တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဥက္ကဋ္ဌ တာအိုက်ဘုန်းနှင့် တွေ့ဆုံမေးမြန်းခြင်း

"တပ်မတော်လုပ်နေတာတွေက သူ့ဘက်က ထွက်ပေါက်တစ်ခုအနေနဲ့ အဖြေရှာတဲ့ သဘောဖြစ်နေတယ်။ တကယ်စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ လူထုရဲ့ စားဝတ်နေရေး အခက်အခဲတွေကို ဖြေရှင်းဖို့မဟုတ်ဘူးလို့ မြင်တယ်"

11 Mar 2019

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF)/ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဥက္ကဋ္ဌ တာအိုက်ဘုန်း / ဓာတ်ပုံ - မားနဂါးသတင်းဂျာနယ်

မေး - တပ်မတော်ဘက်က ၄ လအတွင်း အပစ်ရပ်မယ်လို့ ကြေငြာထားတဲ့အပေါ် ဘယ်လိုမြင်သလဲ။

ဖြေ - တပ်မတော်ဘက်ကတော့ တိုင်း ၅ တိုင်းကို အပစ်ရပ်ဖို့ ကြေညာထားတယ်။ အချိန် ၄ လအတွင်းဆိုပြီး သတ်မှတ်ထားတယ်။ တစ်ဖက်မှာလည်း ရခိုင်ဘက် အနောက်ဘက်တိုင်းကို မကြေညာထားဘူးဆိုတော့ အဲဒါကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ကို တမင်တကာခွဲပြီးတော့ တိုက်တယ်လို့ပဲ မြင်တယ်။ ပြီးတော့ ၄ လဆိုတာ တကယ်တမ်း ဘာမှလုပ်လို့ရတဲ့ဟာလဲ မဟုတ်ဘူး။ ဒီအပေါ်မှာ တပ်မတော်က နိုင်ငံတကာရဲ့ဖိအား၊ ပြီးတော့ တရုတ်လုပ်ချင်တဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ဖိအားနည်းနည်းလျော့အောင်လို့ အပစ်ရပ်တယ်လို့ပဲ မြင်တယ်။ ထိုးစစ်ဆင်တာ ရပ်ဖို့အတွက် တိုင်ပင်ပြီးတော့ နည်းလမ်းရှာဖို့ရှိမယ်။

မေး - ရက္ခိုင့်တပ်မတော်(AA) က ဒီ ရဲကင်းစခန်းတွေကို ဝင်တိုက်တဲ့အပေါ်မှာရော ဘယ်လိုပြောလို့ရမလဲ။

ဖြေ - ကျွန်တော့်အမြင်ပြောရရင် သူတို့က တကယ်ဝင်တိုက်ချင်တာ မဟုတ်ဘူး။ သူ့မှာ ဖိအားသိပ်များလွန်းလို့ မလုပ်မနေရ အနေအထားကို ရောက်လာတယ်။ တနည်းအားဖြင့် ပြောရရင် ထိုးစစ်ထဲက ခံစစ်ကို လုပ်တဲ့သဘောပါပဲ။ ထိုးစစ်ထဲက ခံစစ်ကို လက်ဦးယူတဲ့အနေနဲ့ ဆောင်ရွက်တာတွေက တပ်မတော်အပါအဝင် အဖွဲ့တိုင်းရှိတယ်။ ဆိုတော့ ခုအပစ်ခတ်ရပ်စဲရေးကာလလည်း မဟုတ်သေးဘူး။ တပ်မတော်ဘက်ကလည်း ရခိုင်ဘက်မှာ ကြေညာထားတဲ့ဘက်မပါတော့ AA ဒီလိုလုပ်တာ မှန်ကန်တယ်လို့ ကျွန်တော်မြင်တယ်။
စစ်ရေးအရ လုပ်ရမယ့်အလုပ်လို့ ကျွန်တော်မြင်တယ်။ တပ်မတော်ဘက်ကတော့ ဒါကို အကြောင်းပြပြီးတော့ သောင်းကျန်းသူ အကြမ်းဖက်တယ် ဘာညာတော့ ပြောလာနိုင်တယ်။ ဒါပေမဲ့ ဒါအကြမ်းဖက်တာ မဟုတ်ဘူး။ တကယ်ထိုးစစ်ဆင်နေတာ တပ်မတော်ဘက်က အရင်လုပ်နေတာ။ AA လည်း သူ့ကိုယ်သူ ကာကွယ်တဲ့အနေနဲ့ ခုနက ပြောသလို ထိုးစစ်ထဲက ခံစစ်ကို လက်ဦးယူတာ ဒါတရားတဲ့စစ်လို့ မြင်တယ်။

