ရခိုင်မှာ ညမထွက်ရအမိန့် လိုအပ်သေးရဲ့လား

ရခိုင်ပြည်အတွင်း ညမထွက်ရအမိန့်ထုတ်ပြန်ခြင်းခံရတဲ့ ဒေသနဲ့ ညမထွက်ရအမိန့်ရုပ်သိမ်းထားတဲ့ ဒေသနဲ့ပတ်သက်ပြီး ဒေသခံတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပြည်နယ်စစ်ကောင်စီရဲ့ သဘောထားတွေကို DMG က ဆက်သွယ်မေးမြန်းထားပါတယ်။

04 Jun 2021

DMG ၊ ဇွန် ၄

(VoxPop)

ရခိုင်ပြည်အတွင်း ညမထွက်ရအမိန့်ထုတ်ပြန်ခြင်းခံရတဲ့ ဒေသနဲ့ ညမထွက်ရအမိန့်ရုပ်သိမ်းထားတဲ့ ဒေသနဲ့ပတ်သက်ပြီး ဒေသခံတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပြည်နယ်စစ်ကောင်စီရဲ့ သဘောထားတွေကို DMG က ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးကျော်မင်းခိုင် (ဒေသခံ၊ ရသေ့တောင်မြို့)၊ ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့်ဒေသ

မနေ့က ကျနော်တို့မြို့မှာ ည ၉ နာရီကနေ နံနက် ၅ နာရီအထိ ညမထွက်အမိန့်ကြေညာသွားတယ်။ အဓိကတော့ အခုက တိုက်ပွဲတွေလေ့မရှိတော့ဘူးဆိုတော့ ညအမိန့်ထုတ်ဖို့မလိုအပ်တော့ဘူးလေ။ အခုလို ညမထွက်ထုတ်ပြန်တာကတော့ ဒေသခံတွေကို သက်သက်ကန့်သတ်လိုက်တဲ့သဘော သက်ရောက်တယ်။ အခုလက်ရှိ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ ရခိုင်ပြည်နယ်ဟာ တစ်စုံတစ်ရာဆက်စပ်မှုမရှိဘူးလို့ ပြောလို့ရတယ်။

နောက်ထပ် ရခိုင်ပြည်မှာ တိုက်ပွဲတွေဖြစ်လာနိုင်ခြေနည်းပါးတယ်လို့ ကျနော်တို့မြင်တယ်။ အခုက ညမထွက်ရအမိန့်ကန့်သတ်လိုက်တယ်ဆိုတော့ ဒေသအတွင်းမှာ လှုပ်လှုပ်ရှားရှားသွားသွားလာလာ လုပ်စားနေကြတဲ့ဒေသခံတွေကို အများကြီးအကျပ်အတည်းဖြစ်ပေါ်စေတယ်။ နောက်တစ်ခုက ကျနော်တို့ဆီမှာ IDPs တွေ အများကြီးရှိတဲ့အတွက် အဲဒီစခန်းတွေကလူတွေဟာ နေ့စားအလုပ်သမားတွေအဖြစ် ထွက်ပြီးတော့ ရှာဖွေစားသောက်နေကြရတယ်။ ရာသီတအားပူတဲ့အတွက် ညနေဖက်မှထွက်ပြီးတော့ ရှာဖွေစားသောက်နေကြရတဲ့အတွက် သူတို့အတွက်အများကြီး အခက်ခဲတွေရှိနိုင်တယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့ ရသေ့တောင်မှာ ညမထွက်ရအမိန့်ထုတ်ပြန်စရာမလိုတဲ့အတွက် ပြန်ရုပ်သိမ်းပေးစေချင်တယ်။

ဦးအမ်းသားကြီး (ဒေသခံ၊ မင်းပြားမြို့)၊ ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့်ဒေသ

မနေ့က ကျနော်တို့ မင်းပြားမှာ ညမထွက်အမိန့်ထုတ်ပြန်ကြေညာတာတွေရှိတယ်။ ဒီညမထွက်ရအမိန့်ဟာ ကျနော်တို့ဒေသနဲ့ မကိုက်ညီတော့ဘူးလို့မြင်တယ်။ နောက်ပြီးတော့ ညမထွက်ရအမိန့်က ၉ နာရီလို့ ထုတ်ထားပေမယ့် ကျနော်တို့ မင်းပြားမြို့ရဲစခန်းရှေ့က လမ်းတွေဆိုရင် ၆ နာရီကတည်းကပင် သွားလို့မရအောင်ပိတ်ထားတွေရှိတယ်။ နောက်တစ်ခုက မိုးရာသီလည်းကျတော့မယ်ဆိုတော့ လယ်သမားတွေက လယ်ထွန်ရမယ့် အချိန်တွေဖြစ်လာတယ်။ နောက်ပြီးတော့ လုပ်ငန်းရှင်တွေအတွက်လည်း အလုပ်တွေလုပ်နေရတာရှိတယ်။ အဲတော့ အခုလို ညမထွက်ရအမိန့်ထုတ်ပြန်တာဟာ လုပ်ငန်းရှင်တွေ၊ လယ်သမားတွေအတွက် အခက်ခဲရှိလာနိုင်တယ်။ တဖက်မှာလည်း တိုက်ပွဲကမဖြစ်တော့ဘူးဆိုတော့ အဲဒီအမိန့်ကို မင်းပြားဒေသခံတစ်ယောက်အနေနဲ့ ရုပ်သိမ်းပေးစေချင်တယ်။

ဒေါ်ညိုအေး (ဥက္ကဌ၊ ရခိုင်အမျိုးသမီးကွန်ယက်)

