ရခိုင်တွင် ရွေးကောက်ပွဲကျင်းပရန် AA နှင့် ဆွေးနွေးသင့်သလား

ရခိုင်ပြည်နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက ရက္ခိုင့်တပ်တော်(AA)နှင့်ညှိနှိုင်းလျှင် ပူးပေါင်းဆောင်ရွက်သွားမည်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧရာဝတီသတင်းဌာနသို့ ပြောဆိုထားသည်။ ထိုသို့ ပြောဆိုချက်နှင့်ပတ်သက်ပြီး ပါတီအသီးသီးနှင့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတစ်ချို့၏ အမြင်ကို DMG က ဆက်သွယ်မေးမြန်းထားသည်။

By ကျော်သူဋ္ဌေး 20 Dec 2019

“ ဘာပဲဖြစ်ဖြစ် ရခိုင်ပြည်ထဲမှာ AA ရဲ့ သြဇာလွှမ်းမိုးမှုဟာ တစ်စုံတစ်ခု သက်ရောက်နေပြီးသားဖြစ်တယ်။ ငြင်းလို့မရဘူး။ ရခိုင်လူထုအကျိုးစီးပွားကို ရှေ့ရှုမယ်ဆိုရင် လက်ရှိအစိုးရရဲ့ ရွေးကောက်ပွဲလုပ်နေတဲ့ ရွေးကောက်ပွဲကော်မရှင်က ဒီဟာကို စဉ်းစားဖို့သင့်တယ်။ ”

ရခိုင်ပြည်နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက ရက္ခိုင့်တပ်တော်(AA)နှင့်ညှိနှိုင်းလျှင် ပူးပေါင်းဆောင်ရွက်သွားမည်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧရာဝတီသတင်းဌာနသို့ ပြောဆိုထားသည်။ ထိုသို့ ပြောဆိုချက်နှင့်ပတ်သက်ပြီး ပါတီအသီးသီးနှင့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတစ်ချို့၏ အမြင်ကို DMG က ဆက်သွယ်မေးမြန်းထားမှုကို ဖော်ပြလိုက်သည်။

ကျော်သူဌေး ဆက်သွယ်မေးမြန်းသည်။

ဒေါက်တာမျိုးညွန့်(NLD ပြောရေးဆိုခွင့်ရှိသူ)

အဲဒီတောင်းဆိုချက်က လက်ရှိနိုင်ငံရေး အခြေအနေနဲ့ဆိုရင် မသင့်တော်ပါဘူး။ အဲ့ဒီလို ဆောင်းဆိုလိုက်ခြင်းအားဖြင့် နိုင်ငံရေး ပြဿနာတွေ ပိုမိုရှုပ်ထွေးလာနိုင်ပါတယ်။ ရခိုင်ပြဿနာက နိုင်ငံရေး ပြဿနာဖြစ်တယ်။ နိုင်ငံရေးပြဿနာဖြစ်တော့ နိုင်ငံရေးနည်းနဲ့ပဲ ကျနော်တို့ဖြေရှင်းစေချင်ပါတယ်။ အခုလို အင်အားသုံးပြီးတော့ တောင်းဆိုလာတယ်ဆိုရင် နိုင်ငံအတွင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေ ပိုဖြစ် လာမယ်။ဒေသတွင်းမှာ နေတဲ့ရခိုင်ပြည်သူ၊ပြည်သားတွေလည်း ပိုပြီးတော့ ဆင်းရဲဒုက္ခရောက်ကြမှာပါ။ ဒီလို လက်ရှိအခြေအနေနဲ့ကိုက်ညီမှုမရှိတဲ့ တောင်းဆိုမှုတွေကို မလုပ်သင့်ဘူးလို့ကျနော်တို့ထင်ပါတယ်။

ဦးခိုင်ပြည်စိုး (ရခိုင်အမျိုးသားပါတီ(ANP) ၊ အထွေထွေအတွင်းရေးမှူး)

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြောတာက အစိုးရကို ပြောတဲ့သဘော သက်ရောက်တယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် သူပြောတဲ့စကားကို နားထောင်ကြည့်တဲ့အခါမှာ ရခိုင်မှာလည်း စစ်မြေပြင်က တော်တော်လည်း ကျယ်ပြန့်သွားပြီ။

