အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားချက် ( ဩဂုတ် ၁၁ မှ ၁၇ ရက်နေ့အထိ)

ရခိုင်အရေးနဲ့ပတ်သက်လို့ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၁ ရက်မှ ၁၇ ရက်နေ့အထိ တစ်ပတ်အတွင်း ထူးခြားချက်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

By Admin 19 Aug 2025

၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်းက ထိန်းချုပ်ဒေသတစ်ခုတွင် ယာဉ်အန္တရာယ် ကင်းစင်ရေးဆောင်ရွက်နေသည့် AA တပ်ဖွဲ့ဝင်အမျိုးသမီးနှစ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - GEM
၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်းက ထိန်းချုပ်ဒေသတစ်ခုတွင် ယာဉ်အန္တရာယ် ကင်းစင်ရေးဆောင်ရွက်နေသည့် AA တပ်ဖွဲ့ဝင်အမျိုးသမီးနှစ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - GEM

ရခိုင်အရေးနဲ့ပတ်သက်လို့ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၁ ရက်မှ ၁၇ ရက်နေ့အထိ တစ်ပတ်အတွင်း ထူးခြားချက်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

■ စစ်ကောင်စီ လက်ချက်ကြောင့် ရခိုင်ဒေသခံ ၉၀၀ ကျော်‌ သေဆုံးခဲ့

ရခိုင်မြို့သိမ်းတိုက်ပွဲကာလအတွင်း စစ်ကောင်စီရဲ့ လက်ချက်ကြောင့် ရခိုင်ဒေသခံ ၉၂၆ ဦး သေဆုံးခဲ့ပြီး ၁,၉၅၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခက ပြောပါတယ်။ ဒါ့အပြင် အရပ်သား ၉၄၇ ဦးဟာ ဖမ်းဆီးခံထားရတယ်လို့ (ဩဂုတ် ၁၁ ရက်) မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးခိုင်သုခက ပြောခဲ့တာပါ။

စစ်ကောင်စီရဲ့ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ် ၁၀,၅၀၂ လုံး၊ ဘာသာရေးအဆောက်အအုံ ၉၀ လုံး၊ စာသင်ကျောင်း ၄၅ ကျောင်း၊ ဆေးရုံဆေးခန်း ၁၂ ခု၊ တံတား ၂၂ စင်း၊ UN၊ INGO၊ NGO အဆောက်အအုံ ၃ ခုအပြင် တခြားအဆောက်အအုံ စုစုပေါင်း ၁,၁၀၀ ကျော် ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ AA သိမ်းပိုက်ထားတဲ့ မြို့နယ်တွေအပြင် သူတို့ ထိန်းချုပ်ဆဲ မြို့နယ် ၃ ခုမှာ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုကို နေ့စဉ်နဲ့အမျှ ပြုလုပ်နေတယ်လို့ AA က ပြောပါတယ်။

ULA/AA အနေနဲ့လည်း သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ စစ်ကောင်စီ၏ ရေကြောင်း၊ လေကြောင်း၊ လက်နက်ကြီးအန္တရာယ်ကြားက အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို တစိုက်မတ်မတ် ကြိုးပမ်းလုပ်ဆောင်နေတယ်လို့ ဦးခိုင်သုခက ပြောပါတယ်။

■ ရွေးကောက်ပွဲ မဲဆန္ဒနယ်သတ်မှတ်ချက်မှာ AA ထိန်းချုပ်ဒေသတွေကိုလည်း စစ်ကောင်စီ ထည့်ထား

လာမယ့် ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးက မဲဆန္ဒနယ်တွေကို ထုတ်ပြန်ရာမှာ အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေတွေကိုပါ စစ်ကောင်စီက မဲဆန္ဒနယ်မြေအဖြစ် သတ်မှတ်လိုက်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင် (UEC) က ဩဂုတ် ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအထဲမှာ ရခိုင်က ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ် ၁၇ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော် ၁၇ နေရာ သတ်မှတ်ထားပါတယ်။

မြို့နယ် ၁၇ မြို့နယ်ရှိတဲ့ ရခိုင်မှာ အာရက္ခတပ်တော်က ၁၄ မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်ကောင်စီက ၃ မြို့နယ်ကိုသာ ထိန်းချုပ်ထားနိုင်ပါတယ်။

ဒါကြောင့် အာရက္ခတပ်တော်ထိန်းချုပ် နယ်မြေတွေကို စစ်ကောင်စီက မဲရုံ၊ မဲပုံးတွေ ထားနိုင်မယ့် အခြေနေလုံးဝ မရှိပါဘူး။

ဒါပေမယ့် အဲဒီနယ်မြေတွေကို ကိုယ်စားပြုမယ့် အမတ်လောင်းတွေကို ရန်ကုန်ကနေ ယှဉ်ပြိုင်ဖို့ စစ်ကောင်စီက စီစဉ်နေတာဖြစ်နိုင်တယ်လို့ ရခိုင်ဒေသခံတွေက ရှုမြင်ကြပါတယ်။

စစ်ကောင်စီဟာ လာမယ့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲလုပ်ဖို့ ကြေညာထားပါတယ်။

