ဒေါက်တာအေးမောင်နှင့် ဆက်သွယ်မေးမြန်းခြင်း

နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မတို့ဖြင့် ထောင်ဒဏ်နှစ်(၂၀) ချမှတ်ခဲ့ရသည့် ဒေါက်တာအေးမောင်သည် ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင်ကျရောက်ခဲ့သည့် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။

By DMG 15 Feb 2021

"တိုင်းရင်းသားတွေက နားကို နှစ်ဖက်စွင့်နေရတဲ့ အခြေအနေဖြစ်တယ်ဆိုတာ နားလည်တယ်။"

နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မတို့ဖြင့် ထောင်ဒဏ်နှစ်(၂၀) ချမှတ်ခဲ့ရသည့် ဒေါက်တာအေးမောင်သည် ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင်ကျရောက်ခဲ့သည့် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းက ရသေ့တောင်မြို့တွင်ပြုလုပ်ခဲ့သည့် ရခိုင့်ဘုရင်နိုင်ငံတော် အချုပ်အခြာအာဏာကျရှုံးခြင်း ဝမ်းနည်းဖွယ်အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ဒေါက်တာအေးမောင်၏ ဟောပြောချက်များသည် ဥပဒေဖြင့်ငြိစွန်းသည်ဟုဆိုကာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ယင်းနောက် ၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ- ၁၂၂ ၊ နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မ - ၅၀၅(ခ)တို့ဖြင့် စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ်နှစ်(၂၀) ချမှတ်ခံခဲ့ရသည်။
လက်ရှိတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာပြီဖြစ်သော ဒေါက်တာအေးမောင်အနေဖြင့် ရှေ့ဆက် လျှောက်လှမ်းမည့်အခြေအနေများနှင့် လက်ရှိနိုင်ငံရေးအခင်းအကျင်းအပေါ် သုံးသပ်ချက်တို့ကို DMG က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ အခုလို လွတ်မြောက်လာတဲ့အပေါ်မှာ ဒေါက်တာအေးမောင်အနေနဲ့ ဘာပြောချင်လဲ။

ဖြေ။ လွတ်လာတော့ဝမ်းသာတာပေ့ါဗျာ။ လွတ်လာတော့ ကျေးဇူးတင်ရမှာတွေလည်းရှိတာပေါ့။ ပထမ တစ်ချက်က ရခိုင်ပြည်သူလူထုကိုကျေးဇူးတင်ရတာပေ့ါ။ ကျနော်ထောင်ထဲကို မရောက်ခင်ကတည်းက ထောက်ခံတာ၊ ထောင်ကျစဉ်လည်းထောက်ခံတာတွေ၊ အကုန်လုံး ကျနော်လွတ်မြောက်ဖို့ တောင်းဆိုတာတွေ အများကြီးရှိခဲ့တာကို။ နောက် ULA/AA က တပ်မတော်နဲ့ညိနှိုင်းတဲ့အခါမှာ တောင်းဆိုတာပေါ့။ အဲတော့ ULA/AA ကိုလည်း ကျေးဇူးတင်တယ်။ နောက်လွှတ်ပေးတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ နိုင်ငံတော်စီမံခန့်ခွဲရေးကောင်စီကိုလည်း ကျေးဇူးတင်ရတာပေ့ါ။ သူတို့လွှတ်ပေးလို့သာ လွတ်လာတာပေါ့ဗျာ။

ခင်ဗျားတို့သိတဲ့အတိုင်းပဲ ဒီဥစ္စာကစာပေဟောပြောပွဲလေးကို အကြောင်းပြုပြီး ဖမ်းဆီးခြင်းခံရတာဖြစ်တယ်။ စာပေဟောပြောပွဲခေါင်းစဉ်ကလည်း ရခိုင့်အချုပ်အခြာအာဏာကျဆုံးတဲ့အနေ့နဲ့ ပတ်သက်တာကို။ အဲဒီ ကာလက ဒီလိုစာပေဟောပြောပွဲမှာ ရခိုင်တို့ရဲ့အချုပ်အခြာအာဏာဆုံးတဲ့နေ့ကို အခမ်းအနားမှာ ဟောပြော တာကို ကျနော်နဲ့ စာရေးဆရာကိုဖမ်းဆီးတာဟာ အဲဒီကာလဖမ်းဆီးတဲ့ပုဂ္ဂိုလ်တွေဘက်က ဆင်ခြင်သုံးသပ်မှု လိုအပ်တယ်လို့ပဲသုံးသပ်တယ်။ ဘာကြောင့်လဲဆိုရင် အဲဒီမတိုင်ခင် နှစ်များစွာကလည်း ဦးသိန်းစိန်အစိုးရက ခွင့်ပြုခဲ့တဲ့ ဒီရခိုင့်အချုပ်အခြာအာဏာဆုံးတဲ့နေ့ဖြစ်တယ်ဆိုတာကို သတိမမူခဲ့တဲ့အခြေအနေကိုတွေ့ရတယ်။ အဲတာကြောင့်မို့လို့ အခုကျနော်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လွှတ်ပေးလို့ ကျေးဇူးတင်တယ်လို့ပြောခဲ့ရင် ကျနော်တို့ထောင်ချခဲ့တဲ့ပုဂ္ဂိုလ်တွေက ကျေနပ်ချင်မှကျေနပ်ကြလိမ့်မယ်။

