရင်းကောက်ပေးပြန်ရင်လည်း လူထုရဲ့အမြင်စောင်းမှုတွေအပြင် အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ဖြစ်သွားနိုင်တော့ ကျနော်တို့က ဘေးကျပ်နံကျပ်ဖြစ်နေတယ်” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး နောက်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၁ ရက်က သံတွဲမြို့နယ်တွင် စစ်မှုထမ်းစာရင်းကောက်ယူနေသော ရာအိမ်မှူးတစ်ဦး လည်လှီးသတ်ဖြတ်ခံရပြီး သေဆုံးသွားခဲ့သည်။ 

ရခိုင်ပြည်တောင်ပိုင်း သံတွဲ၊ တောင်ကုတ်၊ မာန်အောင်၊ ဂွ မြို့နယ်တို့တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအား စစ်မှုထမ်းစာရင်းကောက်ပေးရန် စစ်ကောင်စီကညွှန်ကြားထားပြီး ယင်းနှင့်ပတ်သက်၍ အုပ်ချုပ်ရေးမှူးတချို့မှာ ရာထူးမှ နှုတ်ထွက်စာတင်ထားကြသည်။

မာန်အောင်မြို့နယ်အတွင်းက စစ်မှုထမ်းမည့်သူများအနေဖြင့် စစ်သင်တန်းပြီးမြောက်ပါက ရှေ့တန်းနယ်မြေသို့ မသွားဘဲ မိမိကျေးရွာတွင် တာဝန်ထမ်းဆောင်ရမည်ဆိုကာ စစ်ကောင်စီက စည်းရုံးထားကြောင်း သိရသည်။ 

မာန်အောင်ဒေသခံတစ်ဦးက “ကိုယ့်မြို့မှာကိုယ် ပြန်ပြီးတာဝန်ထမ်းဆောင်ရမယ်ဆိုတော့ ဒါဟာ အန္တရာယ်မရှိဘူး။ ကိုယ့်နေရာမှာဆိုရင် အေဆေးပဲဆိုပြီး တချို့လူတွေက ဒီလိုမျိုးအတွေးဝင်သွားနိုင်တယ်။ တကယ်တော့ ဒါဟာ တစ်ဖက်လှည့်နဲ့ စကားအလှသုံးတာမျိုးဖြစ်တယ်။ စစ်မှုထမ်းပြီဆိုတာနဲ့ စစ်ရေးအရလိုအပ်တဲ့နေရာကို ပို့တော့မှာဖြစ်တယ်။ ငြင်းပိုင်ခွင့်ရှိတော့မှာ မဟုတ်ဘူး” ဟု ပြောသည်။ 

မာန်အောင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် AA တို့ကြား တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း စစ်ကောင်စီက လမ်းခရီးသွားလာခွင့် ပိတ်ဆို့ထားမှုကြောင့် ဒေသခံများမှာ အခြေခံစားသောက်ကုန်နှင့် ဆေးဝါးပြတ်လပ်မှုဒဏ်ကို ရင်ဆိုင်နေကြရသည်။ 

တစ်နိုင်ငံလုံးတွင် စစ်ရေးအရရှုံးနိမ့်နေသော စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကို ပြဌာန်းကာ ပြည်သူများအား အတင်းအဓမ္မစစ်မှုထမ်းခိုင်းပြီး ရှေ့တန်းနယ်မြေများသို့ ပို့ဆောင်လျက်ရှိသည်။ ရခိုင်ဒေသတွင်လည်း ထိုသို့လုပ်ဆောင်နေပြီး ယင်းအထဲတွင် မွတ်ဆလင်ဒုက္ခသည်များလည်း ပါဝင်နေသည်။

ဗီဒီယိုများ