■ ရခိုင်ဒေသမှာ မိသားစု ၅၇ ရာခိုင်နှုန်းအထိ စားနပ်ရိက္ခာ လိုအပ်နေ

လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခ အကျိုးဆက်ကြောင့် ရခိုင်အလယ်ပိုင်းမှာ အခြေခံစားနပ်ရိက္ခာ ဖူလုံမှု မရှိတဲ့ မိသားစု ၅၇ ရာခိုင်နှုန်းအထိ ရှိလာတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က (ဩဂုတ် ၁၂) ရက်မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှာ စားနပ်ရိက္ခာမဖူလုံတဲ့ မိသားစု ၃၃ ရာခိုင်နှုန်းရှိခဲ့ရာကနေ လက်ရှိမှာ ၅၇ ရာခိုင်နှုန်းအထိ တိုးလာတာဖြစ်ပါတယ်။

အဲဒီအချက်အလက်တွေအရ ရခိုင်အလယ်ပိုင်းမှာ စားနပ်ရိက္ခာဖူလုံမှု အခြေအနေဟာ အလွန်စိုးရိမ်ဖွယ် ကောင်းပြီး အာဟာရချို့တဲ့မှုဟာလည်း ပိုမိုဆိုးရွားလာနေတယ်လို့ WFP က ဆိုပါတယ်။

လက်ရှိ ရခိုင်ပြည်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ သွားလာခွင့်ကန့်သတ်ခံရမှုကြောင့် ရိက္ခာပြတ်လပ်မှုတွေဟာ အခုအခြေအနေထက်ပိုပြီး ဆိုးရွားနိုင်တယ်လို့ WFP က သတိပေးထားပါတယ်။

WFP မှတ်တမ်းအရ မိသားစု ရပ်တည်ရှင်သန်ရေးအတွက် ရခိုင်ဒေသခံတွေဟာ အကြွေးယူတာ၊ တောင်းရမ်းစားသောက်တာ၊ အိမ်တွင်းအကြမ်းဖက်တာ၊ ကျောင်းထွက်တာ၊ လူမှုရေးတင်းမာတာနဲ့ လူကုန်ကူးတာ စတဲ့ နည်းမျိုးစုံ ခံနေရတယ်လို့ သိရပါတယ်။

WFP ဟာ ရန်ပုံငွေမလုံလောက်မှုကြောင့် ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက မြန်မာနိုင်ငံအတွင်းက လူဦးရေတစ်သန်းကျော်ကို အထောက်အပံ့တွေ ရပ်ဆိုင်းခဲ့ရတာပါ။

■ ဟောင်းနွမ်းငွေစက္ကူတွေကို သုံးစွဲကြဖို့ AA ဒေသန္တရ အမိန့်ထုတ်ပြန်

ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA)ထိန်းချုပ်ဒေသတွေမှာ ဟောင်းနွမ်းငွေစက္ကူတွေနဲ့ ငွေစက္ကူ အကြွေတွေကို လက်ခံသုံးစွဲဖို့နဲ့ လက်မခံပါက သက်ဆိုင်ရာ မြို့နယ်၊ တိုက်နယ်နဲ့ စည်ပင်ရုံးတွေမှာ တိုင်ကြားနိုင်တယ်လို့ AA က ဒေသန္တရအမိန့်ထုတ်ပြန်လိုက်ပါတယ်။

ငွေစက္ကူ ၁၀၀ ကျပ်၊ ၂၀၀ ကျပ်က တစ်သောင်းကျပ်ထိ အလွန်တရာ စုတ်ပြဲနေတဲ့ ငွေစက္ကူတွေက လွဲလို့ ဟောင်းနွမ်းငွေစက္ကူတွေကို လက်ခံသုံးစွဲရကြရမှာဖြစ်ပြီး မလိုက်နာပါက သက်ဆိုင်ရာရုံး မှာ လာရောက်တိုင်ကြားနိုင်တယ်လို့ AA က အသိပေးထားပါတယ်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်နဲ့ အောက်တိုဘာလအတွင်းကလည်း ဟောင်းနွမ်းငွေစက္ကူတွေကို လက်ခံအသုံးပြုဖို့နဲ့ လက်မခံရင် အရေးယူမယ်လို့ အာရက္ခတပ်တော်က ဒေသန္တရအမိန့် နှစ်ကြိမ်တိုင်တိုင် ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် ဟောင်းနွမ်းငွေစက္ကူတွေကို လက်မခံတာတွေကြောင့် ပြည်သူတွေ အခက်တွေ့နေခဲ့ကြရတာပါ။

၂၀၂၃ နိုဝင်ဘာက စတင်ခဲ့တဲ့ ရခိုင်တိုက်ပွဲနောက်ပိုင်း မြို့နယ်အများအပြားက ဘဏ်တွေဟာ လည်ပတ်မှုမရှိတော့ဘဲ ရပ်နားထားရပါတယ်။

ဒါကြောင့် ရခိုင်ဒေသကို ငွေသားအသစ်တွေ မရောက်လာလို့ လက်ရှိမှာ ငွေကြေးတွေကို အဆင်ပြေအောင် အားလုံးက အသုံးပြုသင့်တယ်လို့ ပြည်သူတွေ ပြောဆိုထားကြပါတယ်။

