ရွေးကောက်ပွဲကျင်းပခွင့် ပိတ်ပင်ခံရတဲ့ ပေါက်တော်မြို့နယ်က ကိုယ်စားလှယ်လောင်းတွေရဲ့ စကားသံ

UEC က ထုတ်ပြန်သည့် ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မြို့နယ်တွေထဲမှာ တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားမှုမရှိဘဲ နယ်မြေတည်ငြိမ်မှုရှိတဲ့ ပေါက်တောမြို့နယ်လည်း ပါဝင်နေတဲ့အပေါ် ဝေဖန်မှုတွေရှိနေပါတယ်။

23 Oct 2020

(ဓာတ်ပုံ - Zay Ngapali)

ရခိုင်ပြည်နယ်အတွင်းက တစ်မြို့နယ်လုံး ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မြို့နယ်(၉)ခုနဲ့ အခြားမြို့နယ် (၄)ခုမှာ ရပ်ကွက် ၁၅ ခုနဲ့ ကျေးရွာအုပ်စုပေါင်း ၁၃၇ အုပ်စုတို့မှာ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က အောက်တိုဘာလ ၁၆ ရက်နေ့မှာ ကြေငြာခဲ့ပါတယ်။

UEC က ထုတ်ပြန်သည့် ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မြို့နယ်တွေထဲမှာ တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားမှုမရှိဘဲ နယ်မြေတည်ငြိမ်မှုရှိတဲ့ ပေါက်တောမြို့နယ်လည်း ပါဝင်နေတဲ့အပေါ် ဝေဖန်မှုတွေရှိနေပါတယ်။
ပေါက်တောမြို့နယ်အတွင်းမှာ ရွေးကောက်ပွဲမကျင်းပတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၃ ဦး ရွေးကောက်ပွဲဝင်ပြိုင်ခွင့် ဆုံးရှုံးသွားခဲ့သလို မဲဆန္ဒရှင်ဦးရေ တစ်သိန်းတစ်သောင်းခန့်ဟာလည်း ဆန္ဒမဲပေးပိုင်ခွင့် ဆုံးရှုံးသွားခဲ့ပြီဖြစ်ပါတယ်။

အဲဒီကိစ္စနဲပတ်သက်ပြီး လာမယ့်ရွေးကောက်ပွဲမှာ ပေါက်တောမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားကြတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ အမြင်သဘောထားတွေကို DMG က စုစည်းတင်ပြလိုက်ပါတယ်။

(၁) ဦးအောင်ကျော်ထွီး (ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း)
ပေါက်တောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ၊ ရခိုင်အမျိုးသားပါတီ(ANP)

ပထမဆုံး UEC က ထုတ်ပြန်ချက်ကိုမြင်တဲ့အခါ ကျနော်တို့ အံသြမိတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ပေါက်တောမြို့နယ်ဟာ အခုဖြစ်နေတဲ့စစ်ပွဲကိုထား၊ မြန်မာနိုင်ငံ လွပ်လပ်ရေးရပြီးစ ကာလကတည်းကဖြစ်လာတဲ့ နှစ်ပေါင်း ၇၀ ကျော်တိုက်ပွဲထဲမှာ ပေါက်တောမှာ သေနတ်သံတစ်ချက်တောင် မကြားခဲ့ဘူး။ ဆိုတော့ ဒီလောက်တည်ငြိမ်အေးချမ်းနေတဲ့ မြို့တစ်မြို့ကို ရွေးကောက်ပွဲမကျင်းပဆိုပြီး UEC က ဆုံးဖြတ်လိုက်တာဟာ တကယ့်လက်တွေ့မြေမြင်နဲ့ သူတို့ထင်မြင်ယူဆတဲ့ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲတစ်ခု မဖြစ်လာဘူးဆိုပြီးတော့ ယူဆချက်မှာ အကုန်လုံးလွဲနေတယ်လို့ ပြောချင်တယ်။
အဓိက ကျနော်တို့ ပေါက်တောမြို့နယ်အပါအဝင် ရခိုင်ပြည်မြောက်ပိုင်းမှာ ရွေးကောက်ပွဲမကျ၊ နောက် အမ်းတို့၊ တောင်ကုတ်တို့မှာ ရွေးကောက်ပွဲမကျဘဲ တစ်ခြမ်းတစ်ခြမ်း ဖျက်သိမ်းတယ်လို့သိရတယ်။ ဆိုတော့ ကျနော်တို့ ပေါက်တောမြို့နယ်အပါအဝင် ဒီအထဲမှာရှိတဲ့ မဲဆန္ဒပေးပိုင်ခွင့်ရှိတဲ့ နိုင်ငံသားတိုင်းရဲ့အခွင့်အရေး ၅ နှစ်မှာ တစ်ခါရတဲ့ မိမိဆန္ဒနဲ့မိမိကိုယ်စားလှယ်ကို ရွေးချယ်ခွင့်ရှိတဲ့ အခွင့်အရေးတွေ ပြည်သူမှာ ဆုံးရှုံးတယ်။