သို့သော်လည်းပဲ ကျနော်တို့ ပြည်ထောင်စုပုဂ္ဂိုလ်တွေက လွှတ်ပေးစေချင်တဲ့ဆန္ဒရှိခဲ့ရင် သူတို့မှာ အခွင့်အရေး အများကြီးရှိခဲ့ပါတယ်။ တစ်အချက်က ဝလုံး၊ ကျော်စိုးဦးတို့ကို လွှတ်ခဲ့စေတုန်းကလည်း ကျနော် ရန်ကုန်ထောင်ကိုပြောင်းပြီး ရောက်နေပြီးပြီဖြစ်တယ်။ အဲဒီတုန်းကလည်း ကျနော့်ကို သတိမမူခဲ့ဘူးထင်တယ်။ နောက်ကျနော်တို့ ဘက်ကတင်တဲ့ ကိစ္စလေးတွေရှိတယ်၊ ဒီနိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုဆိုတဲ့ပုဒ်မဟာ နိုင်ငံတော်အချုပ်အခြာအာဏာကို လက်နက်ကိုင်တော်လှန်တဲ့ အကြံအစည်ကြောင့် ပြည်တွင်းပြည်ပမှာ လှုံ့ဆော်တာတို့၊ ဆောင်ရွက်တာတို့ ဘာညာအချက်လေးငါးချက်အပေါ်မှာမူတည်ပြီး စွဲချက်တင်ရတဲ့ ပုဒ်မ ဖြစ်တယ်။ ကျနော်ဘာမှဆောင်ရွက်ခဲ့တာမရှိတဲ့ လုပ်ငန်းတွေမှာမူတည်ပြီး စွဲဆိုခဲ့တဲ့ပုဒ်မဖြစ်တဲ့အခါမှာ နိုင်ငံတော်အဆင့်နဲ့ပတ်သက်တဲ့ အဆင့်ဆင့်တင်ရတဲ့ တရားရုံးချုပ်တွေရှိတယ်။ နောက်နိုင်ငံတော်သမ္မတထိ တင်ခဲ့ရတာရှိတယ်။ ဒါပေမယ့် သူတို့က အသိမှတ်ပြုခဲ့ဟန်မတူဘူးဗျာ။ အဲတာကြောင့် သူတို့ဘက်က ပြန်လွှတ် ရမယ့်အခွင့်အရေးဟာရခဲ့ပါလျက်နဲ့ သူတို့အသုံးမချခဲ့ဘူး၊ ဦးဝင်းမြင့်ဖြစ်ဖြစ်ပေ့ါဗျာ ပြန်ကြည့်ရင်။