ကျယ်ပြန့်သွားတဲ့အတွက်ကြောင့် တကယ်လို့ရွေးကောက်ပွဲ ကျင်းပမယ်ဆိုလို့ရှိရင် AA နဲ့မညှိနှိုင်းလို့တော့ မရဘူး။ နှစ်ဖက်စလုံး အပစ်အခတ်ရပ်စဲထားမှသာ ဒီရွေးကောက်ပွဲ လုပ်လို့ရမယ်။ အပစ်အခတ် မရပ်စဲဘဲ ရွေးကောက်ပွဲ လုပ်မယ်ဆိုလို့ ရှိရင် ရွေးကောက်ပွဲဟာ ဘာမှအကြောင်းထူးလာဖို့မမြင်ဘူး။ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းနယ်ကလူတွေက အားလုံးက စစ်ဘေးရှောင်စခန်းမှာ ရောက်သွားကြပြီ။ အခုလို ညှိနှိုင်းမှုမရှိပဲနဲ့ရွေးကောက်ပွဲလုပ်မယ်ဆိုရင် စစ်ရှောင်စခန်းက လူတွေ ဘယ်နားမှာ သွားပြီး မဲထည့်မလဲ။ အဲဒီပြဿနာရှိတယ်။

အဲဒါကြောင့် အမှန်တကယ်နှစ်ဖက်စလုံးက အပစ်အစဲရပ်ထားဖို့လိုတယ်။ ကော်မရှင်က သော်လည်းကောင်း၊ အစိုးရကသော်လည်းကောင်း ဒီရွေးကောက်ပွဲကို တရားမျှတသော ရွေးကောက်ပွဲတစ်ခု ဖြစ်ဖို့အတွက် နှစ်ဖက်စလုံး ညှိနှိုင်းဖို့လိုအပ်တယ်လို့ကျနော်မြင်တယ်။

ဒေါ်ခင်စောဝေ (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

သူလည်း သူ့ရဲ့ယုံကြည်ချက်၊ ထင်မြင်ချက်နဲ့ ပြောတာဖြစ်တယ်။ ဆရာမတို့အနေနဲ့က စောင့်ကြည့်ရဖို့ဖြစ်တယ်။ တကယ်လို့ရွေးကောက်ပွဲ မရှိလို့ရှိရင် ရခိုင်ပြည်နယ်ရဲ့ ရင်ဆိုင်ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေ၊ ပြဿနာတွေကိုလည်း ထည့်တွက်ရမယ်။ ဥပမာ ကျွန်မတို့ ပြောနေကြတဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို တည်ထောင်ဖို့အတွက် ကျွန်မတို့က ကြိုးစားနေတာဖြစ်တယ်။ မိမိရဲ့ဒေသမှာ မိမိရဲ့ဝန်ကြီးချုပ်ဖြစ်ဖို့အတွက် ရွေးကောက်ပွဲမှာအနိုင်ရမယ့် ကိုယ်စားလှယ် အများကြီးလိုအပ်တာတွေလည်း ကျွန်မတို့ အရင်ခေါက်ကတည်းက တည်ဆောက်ခဲ့ကြတယ်။

တကယ်လို့သာ ရွေးကောက်ပွဲ မရှိလို့ရှိရင် ရခိုင်ပြည်နယ်က လွှတ်တော်သည်လည်း မှေးမှိန်သွားနိုင်တယ်။ လွှတ်တော်အသံတွေ ပျောက်သွားနိုင်တယ်။ နောက်ပြီး ပြည်သူ့အသံတွေကို ကိုယ်စားပြုပြောဆိုတဲ့ နိုင်ငံရေးသမားတွေလည်း ပျောက်သွားနိုင်တယ်။ အဲဒါကြောင့် ဖြစ်လာမယ့်အပေါ်မှာ ကျွန်မတို့က ကြည့်ရမှာဖြစ်တယ်။ ရခိုင်ပြည်မှာ ဘယ်လိုမျိုး အကောင်အထည် ပေါ်လာမလဲ။

ဗိုလ်ချုပ်တို့ကတော့ သူတို့ရဲ့ ယုံကြည်ချက်တွေလည်း ရှိမယ်။ ကိုယ်တို့တွေက ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် အလုပ်လုပ်ကြတာကိုး။ ဆရာမတို့ကလည်း ဖက်ဒရယ်ဒီမိုကရေစီ တည်ထောင်မယ်ဆိုပြီး လွှတ်တော်ကို ဝင်လာတာ ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် ဆရာမတို့ကတော့ ကိုယ့်ရခိုင်ပြည်အတွက် အကောင်းဆုံး အခင်းအကျင်းတစ်ခုတော့ ဖြတ်သန်းသွားချင်တယ်လို့ပြောချင်ပါတယ်။

