ရွေးကောက်ပွဲ ရက်ချိန်းပေးပြီး ငြိမ်းချမ်းရေး ဖိတ်ခေါ်နေ

ရွေးကောက်ပွဲရက် သတ်မှတ်ပြီး တပြိုင်နက်တည်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို တစ်ဖွဲ့ချင်းအလိုက် ငြိမ်းချမ်းရေး ဆွေးနွေးရန် စစ်ကောင်စီက ဖိတ်ခေါ်လိုက်သည်။

By Admin 19 Aug 2025

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။

DMG ၊ ဩဂုတ် ၁၉

ရွေးကောက်ပွဲရက် သတ်မှတ်ပြီး တပြိုင်နက်တည်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို တစ်ဖွဲ့ချင်းအလိုက် ငြိမ်းချမ်းရေး ဆွေးနွေးရန် စစ်ကောင်စီက ဖိတ်ခေါ်လိုက်သည်။

လာမည့် ဒီဇင်ဘာ ၂၈ တွင် ရွေးကောက်ပွဲ ပထမပိုင်းကို စတင်မည်ဟု စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင် ကြေညာသည့် (ဩဂုတ် ၁၈) ရက်တွင် ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း စစ်ကောင်စီပိုင် သတင်းစာကနေ ထုတ်ပြန်လာခြင်းဖြစ်သည်။

လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းပြီး ငြိမ်းချမ်းရေးဖော်ဆောင်လိုသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများသည် တစ်ဖွဲ့ချင်းအလိုက် ပထမ အဆင့်အနေဖြင့် ပဏာမ လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန် အတွက် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ဆိုသည်။

ထိုသို့ ပဏာမ အဆင့်ပြီးဆုံးပါက နိုင်ငံတော်အဆင့် ဆွေးနွေးရေး အဖွဲ့အစည်းဖွဲ့ပြီး သက်ဆိုင်ရာ ဆွေးနွေးရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဟု ဆိုသည်။

နိုင်ငံတော်ကို တည်ဆောက်ရန်အတွက် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ကာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံး ပူးပေါင်း တည်ဆောက်သွားရန် ယုံကြည်ကြောင်း စစ်ကောင်စီဘက်က ပြောဆိုသည်။

စစ်ခေါင်းဆောင်သည် အာဏာသိမ်ပြီးကတည်းက တိုင်းရင်းသားလက်နက်ကိုင်တပ်များကို ငြိမ်းချမ်းရေးဆွေးနွေးရန် အမြဲတမ်းပြောပြီး မြေပြင်တွင် လေကြောင်းဗုံးကြဲမှု၊ လက်နက်ကြီး ပစ်ခတ်မှုများနှင့်အတူ ထိုးစစ်များဆက်လုပ်နေခဲ့သည်။

ယင်းကြောင့် ယခုအခါ ရွေးကောက်ပွဲနှင့် ချိန်ကိုက်ပြောလာခြင်းဖြစ်သဖြင့် ဆွေးနွေးပွဲ ဖြစ်နိုင်ခြေမရှိဟု သုံးသပ်နေကြသည်။

" ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာကတော့ ကောင်းတဲ့လုပ်ရပ်ပါ။ ဒါပေမဲ့ စေတနာမှန်ဖို့တော့ လိုတယ်ဗျ။ ဆိုလိုတာက တစ်ဖွဲ့ချင်းစီကို လိုက်ခေါ်နေတဲ့ ပုံစံမျိုးကို လွန်ခဲ့ ၂၀၁၂ ကတည်းက ကြုံခဲ့ဖူးပြီ။ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး မူဝါဒကို လုပ်ခဲ့တာမဟုတ်တော့ တချို့အဖွဲ့ ကျန်နေခဲ့တယ်။ အဲဒီမှာ NCA ပေါ်လာတော့ လက်မခံတဲ့ အဖွဲ့တွေ တွေ့ခဲ့ရတယ်။ ဒါက နမူနာဖြစ်တယ် " ဟု နိုင်ငံရေး၊ ငြိမ်းချမ်းရေးစောင့်ကြည့်နေသူ ရခိုင်လူငယ်တစ်ဦးက ဆိုသည်။

ထို့အတူ မတ်လက လှုပ်ခတ်ခဲ့သည့် ငလျင်ကို အကြောင်းပြပြီး စစ်ကောင်စီက ထိုးစစ်ရပ်ကြောင်း၊ အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ခဲ့သော်လည်း တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် နယ်မြေများကို လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် ထိုးစစ်များ ဆက်တိုက်လုပ်ခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီသည် မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းမြောက်ဒေသနှင့် ကရင်နီပြည်နယ်၊ ကရင်ပြည် စသည့် နေရာအချို့တွင် ထိုးစစ်များ တန်ပြန်လုပ်နေသည်။ ယင်းကြောင့် စစ်ခေါင်းဆောင်၏ ငြိမ်းချမ်းရေးစကားမှာ ရှေ့နောက်မညီဖြစ်နေကြောင်း ဝေဖန်နေကြသည်။

" အခု စစ်ရေးအရှိန်ပြင်းနေတဲ့ ဒီကာလမှာ တစ်ဖွဲ့ချင်းကို ခေါ်တယ်။ တစ်ဖွဲ့ကို ခေါ်မယ်။ တစ်ဖွဲ့ကို ဖိတိုက်မယ်၊ ချန်ထားမယ် ဆိုရင်တော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖြစ်မှာ မဟုတ်ဘူး။ ရွေးကောက်ပွဲကို ဦးတည်တာပဲဖြစ်ဖြစ် ပြည်သူတွေကို စာနာလို့ပဲပြောပြော အပစ်ခတ်ရပ်စဲရေးကို တကယ်လုပ်ချင်ရင် တနိုင်ငံလုံးကို အပစ်ရပ်ရမှာဖြစ်တယ်။ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေ၊ PDF တွေဘက်ကလည်း လက်ခံနိုင်တဲ့ အတိုင်းတာ သတ်မှတ်ချက်တွေ လိုအပ်လိမ့်မယ်ဗျာ " ဟု အထက်ပါ လူငယ်က ဆက်ပြောသည်။

စစ်အုပ်စုသည် အာဏာသိမ်းပြီး ၄ နှစ်ခွဲခန့်အကြာမှာ ရွေးကောက်ပွဲအတွက် ပြင်ဆင်ရန်ဆိုပြီး နိုင်ငံတော်အာဏာကို ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာ/လုံ)ကို ပြန်အပ်ပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ကိုဖွဲ့စည်းပြီး တပ်ချုပ်နှင့် ယာယီသမ္မတ တာဝန်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထပ်မံအာဏာ ယူလိုက်သည်။

ယင်းနောက် တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် နယ်မြေအများစုနှင့် အခြားမြို့နယ် ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားသည်။

စစ်ကောင်စီသည် ၎င်းတို့ ကတိအတိုင်း ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် ကြိုးစားနေပြီး သေဒဏ်၊ တစ်သက်တစ်ကျွန်းထိ ချမှတ်နိုင်သည့် ရွေးကောက်ပွဲဆိုင်ရာ ဉပဒေများ ချမှတ်ကာ ပြည်သူများကို ခြိမ်းခြောက်ထားသည်။