မေး - လက်ရှိအချိန်မှာ တပ်မတော်က AA ကို ဖိတိုက်နေတဲ့ အနေအထားမှာ မြောက်ပိုင်းမဟာမိတ်တွေအနေနဲ့ ဘာတွေ ဆက်လုပ်ဖို့ရှိမလဲ။

ဖြေ - ကျွန်တော်တို့ဘက်ကို အပစ်ရပ်ပြီးတော့ AA ကို ဖိတိုက်တာတွေက ကျွန်တော်တို့ လုံးဝစိတ်မကောင်းဘူး။ ဒါ လုံးဝလည်း မဖြစ်သင့်ဘူး။ ခုစစ်ရေးအရနဲ့တော့ ဘာမှမလုပ်နိုင်သေးပေမယ့် လုပ်ဖို့အစီအစဉ်မရှိရင်တောင်မှ နိုင်ငံရေးအရတော့ ဆက်လက်ဖိအားပေးသွားဖို့ရှိမယ်။ ကျွန်တော်တို့ မြောက်ပိုင်းမဟာမိတ်တွေ တိုင်ပင်ပြီးတော့မှ နိုင်ငံရေးအရ ပိုမိုဖိအားပေးနိုင်ဖို့ ကျွန်တော်တို့ဆက်လက် ဆောင်ရွက်ဖို့ရှိမယ်။

မေး - ဆိုတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ပေါ်မှာရော ဘယ်လိုတွေဖြစ်လာနိုင်တယ်လို့ မြင်လဲ။

ဖြေ - ငြိမ်းချမ်းရေးဖြစ်စဉ်ကတော့ မှန်းထားသလောက် တိုးတက်မှုမရှိဘူး။ ခုအပစ်အခတ်ရပ်စဲရေး NCA ထိုးထားသူတွေလည်း အဆင်ပြေတာမရှိဘူး။ အထူးသဖြင့် KNU နဲ့ RCSS လည်း အဆင်မပြေကြဘူး။ ဆိုတော့ ငြိမ်းချမ်းရေးဖြစ်စဉ် ထပ်ကောင်းလာဖို့ အလားအလာ သိပ်မမြင်ဘူး။

"တပ်မတော်ရဲ့ လုပ်ရပ်တွေဟာ ဘယ်လောက်ထိ မှန်ကန်လဲ၊ သူတို့အပြောနဲ့အလုပ် ကိုက်ညီမှုရှိလားဆိုတာ လူထုတွေ ဝိုင်းဝန်းကူညီပေးဖို့လိုတယ်..."

မေး - ငြိမ်းချမ်းရေးဖြစ်စဉ် ပြန်လည်ကောင်းမွန်လာဖို့ဆိုရင်ရော ဘာတွေလုပ်သင့်လဲ။

ဖြေ - ငြိမ်းချမ်းရေးဖြစ်လာဖို့က တပ်မတော်ဘက်က သူအမှန်တကယ် ငြိမ်းချမ်းရေးလိုချင်တဲ့ ဆန္ဒဖော်ပြဖို့ လိုတယ်။ ဖော်ပြတဲ့နေရာမှာ ခုတိုင်း ၅ တိုင်းကိုပဲ အပစ်ရပ်ကြေညာပြီး ရခိုင်ပြည်နယ်ဘက်မှာ ချန်ထားပြီးတော့ AA ကို ဖိတိုက်တယ်ဆိုတဲ့ဟာက ဒါလုံးဝမဖြစ်သင့်တဲ့ အရာဖြစ်တယ်။ တစ်နိုင်ငံလုံး အပစ်ရပ်ကို ကြေညာပြီးတော့မှ သူတို့သတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာထဲမှာ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ အဖြေရှာဖို့လိုတယ်။ အဲဒါမှ လူတိုင်းက ပါဝင်ဆွေးနွေးလို့ရတဲ့ အနေအထားကိုရောက်ပြီး ဒီအခက်အခဲတွေကို ဖြေရှင်းနိုင်ရင် ကျွန်တော်တို့လိုချင်တဲ့ ငြိမ်းချမ်းဖြစ်စဉ်ကို အများကြီး အထောက်အကူဖြစ်မှာပါ။

မေး - မြောက်ပိုင်းမဟာမိတ်နဲ့ တရုတ်က တွေ့ဆုံဆွေးနွေးတဲ့နေရာမှာ အဓိက ဘာတွေဆွေးနွေးဖြစ်ခဲ့ကြလဲ။

ဖြေ - တရုတ်နဲ့တွေ့တဲ့နေရာမှာ နယ်စပ်တည်ငြိမ်ရေးကို ပြောတယ်။ ပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ဖို့လိုတယ်။ NCA ထိုးရင် ပိုကောင်းတယ် စသဖြင့် သူတို့ပြောတယ်။ အဓိကကတော့ နယ်စပ်တည်ငြိမ်ရေးအတွက်ပဲ အများဆုံး ဆွေးနွေးဖြစ်တယ်။