အခု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားတွေရဲ့ ပြည်ထောင်စုနေ့မှာ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် လွှတ်ပေးတဲ့အခါမှာ ကျနော်တို့ကတော့ ပွင့်ပွင့်လင်းလင်းပြောရင် နားလည် သဘောပေါက်စွာဖြင့်လွှတ်ပေးတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ကျေးဇူးတင်ရတာပေါ့။ အဲဒီအပေါ်မှာ NLD အင်အားစုတွေက လွှတ်ပေးတာကို ဆဲဆို၊ကြိမ်းမောင်းတာမျိုးရှိခဲ့ရင်လည်းပဲ သံဝေဂ ရသင့်တယ်၊ ပြန်ပြီးသုံးသပ်သင့်တယ်။ ကျနော့်ကိုစွဲတဲ့ပုဒ်မဟာ စွဲသင့်တဲ့ပုဒ်မလား၊ ၁၂၄(က)၊ (ခ) တို့နဲ့စွဲရင် ကျနော် မပြောလိုပါဘူး။ ဒါပေမယ့် အဲတာကိုမဆင်ခြင်ဘဲနဲ့ လွှတ်ပေးခံရတဲ့ကျနော့်ကို ဆဲဆိုနေမယ်ဆိုရင် နိုင်ငံရေးမှာ ရည်ရှည်မျှော်တွေးနိုင်တဲ့ သတိသံဝေဂတွေကို မေ့လျောနေတယ်လို့ပြောချင်ပါတယ်။ အဲတာကြောင့် ပြန်ပြော ရရင် ULA/AA ကို ကျေးဇူးတင်တယ်၊ အဆင့်ဆင့်အကြိမ်ကြိမ်နှစ်၊လချီပြီးတောင်းဆိုလာခဲ့တဲ့ ရခိုင်ပြည်သူ လူထုကိုကျေးဇူးတင်တယ်။ လွှတ်ပေးတဲ့ပုဂ္ဂိုလ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ကျေးဇူးတင်တယ်၊ အဲလိုပဲ ပြောချင်ပါတယ်။

မေး။ ဒေါက်တာအနေနဲ့ နိုင်ငံရေးမှာ ဆက်ပြီးတော့ ဘယ်လိုပုံစံမျိုးနဲ့ပါဝင်သွားမလဲ။

ဖြေ။ အဲတာကိုပြောရင် ၁၂၂ ပုဒ်မနဲ့ စတယ်ပေါ့ဗျာ။ အဲဒီပုဒ်မရဲ့ကန့်သတ်ချက်က အများကြီးရှိပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံမှာလည်းပဲ အဲဒီပုဒ်မတွေနဲ့ စွဲချက်တင်၊ ထောင်ကျတဲ့ပုဂ္ဂိုလ်တွေဟာ လွှတ်တော်နိုင်ငံရေးမှာ ပါလို့ မရဘူး။ အစိုးရအဖွဲ့တွေမှာလည်း ပါလို့မရဘူး။ နိုင်ငံတော်ပုန်ကန်မှုမြောက်ခဲ့တဲ့ ပုဂ္ဂိုလ်ဆိုတဲ့သဘောမျိုးနဲ့ အခါ ကျတော့ ကျနော်ရှေ့ဆက်လုပ်မယ့် ပါတီနိုင်ငံရေးကဏ္ဍာကတော့ ရှိနိုင်တယ်။ ကျယ်ကျယ်ပြန့်ပြန့်ရှိနိုင်တယ်။ လွှတ်တော်နိုင်ငံရေးတို့၊ အစိုးရအဖွဲ့အကြီးအကဲပေ့ါဗျာ၊ အဲဒီမှာ ပါဝင်ဆောင်ရွက်ရေးတွေကျတော့ အကန့် အသတ်အများကြီး၊ လက်ရှိအားဖြင့်ဒီပုဒ်မအရ အတားအဆီးအများကြီးဖြစ်နေတယ်။ သို့သော် ပါတီ နိုင်ငံရေးပေါ့၊ ကျနော်ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ ရခိုင့်ဦးဆောင်ပါတီကိုပြန်ပြီးတော့ ရခိုင်တစ်ပြည်နယ်လုံးမှာ၊ ကျနော်ရခိုင်ကိုပြန်ရောက်ပြီး ရက်ပိုင်းအတွင်းမှာပဲ ပြည်နယ်အနှံ့ကိုသွားမယ်၊ စည်းရုံးမယ်၊ ခိုင်ခိုင်မာမာ ရခိုင်တပြည်နယ်လုံးကိုဦးဆောင်နိုင်တဲ့ ကာလတစ်ခုထိ ဦးဆောင်နိုင်တဲ့ပါတီအဖြစ် အသက်သွင်းမယ်။ အဲတာတော့ ကျနော်ရည်မှန်းထားပါတယ်။

မေး။ ဒေါက်တာတို့ အကျဉ်းကျနေစဉ်ကာလအတွင်း ရခိုင်မှာတိုက်ပွဲတွေဖြစ်ပွားတာ၊ စစ်ဘေးရှောင်တွေ များပြားခဲ့တာနဲ့ပတ်သတ်ပြီး ဘာများပြောချင်ပါလဲ။