အခု စစ်မက်ဖြစ်ပွားနေတဲ့ကာလနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်အစိုးရအနေနဲ့လည်း နိုင်ငံရေးဧရိယာတစ်ခုကို ပိုမိုကျယ်ပြန့်အောင် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ အခန်းကဏ္ဍတွေ၊ ပြည်တွင်းငြိမ်းချမ်းရေး အခန်းကဏ္ဍတွေကို ဇောင်းပေးပြီး နိုင်ငံရေးအရ အများကြီး အထောက်အကူပြုနိုင်တဲ့ ရွေးကောက်ပွဲအခင်းအကျင်းတွေနဲ့ တက်လာမှာဖြစ်တဲ့ ဒီမိုကရေစီနိုင်ငံရေးယဉ်ကျေးမှု၊ ပြည်သူကိုကိုယ်စားပြုတဲ့ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးပါတီတွေ ရှိနေဖို့ လိုအပ်တယ်ဆိုတဲ့ အခြေအနေတစ်ခုမှာ အခုလိုရွေးကောက်ပွဲကို ဖျက်သိမ်းလိုက်တဲ့အနေအထားဟာ ရွေးကောက်ပွဲကျင်းပတဲ့ ခေတ်အဆက်ဆက်မှာ ရခိုင်ကိုဗဟိုပြုတဲ့ ရခိုင်နိုင်ငံရေးပါတီတွေ လွှမ်းမိုးနိုင်ခဲ့တဲ့ အောင်နိုင်ခဲ့တဲ့နေရာတွေလည်းဖြစ်တယ်။ အခု ရွေးကောက်ပွဲမကျင်းပဘူးဆိုတဲ့အခါ သင်းကွက်လိုက်တာနဲ့တူတယ်။ အဓိက နစ်နာတာက ကျနော်တို့ ရခိုင်ပြည်သူလူထုဖြစ်တယ်။

(၂) ဦးအေးသာအောင် (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း)
ပေါက်တောမြို့နယ် မဲဆန္ဒနယ်အမှတ်(၄) ၊ ရခိုင့်ဦးဆောင်ပါတီ(AFP)

ပလက်ဝလို ဒီလောက်တိုက်ပွဲပြင်းထန်နေတဲ့ မြို့နယ်မှာတောင်မှ ရွေးကောက်ပွဲကျင်းပပြီးတော့ တိုက်ပွဲတစ်ကြိမ်မှမဖြစ်ဖူးတဲ့၊ တည်ငြိမ်အေးချမ်းနေတဲ့ ပေါက်တောမြို့နယ်မှာ ရွေးကောက်ပွဲမကျင်းမနိုင်ဘူး ဆိုတာကတော့ ရိုးသားမှုမရှိတဲ့ လုပ်ဆောင်ချက်လို့မြင်တယ်။ သတင်းမှားထုတ်ပြန်မိတာလား၊ တကယ်လို့ သတင်းမှားထုတ်ပြန်မိတယ်ဆိုရင်လည်း ရွေးကောက်ပွဲ အချိန်မီကျင်းပနိုင်အောင် အမြန်ဆုံးထုတ်ပြန်သင့်တယ်။

