ရွေးကောက်ပွဲ အခင်းအကျင်းနှင့် ရခိုင်ပြည် စစ်ရေးအလားအလာ

စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သော ရခိုင်ပြည်ရှိ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် ၃ မြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်းတစ်ကို ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လာသည်။

By Admin 21 Aug 2025

၂၀၂၀ ရွေးကောက်ပွဲကာလတွင် ကြံ့ခိုင်ရေးပါတီမှ မဲဆွယ်စည်းရုံးသည့် မြင်ကွင်းအား တွေ့ရစဉ်။
၂၀၂၀ ရွေးကောက်ပွဲကာလတွင် ကြံ့ခိုင်ရေးပါတီမှ မဲဆွယ်စည်းရုံးသည့် မြင်ကွင်းအား တွေ့ရစဉ်။

DMG ၊ ဩဂုတ် ၂၁

စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သော ရခိုင်ပြည်ရှိ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် ၃ မြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်းတစ်ကို ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လာသည်။

စစ်ကောင်စီသည် ရွေးကောက်ပွဲ ပထမပိုင်းအတွက် နိုင်ငံအနှံ့က ၎င်းတို့ ထိန်းချုပ် မြို့နယ် ၁၀၂ ခု သတ်မှတ်ထားပြီး ယင်းအထဲတွင် ရခိုင်က မြို့နယ် ၃ ခုကို ကနဦး စာရင်းတွင် ထည့်သွင်းထားသည်။

သို့သော် ကျောက်ဖြူမြို့နယ်တွင် နှစ်ဘက်တိုက်ပွဲ ပြင်းထန်နေပြီး စစ်တွေတွင် စစ်ရေးတင်းမာနေသည်။ စစ်တွေ၊ ကျောက်ဖြူမြို့နယ်တွင် ကျေးရွာအများစုကို အာရက္ခတပ်တော် (AA)က သိမ်းပိုက်ထားပြီး မြို့ပေါ် ရပ်ကွက်များကို စစ်ကောင်စီက ထိန်းချုပ်ထားသည်။

ထိုသို့ အပြိုင်အဆိုင် နေရာထိန်းမှုနှင့်အတူ ရွေးကောက်ပွဲကာလတွင် စစ်ကောင်စီက လုံခြုံရေးနှင့် နယ်မြေစိုးမိုးမှုကို ပြသရန် နှစ်ဘက်ထိတွေ့တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ခြေရှိကြောင်း နိုင်ငံရေး/စစ်ရေး လေ့လာသူများက သုံးသပ်နေကြသည်။

" ရွေးကောက်ပွဲ မတိုင်ခင်ကာလမှာ အဓိက ကျောက်ဖြူမှာ စစ်တပ်ဘက်နေ တိုက်ပွဲတွေ ရှိလာမယ်။ ဒါကြောင့် နှစ်ဘက်ထိတွေ့မှုတွေတော့ ဒီကြားထဲမှာ ဆက်ရှိနေမယ့် အနေအထားတွေ့ရတယ်။ စစ်တွေနဲ့ မာန်အောင်မှာတော့ ရွေးကောက်ပွဲပြုလုပ်မယ့် ကာလမှာ တိုက်ပွဲအေးသွားမယ်လို့တော့ မှန်းဆရတယ်။ ပထမ အသုတ်ပြီးသွားရင် ကျန်တဲ့ ၁၄ မြို့နယ် အရှက်ပြေ လုပ်ရမယ်ဆိုတော့ ပထမရွေးကောက်ပွဲ ကာလကနေ စပြီးတော့ စစ်တပ်ကနေ စစ်ရေးလှုပ်ရှားမှုတွေ တွေ့လာရမယ့် အနေအထားမျိုးရှိတယ် " ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

လက်ရှိ စစ်မြေပြင်များ

လက်ရှိ ကျောက်ဖြူတိုက်ပွဲများသည် လိပ်ခမော်၊ ကုလာဘာ၊ မလကျွန်းကျေးရွာအနီးတဝိုက်တွင် ပြင်းထန်နေပြီး ကျောက်ဖြူမြို့နယ်အတွင်း AA သိမ်းပိုက်ထားသည့် နယ်မြေများကို စစ်ကောင်စီက အင်အားလုံးအရင်းနှင့် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

ထိုသို့ တိုက်ပွဲပြင်းထန်မှုများကြောင့် ကျောက်ဖြူမြို့နယ်မှ မင်းပြင်၊ ကျောက်ပြောက်နှင့် ရေနံတောင် စသည့် ကျေးရွာများက ဒေသခံများမှာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရသည်။ စစ်ကောင်စီသည် လက်နက်ကြီး၊ ဒရုန်းနှင့် နေဗီများမှ ပစ်ခတ်မှုများရှိနေကြောင်း သိရသည်။

အလားတူ စစ်တွေမြို့နယ်တွင်လည်း နှစ်ဘက် စစ်ဆိုင်ထားပြီး လက်နက်ကြီးများ မကြာခဏ ပစ်ခတ်မှုများ ရှိနေကြောင်း သိရသည်။

လက်ရှိတွင် စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းအစပ်ရှိ နေရာများတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီး ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ကင်းထောက်ခြင်း ပြုလုပ်လာနေသဖြင့် ဒေသခံများမှာ လုံခြုံရေး စိုးရိမ်နေကြသည်။

အာရက္ခတပ်တော်ကလည်း စစ်တွေနှင့် တစ်ဖက်တစ်ကမ်းနေရာများတွင် စစ်ကောင်စီ တပ်စခန်းများနှင့် စစ်ဆိုင်ပြီး အဆင့်အနေအထားရှိသဖြင့် အချိန်မရွေး တိုက်ပွဲများ ပြင်းထန်စွာဖြစ်နိုင်ကြောင်း ပြောဆိုကြသည်။