ဖြေ။ ကျနော်တို့ဖြစ်ချင်စေဆုံးက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်ရှိကာလလေးမှာ တိုင်းရင်းသားတွေ နှစ်(၇၀)လောက် ငတ်မွတ်နေခဲ့တဲ့ ကိုယ်ပိုင်အချုပ်အခြာအာဏာပေ့ါဗျာ။ တစ်နည်းအားဖြင့် စစ်မှန်တဲ့ဖက်ဒရယ် ပြည်ထောင်စုဆိုတဲ့ အုပ်ချုပ်ပိုင်ခွင့်အပြည့်အဝလေးကို ရအောင်ပေးခဲ့စေချင်တယ်။ တစ်နည်းအားဖြင့် သူများ စွပ်စွဲတဲ့ စစ်အာဏာသိမ်းတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စု အပေါ်မှာ တည်ဆောက်ပေးခဲ့တဲ့လက်ဆောင်ပေ့ါဗျာ။ အဲဒီသဘောမျိုးဖြစ်အောင် ဖက်ဒရယ်ပြည်ထောင်စုကို မရရ တည်ဆောက်ပေးနိုင်မယ်ဆိုရင် တိုင်းရင်းသားတွေအားလုံးရဲ့ ရည်မှန်းမှုကိုရနိုင်တယ်။ အဲဒီတစ်ချက်ကို ဦးတည်ပြီးမှ ပြည်တွင်းစစ်ကိုရပ်စဲအောင် အစွမ်းကုန်ကြိုးစားစေချင်တယ်။

ရခိုင်ပြည်နယ်မှာလည်းပဲ ULA/AA နဲ့ အတက်နိုင်ဆုံးညှိနှိုင်းပြီးမှ ပဏာမအပစ်ရပ်သဘောတူစာချုပ်ကို ဗိုလ်ချုပ်ရာပြည့်တို့ဦးဆောင်တဲ့အဖွဲ့နဲ့ ထိုးစေချင်တယ်၊ ရအောင်ယူစေချင်တယ်။ ပြီးတော့ အကြမ်းဖက်အဖွဲ့ အစည်းအဖြစ်ကြေငြာထားတဲ့ ULA/AA ကို လက်ရှိအနေအထားကိုသဘောပေါက်စွာဖြင့် ပယ်ဖျက်ပေးစေ ချင်တယ်။ အဲလိုဆိုရင် ထောင်ထဲမှာ ကျနော်တို့နဲ့အတူနေခဲ့တဲ့ ကိုအောင်မြတ်ကျော်တို့စသဖြင့်ပေါ့ စင်ကာပူက လူငယ်လေးတွေရှိပါတယ်။ ရိုးရိုးသားသား ဟိုမှာသရုပ်ပြတာနဲ့ ဒီမှာအကြမ်းဖက်နဲ့ဖမ်းလေ့ရှိတယ်ဆိုတာ အမြင်လည်းမတော်ပါဘူး။ အဲလိုပုဂ္ဂိုလ်လေးကို အမြန်ဆုံးလွှတ်ပေးစေချင်တယ်။ ဒေသအချို့မှာ ဖမ်းဆီး ထားတဲ့ ကျနော်တို့ရခိုင်ပြည်သူ၊ပြည်သားတွေကို အကြမ်းဖက်ဥပဒေနဲ့စွဲထားတာကို ပယ်ဖျက်ပေးစေချင်တယ်။ ရပ်သူရွာသားတွေကို နည်းအမျိုးမျိုးနဲ့စစ်ဆေးတာကို ရပ်ပေးစေချင်တယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းစေ လိုတယ်။

နောက်မိုင်းရှင်းလင်းရေးကို ကောင်းကောင်းမွန်မွန်လုပ်ပြီးမှ နေရပ်စွန့်ခွာသူတွေအားလုံးကို နေရပ်ပြန်ပို့နိုင်တဲ့ အနေအထားကို လက်ရှိကာလလေးမှာ အမြန်ဆုံးဆောင်ရွက်ပေးစေချင်တယ်။ အဲလိုမျိုးဖြစ်မယ်ဆိုရင်တော့ ကျနော်တို့လည်း ထောင်ကလွတ်လာတဲ့ကာလလေးမှာ လက်ရှိအာဏာရတဲ့အစိုးရရဲ့ တည်ဆောက်ပေးတဲ့ လုပ်ငန်းလေးတွေကို ဝမ်းမြောက်ဝမ်းသာနဲ့ကြိုဆိုမယ့်သဘော၊ ကျနော်တို့လူထုကလည်း လက်ခံမယ့် သဘောမျိုးဖြစ်တယ်လို့ ကြိုတင်ပြီးတော့ သတင်းစကားပါးလိုပါတယ်။