မဲပေးပိုင်ခွင့်က နိုင်ငံသားတိုင်းရဲ့အခွင့်အရေးပဲလေ။ UEC အနေနဲ့ ဒီလိုဆုံးဖြတ်တာကတော့ ရွေးကောက်ပွဲ မကျင်းပဖြစ်တဲ့ မြို့နယ်တွေက ပြည်သူတွေအတွက် နိုင်ငံသားအခွင့်အရေးက အတိုင်းအဆမရှိ နစ်နာတာပေါ့၊ လုံခြုံမှုမရှိဘူး၊ ဒါကြောင့် ရွေးကောက်ပွဲမလုပ်နိုင်ဘူးဆိုတာက ကျနော်တို့ ရခိုင်ပြည်သူတွေအတွက် လုံလောက်တဲ့အဖြေတော့ မဟုတ်ပါဘူး။ အပြုသဘောဆောင်တဲ့ အခြားနည်းလမ်းရှာပြီး ဖြေရှင်းသင့်တယ်။ နိုင်ငံရေးပါတီတွေ၊ အခြားအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးပြီးတော့ အဖြေရှာသင့်တယ်။ ဖြစ်နိုင်ရင် အခြား ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မြို့နယ်တွေကိုပါ ပြန်လည်ဆန်းစစ်ပြီးတော့ အပြုသဘောဆောင်တဲ့ နည်းလမ်းတွေနဲ့ ပြန်လည်ကျင်းပနိုင်အောင် စီမံသင့်တယ်။ ကျနော်တို့ ပေါက်တောမြို့နယ်မှာတော့ ဘာတိုက်ပွဲမှ ဖြစ်တာမရှိဘူး။ တကယ်လို့ UEC အနေနဲ့ ရွေးကောက်ပွဲ ပြန်လည်ကျင်းပမယ်ဆိုရင်တော့ အချိန်မဆွဲဘဲ ရွေးကောက်ပွဲအမီကျင်းပနိုင်ရန် စောလျင်စွာပြုလုပ်သင့်တယ်လို့ ထင်ပါတယ်။

(၃) ဦးကျော်ဇံသာ (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း)
ပေါက်တောမြို့နယ်မဲဆန္ဒနယ်အမှတ် (၄)၊ ရခိုင်အမျိုးသားပါတီ(ANP)

ကျနော်ကတော့ NLD အစိုးရတက်လာတဲ့နောက်ပိုင်းမှာ၊ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီဟာ အစိုးရဖွဲ့နိုင်လောက်အောင် မဲနိုင်ခဲ့တယ်။ ဒါပေမယ့် ဖွဲ့ခွင့်မပေးခဲ့ဘူး။ နောက်အခုတစ်ခါ ၂၀၂၀ မှာ ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့်တောင် မရတော့ဘူး။ ပြိုင်ခွင့်ရတဲ့ ကျောက်ဖြူတို့၊ တောင်ကုတ်တို့ ဆိုတာလည်း စည်ပင်ဥက္ကဋ္ဌရွေးတဲ့ အဆင့်လောက်တောင်မရှိဘူး။ အခုက ဒေါ်အောင်ဆန်းစုကြည်ပါတီဟာ ဒီမိုကရေစလမ်းကြောင်းကို လျှောက်နေတယ်လို့ပြောတယ်။ ကျနော်မြင်တာက ဒီမိုကရေစီဆိတ်သုန်းအောင် လုပ်နေတယ်လို့မြင်တယ်။ ပေါက်တောမြို့နယ်မှာဆိုရင် ကျနော်တို့ကလည်း ပြည်သူလူထုကို အတတ်နိုင်ဆုံးမဲပေးဖို့ မြန်မာနိုင်ငံမှာ လွှတ်တော်ဟာအမြင့်ဆုံး၊ လွှတ်တော်ကပြောမှ တရားဝင်တယ်၊ မြန်မာတစ်နိုင်ငံလုံးသာမက ကမ္ဘာကသိတယ်။ အဲဒါကြောင့် မဲပေးဖို့ အားလုံးကိုပြောပြတားတယ်။ ပြည်သူတွေကလည်း မဲမပေးရတဲ့အခါ ပိုပြီးစိတ်မကောင်းဖြစ်ရတယ်။ နောက်တစ်ခု စိုးရိမ်လာတာက ရခိုင်ပြည်မှာ သတ်ချင်သူကိုသတ်၊ ဖမ်းချင်သူကိုဖမ်း၊ နှိပ်စက်ချင်သူကိုနှိပ်စက် ဖြစ်နေတဲ့အချိန်မှာ လွှတ်တော်မှာ ကိုယ့်အမျိုးသားပါတီတွေက ပါတီကိုယ်စားလှယ်တွေမရှိရင် ဘယ်သူတွေကပြောမလဲ ဆိုတာကိုလည်း စိုးရိမ်နေကြတယ်။