အခုလက်ရှိ အခြေနေအရဆိုရင် ရခိုင်ပြည်က တည်ငြိမ်နေတဲ့အနေထားမှာရှိတယ်။ တည်ငြိမ်နေတဲ့ဒေသတစ်ခုမှာ အခုလို ညမထွက်ရအမိန့်ထုတ်တာကတော့ ကျမအနေနဲ့ဆိုရင် အဲဒီအမိန့်ကို လျော့ပါးသင့်ပြီလိုယူဆတယ်။ အခုလို ထုတ်ပြန်တာကတော့ ရခိုင်ပြည်နယ်မှာရှိတဲ့သူတွေရဲ့ လူ့ဘောင်တွေကို ကန့်သတ်လိုက်တာနဲ့တူတယ်။ နောက်ပြီးတော့ အခုက မိုးရာသီလည်းကျတော့မယ့်ဆိုတော့ လက်လုပ်လက်စားတွေက ဈေးတွေကို စောစောစီးစီး ဈေးရောင်းထွက်ရတာတွေရှိတယ်။ ကုန်သည်တွေကလည်း စောစောစီးစီးအလုပ်ထွက်ရတာတွေ ရှိတယ်။ ပြီးတော့ ကျမတို့ဒေသမှာ ကုန်စည်နှုန်းတွေ တည်ငြိမ်မှုမရှိတဲ့အချိန်မှာ အခုလို ညအမိန့်ထုတ်လိုက်တာကတော့ ပြည်သူ့တွေအများကြီးအခက်ခဲတွေရှိနိုင်တယ်။

ကိုအောင်ခိုင် (ဒေသခံ၊ ပေါက်တောမြို့)၊ ညမထွက်ရအမိန့်ရုပ်သိမ်းထားသည့်ဒေသ

လက်ရှိ ညအမိန့်ထုတ်ပြန်ထားတဲ့ ဒေသခံတွေမှာတော့ သူတို့အတွက် အခက်ခဲတွေရှိတာပေါ့။ အဲဒီဒေသခံတွေမှာ စီးပွားရေးလုပ်ငန်းတွေရှိမယ်၊ နောက်ပြီးတော့ နေစားလုပ်ကိုင်စားသောက်နေသူတွေရှိမယ်။ သူတို့အတွက်ကတော့ အခက်ခဲတွေအများကြီးရှိနိုင်တာပေါ့။ နောက်ပြီး ဟင်းသီးဟင်းရွက် လုပ်ကိုင်စားသောက်နေသူတွေဆိုရင်လည်း သူတို့က မနက်စောစောစီးစီးလာရောင်းတာဆိုတော့ သူတို့အတွက်လည်း အခက်ခဲတွေအများကြီး ရှိနိုင်မယ်။ ကျနော်တို့ဒေသမှာ အခုဆိုရင် ညအမိန့်ကို ဖယ်ရှားထားတယ်ဆိုတော့ ဒေသခံတွေအတွက် အများကြီးကောင်းသွားတယ်။ စီးပွားရေးအတွက်လည်း ကောင်းတယ်၊ နောက်ပြီးတော့ ညအချိန်နေမကောင်းဖြစ်ရင်လည်း ဆေးခန်း၊ ဆေးရုံတွေကို လွတ်လွတ်လပ်လပ်သွားလို့ရတဲ့အတွက် ကျန်းမာရေးအတွက်လည်း ကောင်းသွားတာပေါ့။ ညအမိန့်ကို ကန့်သတ်လိုက်တာကတော့ ကျနော်တို့ရဲ့ လွတ်လပ်ခွင့်တွေကို ကန့်သတ်ရာရောက်သွားတာပေါ့။

ဦးလှသိန်း (ပြောရေဆိုခွင့်ရှိသူ၊ ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင်)

ညမထွက်ရအမိန့်ထုတ်ပြန်ရတာကတော့ လုံခြုံရေးကိုတာဝန်ယူထားတဲ့အဖွဲ့အစည်းတွေရဲ့ သဘောထားကို ကျနော်တို့စဉ်းစားရတယ်။ ထုတ်တာကတော့ မြို့နယ်ကပဲထုတ်တာ။ ထုတ်တယ်ဆိုတဲ့အခါ ကျနော်တို့ ပြည်နယ်အဆင့်က တပ်ပိုင်းဆိုင်ရာသဘောထား၊ လုံခြုံရေးတာဝန်ယူရတဲ့ ရဲပိုင်းဆိုင်ရာရဲ့သဘောထားတွေကို စုစည်းရတယ်။ လုံခြုံရေးအနေအထားက ဒီအတိုင်းပဲဆက်ထားရမှာလေ၊ လျော့ပေးရမှာလာဆိုတာ ကျနော်တို့ ပြည်နယ်အဆင့်မှာ လုံခြုံရေးလုပ်တဲ့အဖွဲ့တွေ၊ နောက် ကာကွယ်ပိုင်းမှာ တာဝန်ယူထားတဲ့ တပ်မတော်ရဲ့သဘောထားတွေကို ယူပြီးတော့ သဘောတူ၊ မတူကို ပြန်ကြားရတာ။ သဘောတူတယ်ဆိုမှ အမိန့်တွေကို ထပ်ထုတ်ရတာ။ ပြည်သူလူထုကနေပြီးတော့ ကျနော်တို့ဆီမှာ ဒေသအေးချမ်းနေတဲ့အတွက် ဒီညမထွက်ရအမိန့်ကို ရုပ်သိမ်းစေချင်တယ်ဆိုရင် သက်ဆိုင်ရာအဖွဲ့အစည်းကနေတဆင့် ပြည်နယ်တင်ပြနိုင်သလို သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကို သဘောထားတင်ပြနိုင်တယ်။

ဗီဒီယိုများ