မေး။ လက်ရှိ တပ်မတော်ကအာဏာသိမ်းတဲ့အပေါ်မှာရော ဒေါက်တာအနေနဲ့ ဘယ်လိုမြင်လဲ။

ဖြေ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ကာကွယ်စောင့်ရှောက်ထိန်းညှိ ပေးရတဲ့ပုဂ္ဂိုလ်အဖြစ် အခြေခံမှု ၄၈ ချက်ထဲမှာ အရေးတကြီးပါတယ်။ အဲတော့ သူ့အနေနဲ့ ကျနော်တို့နားလည် တာက ဒီပုဒ်မအရ နိုင်ငံတော်အာဏာကိုလက်ပြောင်းလက်လွှဲယူရတော့မယ်ဆိုတဲ့ မီးစိမ်းတွေပြလာခဲ့တဲ့ အချက်အလက်တွေအမျာကြီးရှိတယ်။ ဆိုလိုတာက သူက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာကို လွှဲပြောင်းရတော့မယ်။ တနည်းအားဖြင့် အရေးပေါ်ကာလပြဋ္ဌာန်းပြီး လုပ်ရတော့မယ်ဆိုတဲ့ အခြေအနေ အရပ်ရပ်ကို အဆင့်ဆင့်ဒီလိုမယူချင်လို့ NLD ဘက်က ရွှေနားတော်ကိုသွင်းခဲ့တာအများကြီးရှိတယ်။ ဆင်ခြင် နိုင်မယ်ဆိုရင် ကျနော်တို့ထောင်ထဲကပုဂ္ဂိုလ်တွေတောင်မှ နားလည်သဘောပေါက်နိုင်ခဲ့ရင် ဘာကြောင့် မဆင်ခြင်နိုင်ခဲ့တာလည်းဆိုတာကို ပြန်သုံးသပ်ဖို့လိုတယ်။

နောက်တစ်ချက်က သူ့ရဲ့ပြောကြားတဲ့မိန့်ခွန်းတချို့မှာတောင်မှ နိုင်ငံတော်ရဲ့ ခုဏကပြောသလို ဒီလိုမျိုး သတ္တိ မရှိတာမဟုတ်ဘူး၊ လုပ်ရဲတယ်။ သို့သော်လည်း တပ်မတော်ရဲ့ဂုဏ်သိက္ခာအရ လုပ်သင့်၊မလုပ်သင့်ကို သူက ချိန်ဆနေတဲ့သဘောတောင်မှ ၃၄ ပါတီနဲ့ပတ်သက်တဲ့ကဏ္ဍာမှာ ပြောခဲ့တယ်လို့ကြားရတယ်။ ဝေါဟာရ အတိ အကျမမှတ်မိဘူး။ ဆိုတော့ သူကလွှဲပြောင်းလက်ခံရတဲ့တာဝန်ကို မလုပ်ချင်ဘူး၊ လုပ်လိုက်တဲ့ကာလမှာလည်း ခြွင်းချက်လေးတွေကြားတယ်။