(၄) ဦးအောင်သန်းထူး (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း)
ပေါက်တောမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ၊ ရခိုင်အမျိုးသားပါတီ(ANP)

ရွေးကောက်ပွဲကျင်းခွင့် မရတဲ့အထဲမှာ ပေါက်တောမြို့နယ်ပါတော့ ကျနော်တို့အံ့သြသွားတယ်။ ၂၀၂၀ ကာလ နောက်ဆုံးအခြေအနေကို ခန့်မှန်းကြည့်မယ်ဆိုရင် ပလက်ဝမြို့နယ်ဟာ ၂၀၂၀ အထဲမှာတောင်မှ တိုက်ပွဲအကြိမ်ပေါင်း ၉၀ ကျော်အထက်ကို ဖြစ်ပွားခဲ့တယ်လို့ မှတ်တမ်းတွေအရ ကျနော်တို့ သိရတယ်။ ဆိုတော့ ကျနော်တို့ပေါက်တောမြို့နယ်မှာ တိုက်ပွဲမပြောနဲ့ ကျည်တစ်လုံးပေါက်တယ်လို့တောင် မကြားဖူးဘူး။ နှစ်ပေါင်းများစွာငြိမ်းချမ်းနေတဲ့ ပြည်နယ်တစ်ခုလည်းဖြစ်တယ်။ ၂၀၂၀ ရွေးကောက်ပွဲကာလဟာ ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲတွေထက် ဒီအချိန်ကာလမှာ ပြည်သူတွေ ဆန္ဒသဘောတရားနဲ့ ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်တွေရဲ့လိုအပ်မှုဟာ အရင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေထက် လိုအပ်နေတဲ့ကာလလို့ ကျနော့်အနေနဲ့ယူဆတယ်။ အခုက ကျနော်တို့ရခိုင်ပြည်ဟာ မြန်မာတစ်နိုင်ငံလုံးမှာ အဆိုးရွားဆုံး စစ်ပွဲဖြစ်နေတဲ့ အခြေအနေဖြစ်တယ်။ အရပ်သားပြည်သူတွေ သေဆုံးမှုဟာလည်း တိုက်ပွဲဖြစ်ပွားတဲ့ ၂၀၁၈ ၊ ၂၀၂၀ ကာလအတွင်းမှာ ရခိုင်ပြည်မှာ အရပ်သားပြည်သူ ၃၀၀ ကျော် သေဆုံးနေပြီဖြစ်တယ်။ အခုလို ပြည်သူတွေနစ်နာမှု၊ ဒုက္ခခံစားနေရတဲ့ အခြေအနေတွေကို ပြည်သူကိုယ်စားလှယ်တွေအနေနဲ့ မြန်မာနိုင်ငံထဲမှာဖြစ်စေ၊ ကမ္ဘာကိုသော်လည်းကောင်း တင်ပြဖို့အတွက် အရေးတကြီး လိုအပ်နေတဲ့အချိန်ဖြစ်တယ်။ နစ်နာမှုတွေ အများကြီးရှိတယ်။ အဓိကတော့ ကျနော်တို့ ရခိုင်ပြည်သူတွေက နစ်နာတာပဲဖြစ်တယ်။

ဆက်စပ်ဖတ်ရှုရန်

ဗီဒီယိုများ