ယင်းအပြင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက ရေတပ်အင်အားတိုးချဲ့မှုများ လုပ်လာနေပြီး စစ်တွေပွိုင့်ကမ်းခြေနှင့် ပင်လယ်ပြင် အပါဝင် ကုလားတန်မြစ်ဝ တလျှောက်တို့၌ စစ်သင်္ဘော ၁၀ ကျော် အထိ သွားလာလှုပ်ရှားမှုရှိနေကြောင်း ဒေသခံများက ပြောသည်။

ရွေးကောက်ပွဲ လှုပ်ရှားမှု အရိပ်အယောင်များ

လက်ရှိ မာန်အောင်မြို့နယ်တွင်မူ ရွေးကောက်ပွဲအတွက် ကြံ့ခိုင်ရေးပါတီက ဦးဆောင်ပြီး ပါတီအကြောင်း ရွေးကောက်ပွဲအကြောင်းကို ဒေသခံများထံ ရှင်းပြမှုများ၊ စည်းရုံးမှုများ ရှိနေကြောင်း သိရသည်။

ရွေးကောက်ပွဲအတွက် မာန်အောင် ဒေသခံများကို စည်းရုံးရန်၊ ရှင်းပြရန် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖွင့်ပေးရန် ဦးဘရှိန်ဦးဆောင်သည့် RNP ပါတီက တောင်းဆိုထားကြောင်း သိရသည်။ ကျောက်ဖြူတွင် ရခိုင်တိုင်းရင်းသားများပါတီ (RNP) ရုံးကို ဦးဘရှိန်နေအိမ်တွင် ဖွင့်လှစ်ထားသော်လည်း စည်းရုံးရေးလုပ်ငန်းများ မတွေ့ရသေးကြောင်း ဒေသခံများက ပြောသည်။

အလားတူ စစ်တွေမြို့တွင် ဌာနဆိုင်ရာများတွင် ရွေးကောက်ပွဲအကြောင်း မဲရုံများကြောင်းကို ရှင်းပြမှုများ ရှိသော်လည်း နိုင်ငံရေးပါတီ ရုံးများ ဖွင့်လှစ်ခြင်းမရှိသေးသည့်အပြင် မြို့ခံများအပေါ် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် စည်းရုံးလှုပ်ရှားမှုများ တစ်စုံတစ်ရာ မတွေ့ရသေးကြောင်း ပြောကြသည်။

စစ်တွေဒေသခံ အမျိုးသားတစ်ဦးက "အခုရွေးကောက်ပွဲဟာ နိုင်ငံတကာစာမျက်နှာအတွက် လူထုကိုယ်စားပြုတဲ့ အစိုးရယောင်ယောင် ဟန်ပြပြီးတော့မှ နိုင်တကာဖိအားတွေကို လျှော့ချပြီး တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ နယ်မြေတွေ ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် အားယူတဲ့ သဘောလို့ မြင်ပါတယ် " ဟု ဆိုသည်။

လက်ရှိ ရွေးကောက်ပွဲပြုလုပ်မည့် မြို့နယ်များတွင် တိုက်ပွဲဖြစ်ပွားမှုများ၊ စစ်ရေးလှုပ်ရှားမှုများနှင့် ဒေသခံများ မြို့ပြင်ထွက် ရှာဖွေစားသောက်ခြင်း၊ အလုပ်လုပ်ကိုင်ခြင်းတို့ကို စစ်ကောင်စီက ပိတ်ဆို့မှုများကြောင့် ဒေသခံများမှာ စားဝတ်နေရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေကြရသည်။

ယခုကဲ့သို့ ပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြရချိန်၊ စားဝတ်နေရေးအတွက် ရုန်းကန်နရချိန်တွင် ရွေးကောက်ပွဲပြုလုပ်လျှင်လည်း တရားမျှတသည့် ရွေးကောက်ပွဲ မဖြစ်လာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

" စစ်ကောင်စီ ထိန်းချုပ်ထားတဲ့နေရာမှာ မြို့နယ်တစ်ခုလုံး မဟုတ်ဘဲ မြို့ပေါ်ရပ်ကွက်တွေလောက်ပဲ ရှိတယ်။ သူတို့ လုပ်ရင်လည်း တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာ မဟုတ်ဘူး။ ဝမ်းရေးအတွက် ရုန်းကန်နေရချိန်မှာ လုပ်တဲ့ ရွေးကောက်ပွဲကို ဘယ်လိုမှ စိတ်ဝင်းစားကြမှာ မဟုတ်ဘူး။ မဲလည်း ဒီလောက်ထိရမှာ မဟုတ်ဘူး " ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်နေသူ ရခိုင်အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် ရခိုင့်ဦးဆောင်ပါတီ (AFP)၊ ရခိုင်တိုင်းရင်းသားများပါတီ (RNP)၊ ရခိုင်ပြည်နယ် အမျိုးသား အင်အားစုပါတီ(RSNUP)၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီနှင့် မြိုတိုင်းရင်း သားဖွံ့ဖြိုးရေးပါတီ (MNDP) တို့သည် စစ်ကောင်စီထံ ပါတီမှတ်ပုံတင်ခွင့်ရထားသည်။

သို့သော် မြို့နယ်ပေါင်း ၁၇ မြို့နယ်ရှိသော ရခိုင်ပြည်တွင် အာရက္ခတပ်တော်သည် ၁၄ မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ၎င်းတို့ ထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲပြုလုပ်ခွင့်ပြုမည် မဟုတ်ကြောင်း AA က အတိအလင်း ပြောဆိုထားသည်။