တစ်အချက်က အရင်နိုင်ငံတော်အာဏာကိုသိမ်းခဲ့တဲ့ ပုဂ္ဂိုလ်တွေနဲ့မတူတဲ့ဟာက ဖွဲ့စည်းပုံအခြေခံဥပဒေကို သူကပယ်ဖျက်တာမဟုတ်ဘူး။ ဖွဲ့စည်းပုံဥပဒေအရပဲ သူလုပ်တယ်၊ လုပ်တဲ့အခါမှာ တပ်မတော်သားတစ်ခြမ်းနဲ့ အရပ်ဖက်နိုင်ငံရေးပါတီတွေ၊ နောက်တချို့တိုင်းရင်းသားပုဂ္ဂိုလ်တွေကို တခြမ်းမှာထားပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ ကန့်သတ်ချက်တဖက်တလှမ်းကဘဲ သူသန့်ရှင်းလွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲကို ကျင်းပ ပေးမယ်ဆိုတဲ့ အာမဂတိနဲ့လက်ရှိအာဏာကို လွှဲယူတယ်လို့ပဲနားလည်တယ်။ လွှဲယူတာကလည်း သူသက်သေ တွေပြတယ်။ ဆိုပါတော့ နိုင်ငံတော်သမ္မတကြီးကို ဥပဒေပုဒ်မတစ်ခုခုနဲ့ အရေးယူလိုက်တဲ့အခါမှာ ဥပဒေအရ နိုင်ငံတော်သမ္မတကြီး တာဝန်မရှိတော့ဘူး။ အဲဒီအခါမှာ ဒုတိယသမ္မတနံပါတ်(၁)ဖြစ်တဲ့ ဦးမြင့်ဆွေက ယာယီ သမ္မတအဖြစ်ယူတယ်။ အဲဒီသဘောနဲ့ကာလုံခေါ်တယ်၊ ၁၁ ယောက်မှာ ၆ ယောက်စသဖြင့် တက်တယ်၊ ကာလုံအရ ယာယီသမ္မတဦးမြင့်ဆွေက နိုင်ငံတော်ရဲ့အာဏာကို လွှဲပြောင်းယူတယ်ဆိုတဲ့အခါမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စနစ်တကျလုပ်တာတော့တွေ့တယ်။

အဲတာကြောင့် ဘယ်လိုပဲပြောပြော လက်ရှိအနေအထားကို ကြည့်တဲ့အခါမှာ တော်လှန်ရေးကောင်စီတုန်းက ဦးနေဝင်း အာဏာသိမ်းသလိုမဟုတ်ဘူး။ ၈၈ အရေးအခင်းကြောင့် ဗိုလ်ချုပ်မှူးကြီးစောမောင် အာဏာယူခဲ့တဲ့ အချိန်လိုမဟုတ်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာကို အရေးပေါ်ကာလပြဋ္ဌာန်းထားမှ လွှဲပြောင်း ယူလာခဲ့ရတဲ့ ကာလသတ်မှတ်ချက်ရှိတယ်။ အဲဒီကာလအလွန်မှာ ရွေးကောက်ပွဲကို ကျင်းပပေးမယ်ဆိုတဲ့ ကတိရှိတယ်။ အဲဒီအာဏာကိုယူရတဲ့ကောင်စီမှာ အရပ်ဖက်ပုဂ္ဂိုလ်တွေ ပါတယ်ဆိုတဲ့အခါကျတော့ ဒီဥစ္စာဟာ စောင့်ကြည့်ရမယ့်အနေအထားဖြစ်တယ်။ အာဏာသိမ်းတဲ့ သဘောမျိုးမဟုတ်ဘူး၊ အာဏာလွှဲပြောင်းယူတဲ့ သဘောလောက်ပဲ ကျနော်တို့နားလည်တယ်။ အဲတာကြောင့် တိုင်းရင်းသားတွေက နားကို နှစ်ဖက်စွင့်နေရတဲ့ အခြေအနေဖြစ်တယ်ဆိုတာ နားလည်တယ်။ အဲလောက်ပဲ အကြမ်းဖျင်းသုံးသပ်ချင်တယ်။

မေး။ ဖြည့်စွက်ပြီးတော့ ဘာများပြောချင်ပါသလဲ။

ဖြေ။ ကျေးဇူးတင်ပါတယ်။ ကျနော်ထောင်ကျနေစဉ်ရော၊ တရားရုံးရောက်စဉ်ရော ပန်းတွေ၊ ရေချမ်း၊ သပြေ တွေနဲ့ လာရောက်ဝန်းရံပေးကြတဲ့ ရခိုင်လူထုအားလုံးမိသားစုဝင်ဖြစ်ဖြစ်ပေါ့။ ကျနော်တို့ထောင်တွင်းကိုဖြစ်ဖြစ် အကြောင်းအမျိုးမျိုးနဲ့ သတင်းရအောင်ပါးနိုင်တဲ့ပုဂ္ဂိုလ်အားလုံး၊ ပြည်သူလူထုအားလုံးကို ကျနော့်အနေနဲ့ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ရဲ့ ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲပါစေလို့ ဆုတောင်းပါတယ်။ အာဏာယူထားတဲ့ပုဂ္ဂိုလ်တွေကလည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ညှိနှိုင်းနိုင်ပါစေလို့ ဆုတောင်းပါတယ်။

ဗီဒီယိုများ