စစ်တွေ-ပုဏ္ဏားကျွန်းနယ်စပ်က ကျေးရွာသားများ ရွှေ့ပြောင်းနေရ

စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုများနှင့်အတူ တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်၍ စစ်တွေ-ပုဏ္ဏားကျွန်း နယ်စပ်၊ ပုဏ္ဏာကျွန်းအပိုင် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံများမှာ ဘေးလွတ်ရာနေရာများသို့ အရေးပေါ်ပြောင်းရွှေ့နေကြရကြောင်း သိရသည်။

By Admin 19 Aug 2025

ရခိုင်ပြည်အတွင်း စားနပ်ရိက္ခာသယ်ယူနေသည့် စစ်သင်္ဘောတစ်ဦးကို စစ်ရေးကာလအတွင်းက မြင်တွေ့ရစဉ်။
ရခိုင်ပြည်အတွင်း စားနပ်ရိက္ခာသယ်ယူနေသည့် စစ်သင်္ဘောတစ်ဦးကို စစ်ရေးကာလအတွင်းက မြင်တွေ့ရစဉ်။

DMG ၊ ဩဂုတ် ၁၉

စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုများနှင့်အတူ တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်၍ စစ်တွေ-ပုဏ္ဏားကျွန်း နယ်စပ်၊ ပုဏ္ဏာကျွန်းအပိုင် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံများမှာ ဘေးလွတ်ရာနေရာများသို့ အရေးပေါ်ပြောင်းရွှေ့နေကြရကြောင်း သိရသည်။

အဆိုပါကျေးရွာများမှာ ပုဏ္ဏားကျွန်းမြို့နယ်မှ ဘောင်ဒူလာ၊ ကျွဲထိုး၊ တန်းခိုး၊ ဗလီမော်၊ အိုင်ဒင်၊ တံဘက်လှန်း၊ ငှက်ကြီးကုန်း၊ ဆင်အင်းကြီး ပဒေသာ၊ အလယ်ချောင်း စသည့် ကျေးရွာပေါင်း ၂၀ ကျော်မှ ဖြစ်ပြီး ဒေသခံများမှာ နီးစပ်ရာ မြို့နယ်များသို့ အရေးပေါ် တိမ်းရှောင်နေကြရခြင်းဖြစ်သည်။

ယင်းကျေးရွာသားများမှာ ယခင် ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲကာလကလည်း စစ်ဘေးတိမ်းရှောင်ခဲ့ကြရပြီး စားဝတ်နေရေး အဆင်မပြေမှုများကြောင့် ပြန်လည်ဝင်ရောက်နေထိုင်ရာကနေ ယခုတစ်ဖန် ထပ်မံ တိမ်းရှောင်နေကြခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

" အဓိကတော့ အခုအခြေအနေက တိုက်ပွဲပြင်းထန်လာမယ့် ပုံထင်ရလို့ ရှောင်ကြတာ။ အခုလည်း စစ်တွေ ဘက်ကနေ ဒီဘက်ကရွာတွေနား လက်နက်ကြီးပစ်တာတွေ၊ စစ်တွေဘက်ခြမ်းမှာ စစ်ကောင်စီက စစ်ပြင်ပြီး အင်အားဖြည့်ထားတာတွေနဲ့ နေဗီတက်တာတွေလုပ်နေတော့ ကြောက်ရတယ်။ ဒါကြောင့် ရှောင်ကြတာ " ဟု ယင်းအခြေအနေသိသူ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းအစပ်ရှိ နေရာများတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီး ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ကင်းထောက်ခြင်း ပြုလုပ်လာနေသဖြင့် ဒေသခံများမှာ လုံခြုံရေး စိုးရိမ်နေကြသည်။

အလားတူ အာရက္ခတပ်တော်ကလည်း စစ်တွေနှင့် တစ်ဖက်တစ်ကမ်းနေရာများတွင် စစ်ကောင်စီ တပ်စခန်းများနှင့် စစ်ဆိုင်ပြီး အဆင့်အနေအထားရှိသဖြင့် အချိန်မရွေး တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်နိုင်ကြောင်း ပြောဆိုကြသည်။

" ညဉ့်ဆိုရင် စစ်တွေဘက်ကလာတဲ့ ဒုရုန်းတွေ ပျံဝဲနေတာကို အများကြီး မြင်ရတယ်။ ရွာသားတွေကတော့ ကင်းထောက်တာလို့ ပြောကြတယ်။ လုံခြုံရေး ကင်းထောက်ဒရုန်းတွေလို့တော့ ပြောတယ်။ ကျမတို့ကတော့ ဒရုန်းဝဲရင်လည်း စိုးရိမ်စိတ် ဖြစ်ရတယ်။ ဒရုန်းကနေ ဗုံးကြဲချမလားပေါ့လေ။ လက်နက်ကြီးပစ်တာတွေလည်း မကြခဏ ကြားရတော့ ကြောက်နေကြရတယ် " ဟု ပုဏ္ဏားကျွန်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းအပြင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက ရေတပ်အင်အားတိုးချဲ့မှုများ လုပ်လာနေပြီး စစ်တွေပွိုင့်ကမ်းခြေနှင့် ပင်လယ်ပြင်အပါဝင် ကုလားတန်မြစ်ဝ တလျှောက်တွင် စစ်သင်္ဘော ၁၀ ကျော်အထိ သွားလာလှုပ်ရှားမှုရှိနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

လက်ရှိ စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား ထိုးစစ်တိုက်ပွဲ မရှိသေးသော်လည်း စစ်ကောင်စီဘက်မှ စစ်ရေးလှုပ်ရှားမှုများကို တွေ့လာရကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

" လောလောဆယ်ကတော့ လက်နက်ကြီးအပြန်အလှန်ပစ်ကြတာပဲ ရှိပေမယ့် နှစ်ဘက်စလုံးက အင်အားအလုံးအရင်းနဲ့ အသင့်ပြင်နေကြတဲ့ အနေအထားဖြစ်နေတယ်။ စစ်ကောင်စီဘက်ကလည်း ရေတပ်ကို အင်အားထပ်တိုးပြီး စစ်တွေမြို့အနီးနဲ့ ရွှေမင်းဂံဖက်မှာ နေဗီအတက်အဆင်း လုပ်နေတာတွေရှိတယ် " ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ရန်ကုန်- စစ်တွေ လမ်းမကြီး ပုဏ္ဏားကျွန်းကနေ စစ်တွေမြို့အဝင် မင်းချောင်းတံတားကို စစ်ကောင်စီသည် ၂၀၂၃ ဖေဖော်ဝါရီလတွင် မိုင်းခွဲဖျက်စီးထားပြီး AA ထိုးစစ်ကို အဟန့်အတား ပြုလုပ်ထားသည်။

သို့သော်လည်း လက်ရှိတွင် တံတားတစ်ဖက်တစ်ချက်၍ စစ်ကောင်စီနှင့် AA တို့ အပြန်အလှန် စစ်ဆိုင်ထားပြီး သတိထားစောင့်ကြည့်နေရကြောင်း ဒေသခံများက ပြောသည်။ အာရက္ခတပ်တော်သည် ပုဏ္ဏားကျွန်းမြို့နယ်ကို ၂၀၂၄ ခုနှစ်၊ မတ်လက သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။

ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်က မြို့နယ် ၁၄ ခုကို အပြီးသတ်သိမ်းပိုက်ထားပြီး စစ်ကောင်စီဘက်က စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်တို့ကိုသာ ထိန်းချုပ်ထားနိုင်ခြင်းဖြစ်သည်။