မေး - ငြိမ်းချမ်းရေးဖြစ်စဉ်ကလည်း ကောင်းလာဖို့အလားအလာ မမြင်သေးဘူး။ တအာင်းဒေသမှာလည်း တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနိုင်တယ်ဆိုတော့ တအာင်းပြည်သူလူထုတွေကို ဘာတွေများ မှာကြားချင်တာ ရှိမလဲ။

ဖြေ - တအာင်းပြည်သူလူထုတွေကို ပြောချင်တာက ခုငြိမ်းချမ်းရေးဖြစ်နေတဲ့ အနေအထားမရှိဘူး။ တပ်မတော် ဘက်က တစ်ဖက်သတ် အပစ်ရပ်မယ်လို့ ပြောထားပေမယ့်လည်း ဒီ လေးလအတွင်းမှာ သူတို့လှုပ်ရှားမှုတွေ ရှိနေသေးတယ်။ အချို့တပ်စခန်းတွေလည်း သူတို့တိုးချဲ့လာတာတွေ တွေ့ရတယ်။
အဲဒါကြောင့် တပ်မတော်ပြောတဲ့ တစ်ဖက်သတ် အပစ်ရပ်တယ်ဆိုတာကို ယုံကြည်လို့မရသေးဘူး။ ဖြစ်လာဖို့လည်း အင်မတန် နည်းနေသေးတယ်။ အဲဒါကြောင့် တအာင်းမိဘပြည်သူများအနေနဲ့ သတိထားပြီးတော့ ဆောင်ရွက်ဖို့လိုတယ်။ ဒီအပစ်ရပ်တယ်ဆိုတာကို သိပ်အယုံအကြည်မရှိဘဲနဲ့ အခြေအနေစောင့်ကြည့်ပြီးတော့ သွားတာလာတာ သတိနဲ့ သွားလာဖို့လိုတယ်လို့ ပြောချင်ပါတယ်။

မေး - နောက်ထပ်ရော ဘာတွေများ ဖြည့်စွက်ပြောချင်တာ ရှိအုံးမလဲ။

ဖြေ - ခုလက်ရှိအနေအထားအရ ကြည့်မယ်ဆိုရင် တပ်မတော်ဘက်က တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို မလိုလားဘူးဆိုတာ ပေါ်လွင်နေတယ်။ ရခိုင်ဘက်ကို ဖိတိုက်ပြီးတော့ ကျွန်တော်တို့ဘက်လည်း စစ်ရေးရပ်မယ်ပြောပြီး တပ်စခန်းတွေ တိုးချဲ့လာတယ်။ အဲဒါက လုံးဝမတရားဘူးလို့မြင်တယ်။ ဒါတွေက မလိုလားအပ်တဲ့ ထိတွေ့မှုတွေ တိုက်ပွဲတွေဆက်ဖြစ်လာနိုင်တယ်။ အကောင်းဆုံးကတော့ သူတို့ပြောတဲ့အတိုင်း သူတို့လုပ်ဖို့လိုတယ်။ စစ်ရေးရပ်မယ်ဆိုရင် တကယ်ရပ်ပြီးတော့ တွေ့ဆုံဆွေးနွေးဖို့ နည်းလမ်းရှာဖို့လိုမယ်။ ခုတပ်မတော်လုပ်နေတာတွေက သူ့ဘက်က ထွက်ပေါက်တစ်ခုအနေနဲ့ အဖြေရှာတဲ့ သဘောဖြစ်နေတယ်။ တကယ်စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ လူထုရဲ့ စားဝတ်နေရေး အခက်အခဲတွေကို ဖြေရှင်းဖို့မဟုတ်ဘူးလို့ မြင်တယ်။ အဲဒါကို တစ်နိုင်ငံလုံးက လူထုတွေက စောင့်ကြည့်ဖို့ တပ်မတော်ရဲ့ လုပ်ရပ်တွေဟာ ဘယ်လောက်ထိ မှန်ကန်လဲ။ သူတို့အပြောနဲ့အလုပ် ကိုက်ညီမှုရှိလားဆိုတာ လူထုတွေ ဝိုင်းဝန်းကူညီပေးဖို့လိုတယ်။ အဲဒါမှသာလျှင် စစ်မှန်တဲ့ ငြိမ်းချမ်းရေး လမ်းစတွေပေါ်လာဖို့ တပ်မတော်ကို ဝိုင်းဝန်းဖိအားပေးလို့ရတာပေါ့။

(ရှမ်းပြည်နယ်အခြေစိုက် Marnagar News Journal ၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။)

Related Post:

တပ်မတော်နည်းပညာတက္ကသိုလ်ကို မြောက်ပိုင်းသုံးဖွဲ့တိုက်ခိုက်

ဗီဒီယိုများ