ရွေးကောက်ပွဲ ကျင်းပမည့် မြို့နယ် ၇၀ ရာခိုင်နှုန်းကျော်တွင် စစ်ရေးပဋိပက္ခရှိနေ၍ လူထုအန္တရာယ် များနိုင်

စစ်ကောင်စီက ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပမည်ဟု ကြေညာထားသည့် မြို့နယ်ပေါင်း ၁၀၂ ခု၏ ၇၀ ရာခိုင်နှုန်းကျော်တွင် စစ်ရေးပဋိပက္ခဖြစ်စဉ်များ ရှိနေ၍ ၃၀ ရာခိုင်နှုန်းသာ စစ်ရေးပဋိပက္ခကင်းစင်သော နယ်မြေဖြစ်ကြောင်း နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ (BNI)၏ အပတ်စဉ် သုံးသပ်ချက်စာစောင်က ဖော်ပြသည်။

By Admin 28 Aug 2025

၁၀၂၇ ပထမလှိုင်းအတွင်း အောင်ပွဲခံနေသော အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ ဓာတ်ပုံ - 3 Brotherhood Alliance
၁၀၂၇ ပထမလှိုင်းအတွင်း အောင်ပွဲခံနေသော အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ ဓာတ်ပုံ - 3 Brotherhood Alliance

DMG ၊ ဩဂုတ် ၂၈

စစ်ကောင်စီက ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပမည်ဟု ကြေညာထားသည့် မြို့နယ်ပေါင်း ၁၀၂ ခု၏ ၇၀ ရာခိုင်နှုန်းကျော်တွင် စစ်ရေးပဋိပက္ခဖြစ်စဉ်များ ရှိနေ၍ ၃၀ ရာခိုင်နှုန်းသာ စစ်ရေးပဋိပက္ခကင်းစင်သော နယ်မြေဖြစ်ကြောင်း နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ (BNI)၏ အပတ်စဉ် သုံးသပ်ချက်စာစောင်က ဖော်ပြသည်။

ထိုမြို့နယ်များတွင် စစ်ကောင်စီက ရွေးကောက်ပွဲအပိုင်း (၁) ကျင်းပခြင်းသည် ပြည်သူလူထုအပါအဝင် ရွေးကောက်ပွဲဖြစ်စဉ်အတွင်း ပါဝင်ပတ်သက်သူများအတွက် လုံခြုံရေးအရ အလွန်အန္တရာယ်များကြောင်း BNI က သုံးသပ်ထားသည်။

"၁၀၂ မြို့နယ်ကို ကြည့်မယ်ဆိုရင် အဲဒီမြို့နယ်တွေက မြို့နယ်ပေါင်း ၇၂ မြို့နယ်ဟာ စစ်ရေးပဋိပက္ခ ဖြစ်စဉ်တွေရှိတယ်။ ဆိုလိုချင်တာ စစ်ရေးပဋိပက္ခကြောင့် မလုံခြုံဘူး၊ ဒီလိုခြုံရေး၊ မလုံခြုံရေးက စစ်အုပ်စု (စစ်ကောင်စီ)အတွက် အဓိက မကျဘူး၊ ဒါကြောင့် သူက ရွေးကောက်ပွဲလုပ်မယ်" ဟု BNI-Myanmar Peace Monitor တာဝန်ခံ ကိုနှင်းကိုက ပြောသည်။

ရွေးကောက်ပွဲ ကျင်းပမည့် နယ်မြေထဲမှ မြဝတီ၊ ကလေး၊ နောင်ချို၊ မူဆယ်၊ လွိုင်ကော်၊ မုံရွာ၊ ထားဝယ်၊ ဟုမ္မလင်း၊ ကျိုက်တို၊ တမူး၊ ဟားခါး၊ တီးတန်နှင့် ကျောက်ဖြူစသည့်မြို့နယ်များမှာ စစ်ရေးပဋိပက္ခဖြစ် စဉ်ပေါင်း ၅၀ မှ ၁၇၀ ကျော်ထိ တွေ့ရ၍ ထိုဒေသများတွင် မြို့ပေါ်ရပ်များတွင်သာ စစ်ကောင်စီ ရွေးကောက်ပွဲကျင်းပနိုင်ရေး ဖြစ်နိုင်ခြေရှိသည်ဟု BNI က ဆိုသည်။

ထိုကြောင့် စစ်ကောင်စီ ရွေးကောက်ပွဲကျင်းပမည့် အစီအစဉ်သည် ပြည်သူများ လွတ်လပ်စွာ၊ လုံခြုံစွာ မဲပေးနိုင်ရေးမှာ ဦးစားပေးအဖြစ်ရှိမနေဘဲ အမည်ခံရွေးကောက်ပွဲ တစ်ရပ်ကျင်းပရေးသာ ပဌာနဖြစ်နေကြောင်း BNI က ရှုမြင်သည်။

ရွေးကောက်ပွဲက ဖြစ်မှာသေချာသဖြင့် စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲက အတုယောင်၊ အသိမှတ် ပြုမှု/မပြုမှုက အဓိကမကျဘဲ ရွေးကောက်ပွဲအလွန် နိုင်ငံရေးအရွေ့၊ ရွေးကောက်ပွဲမတိုင်မီ တော်လှန်ရေးအင်အားစုများဘက်မှ မည်သို့လှုပ်ရှားမှုများ ဖြစ်လာမည်နည်းဆိုသည်က အရေးကြီးကြောင်း လေ့လောသူများ ဆိုကြသည်။

"တော်လှန်ရေးအင်အားစုက ဘာတွေလုပ်ဆောင်ထားမှုတွေ ရှိနေသလဲ၊ ဘယ်လိုပြင်ဆင်ထားနေသလဲ၊ တပ်ပေါင်းစုံလိုမျိုး ဖွဲ့စည်းနိုင်မလားဆိုတဲ့ မေးခွန်းမျိုးတွေလည်း ရှိနေတယ်။ လောလောဆယ် ကျမတို့ စောင့်ကြည့်ထားမိသလောက်ကို သုံးသပ်ရရင် တိကျသေချာတဲ့ နည်းမျိုးဟာတစ်ခုကို မတွေ့ရသေးဘူး။ ဘာတွေလုပ်ဆောင်သွားမလဲဆိုတဲ့ နိုင်ငံရေးလမ်းပြမြေပုံနဲ့ နိုင်ငံရေးဗျူဟာ တစ်ခုကို သေသေချာချာ ချမှတ်ပြီး အများပြည်သူသိအောင် တော်လှန်ရေးအင်အားစုအားလုံးသိအောင် ကြေညာတာ မတွေ့သေးဘူး" ဟု BNI အဖွဲ့၏ မန်နေရှင်း ဒါရိုက်တာ ဒေါ်တင်တင်ညိုက ဩဂုတ် ၂၆ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပုံဖော်ခြင်း - ရည်ညွှန်းအကိုးအကား စာအုပ်မိတ်ဆက်ပွဲ၌ ပြောကြားခဲ့သည်။

လာမည့် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲအပိုင်း (၁) ကို မြို့နယ်ပေါင်း ၁၀၂ ခုတွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု စစ်ကောင်စီကြေညာထားပြီး ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် သေဒဏ်အထိအပြစ် ပေးနိုင်သော ဥပဒေကိုပါ ပြဌားန်ထားခြင်းဖြစ်သည်။