■ တောင်ကုတ်မှာ စစ်သုံ့ပန်း မိသားစုဝင် ၁၀၀ ကျော်ကို AA လွှတ်ပေး

တောင်ကုတ်မြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်း မိသားစု ၁၄၄ ယောက်ကို ပြီးခဲ့တဲ့ ဩဂုတ်လ ၉ ရက်နေ့က အာရက္ခတပ်တော် (AA) က ပြန်လွှတ်ပေးခဲ့ပါတယ်။

လွှတ်ပေးလိုက်သူတွေမှာ တောင်ကုတ်မြို့၊ စကခ ၅ နဲ့ တခြားတပ်ရင်းတွေက ဖြစ်ပြီး အမျိုးသမီး၊ ကလေးသူငယ် အများအပြားပါဝင်တယ်လို့ သိရပါတယ်။

အဲဒီ သုံ့ပန်း မိသားစုဝင်တွေကို အာရက္ခတပ်တော်ရဲ့ နိုဗာ ၂ စစ်ဒေသက အခမ်းအနားပြုလုပ်ပြီး သူတို့သွားလိုတဲ့ နေရာတွေကို လိုက်လံပို့ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

DMG က ကောက်ယူထားတဲ့ စာရင်းတွေအရ ရခိုင်တိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းမိသားစုဝင် ၁,၂၀၀ ကျော်ကို ၅ ကြိမ်ထက်မနည်း အသုတ်လိုက်ခွဲပြီး လွှတ်ပေးခဲ့ပါတယ်။

အာရက္ခတပ်တော်ဟာ တောင်ကုတ်မြို့နယ်တစ်ခုလုံးကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိမှာ အုပ်ချုပ်ရေးယန္တရားကို ဖော်ဆောင်နေပါတယ်။

■ ရခိုင်ပြည်က တခြားဒေသတွေကို ရွှေ့ပြောင်းထွက်ခွာလိုသူ များလာနေတယ်လို့ UNDP ဖော်ပြ

ရခိုင်ပြည်တွင်း လက်ရှိဖြစ်နေတဲ့ စစ်ရေးပဋိက္ခ၊ စီးပွားရေးအကျပ်အတည်းနဲ့ စစ်မှုထမ်းခေါ်ယူမှု တွေကြောင့် လူငယ်တွေဟာ ပြည်းတွင်းမှာ မနေချင်တော့လို့ တခြားနေရာတွေကို ရွှေ့ပြောင်းထွက်ခွာ လိုသူ ၆၀ ရာခိုင်နှုန်း ကျော် ရှိတယ်လို့ UNDP အစီရင်ခံစာက ဖော်ပြပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP) ရဲ့ ဩဂုတ်လ ၁၂ ရက်ထုတ် "ဌာနေဝေး မျိုးဆက်သစ်၊ လူငယ့်သဘောထားနှင့် ရွေ့ပြောင်းအခြေချနေထိုင်ခြင်း" အစီရင်ခံစာမှာ ဖော်ပြထားတာဖြစ်ပါတယ်။

UNDP ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံ ပြည်နယ်နဲ့ တိုင်းအလိုက် ခွဲခြမ်းစိတ်ဖြာကြည့်ရင် ရခိုင်ဟာ ရွှေ့ပြောင်းလိုသူ လူငယ် ၆၀ ရာခိုင်နှုန်းကျော်နဲ့ အများဆုံးဖြစ်နေပြီး အဲဒီအထဲက ၉ ရာခိုင်နှုန်းဟာ စစ်မှုထမ်း ဥပဒေကြောင့်ဖြစ်တယ်လို့ ဆိုထားပါတယ်။

UNDP ဟာ မြန်မာနိုင်ငံတဝန်းက လူငယ် ၇,၀၀၀ ကျော် သဘောထားကို ၂၀၂၄ ခုနှစ်အတွက် မေးမြန်းစုဆောင်းခဲ့ပြီး စစ်တမ်းအရ လူငယ် ၁၀ ဦးထဲက ၄ ဦးနှုန်းဟာ မြန်မာနိုင်ငံအတွင်းက ထွက်ခွာသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

လူငယ် ၄၇ ရာခိုင်နှုန်းဟာ ခရီးသွားစာရွက်စာတမ်းမရှိတာကြောင့် လုံခြုံရေးအာမခံချက်မရှိတဲ့ (တရားမဝင်) လမ်းကြောင်းတွေက သွားရောက်နေကြရတယ်လို့လည်း ဆိုထားပါတယ်။

ဒါ့အပြင် လူငယ် ၅၅ ရာခိုင်နှုန်းကျော်က မြန်မာနိုင်ငံဟာ လမ်းမှားကို ဦးတည်နေပြီး မလုံခြုံမှု များလာတာ၊ ပညာရေး စနစ်ပျက်ယွင်းတာနဲ့ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးတာကို ဦးတည်နေတယ်လို့ ယုံကြည်နေကြပါတယ်။