ဦးခိုင်ကောင်းစံ (ရခိုင်ပြည်နယ် ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဒီဟာက အမှန်တကယ် သဘာဝကျတဲ့ ပြောဆို ချပြမှုဖြစ်တယ်။ ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ်ကနေပြီးတော့ ရခိုင်ပြည်မှာ ရွေးကောက်ပွဲကျင်းပမယ်ဆိုလို့ရှိရင် ရက္ခိုင့်တပ်တော် (AA)နဲ့ ညှိနှိုင်း ဆွေးနွေးရမယ်ဆိုတာက အမှန်တကယ် ဖြစ်ရပ်တစ်ခုဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ရေးတင်းမာမှုတွေ ဖြစ်ပေါ်နေမယ်ဆိုရင် ရွေးကောက်ပွဲတွေကလည်း ဖြစ်မှာမဟုတ်ဘူး။ ကျနော်တို့ စိုးရိမ်တာက နိုင်ငံရေးအရ အစိုးရအနေနဲ့ဒီဆွေးနွေးပွဲတွေကို မလုပ်၊ အပြန်အလှန် အသိအမှတ်ပြုမှုတွေ မလုပ်လို့ ရှိရင် တစ်ဖက်မှာ ရခိုင်လူထုတွေ ရွေးချယ်မယ့် နိုင်ငံရေး ပါတီတွေ လွှတ်တော်ရဲ့ အခန်းကဏ္ဍသည်လည်း ပျောက်ကွယ်လာနိုင်တယ်။

တပ်မတော် အနေနဲ့သော်လည်းကောင်း၊ အစိုးရ အနေနဲ့သော်လည်းကောင်း၊ နောက်ဆုံး ရခိုင်ပြည်နယ်အစိုးရ အနေနဲ့ သော်လည်းကောင်း ရက္ခိုင့်တပ်တော် (AA) နဲ့ဆွေးနွေးညှိနှိုင်းဖို့ လိုအပ်တယ်။ အမှန်တကယ် သဘာဝကျတဲ့ ဆွေးနွေးမှုလူထုကို ချပြမှုလို့ မြင်တယ်။ အဓိကတော့ ဒီမိုကရေစီနိုင်ငံကို သွားမယ်ဆိုလို့ရှိရင် ရွေးကောက်ပွဲက မရှိမဖြစ်လိုအပ်တယ်။ ရွေးကောက်ပွဲကလည်း တရားမျှတမှုကျတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုအပ်တယ်။ ရွေးကောက်ပွဲကို နေရာချန်လှပ်ပြီး လုပ်မှာထက် နေရာတိုင်း၊ မြို့နယ်တိုင်းမှာ ရွေးကောက်ပွဲ ကျင်းပနိုင်အောင် ညှိနှိုင်းဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။

ဦးလှမြင့် (ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)၊ ပြောရေးဆိုခွင့်ရှိသူ)

ကျနော့်ရဲ့ တစ်ဦးချင်း ထင်မြင်ချက်ကတော့ အခုကိစ္စမှာ AA ကနေပြီးတော့ ကြေငြာချက်တွေ ထွက်တယ်။ အခွန်ပေးရမယ်ဆိုပြီးတော့ ကိစ္စလည်းထွက်တယ်။ အဖွဲ့အစည်းတစ်ခု ဖွဲ့မယ် ဆိုပြီးတော့လည်း ထွက်တယ်။ တတိယ ဒီကိစ္စထွက်လာတာက တစ်ခုနဲ့ တစ်ခု ဆက်စပ်မှု ရှိနေတယ်။

ဆက်စပ်မှုရှိရတဲ့ အကြောင်းအရင်းကလည်း သူတို့ဟာ သြဇာလွှမ်းမိုးမှု တစ်စုံတစ်ခု နယ်မြေထဲမှာ သက်ရောက်နေပြီ။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် အစိုးရတစ်ရပ်ရဲ့ လုပ်ဆောင်မှုတွေကို သူတို့လုပ်နေပြီ ဆိုတာကို ဖော်ပြတာလို့ မြင်တယ်။ ဒီကိစ္စမှာ ပြည်သူလူထုရဲ့ အကျိုးကျေးဇူးကို ရှေ့ရှုမယ်ဆိုရင် လက်ရှိအစိုးရက သူတို့ပြောတာကို စဉ်းစားသင့်တယ်။ တစ်နည်းအားဖြင့် ပြောရရင် ဆွေးနွေးသင့်တယ်။ အသိအမှတ်ပြုသင့်တယ်လို့ပြောချင်တယ်။

ဘာပဲဖြစ်ဖြစ် ရခိုင်ပြည်ထဲမှာ AA ရဲ့ သြဇာလွှမ်းမိုးမှုဟာ တစ်စုံတစ်ခု သက်ရောက်နေပြီးသားဖြစ်တယ်။ ငြင်းလို့မရဘူး။ ရခိုင်လူထုအကျိုးစီးပွားကို ရှေ့ရှုမယ်ဆိုရင် လက်ရှိအစိုးရရဲ့ ရွေးကောက်ပွဲလုပ်နေတဲ့ ရွေးကောက်ပွဲကော်မရှင်က ဒီဟာကို စဉ်းစားဖို့သင့်တယ်။

ဗီဒီယိုများ