FPNCC အဖွဲ့ဝင်များ ဆွေးနွေးပွဲသို့ AA တပ်ချုပ် တက်ရောက်နေ

FPNCC အဖွဲ့ဝင်တို့၏ မဟာမိတ်ဆက်ဆံရေး တိုးမြှင့်ရေးကိစ္စရပ်များ ဆွေးနွေးပွဲသို့ ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် တက်ရောက်နေကြောင်း သိရသည်။

By Admin 15 Mar 2023

FPNCC အဖွဲ့ဝင်များ ဆွေးနွေးပွဲသို့ AA တပ်ချုပ် တက်ရောက်နေ

DMG ၊ မတ် ၁၅

FPNCC အဖွဲ့ဝင်တို့၏ မဟာမိတ်ဆက်ဆံရေး တိုးမြှင့်ရေးကိစ္စရပ်များ ဆွေးနွေးပွဲသို့ ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် တက်ရောက်နေကြောင်း သိရသည်။

မြောက်ပိုင်း အင်အားကြီး မဟာမိတ်တပ်ဖွဲ့များဟု လူသိများသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်တို့မှာ မဟာမိတ်အချင်းချင်းကြား ဆက်ဆံရေး မြှင့်တင်ရန်အတွက် ယခုရက်ပိုင်းတွင် “ ဝ ” ဌာနချုပ် ပန်ဆန်းမြို့တွင် တွေ့ဆုံနေကြခြင်း ဖြစ်သည်။

“FPNCC အစည်းအဝေး လုပ်နေတယ်ဆိုတာ မှန်ပါတယ်။ ကျနော်တို့ဘက်က ULA ဥက္ကဌ ဉီးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေတာပါ။ တခြား အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါ” ဟု AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက DMG ကို အတည်ပြုပြောဆိုသည်။

FPNCC တွင် “ ဝ ” ပြည်သွေးစည်း ညီညွတ်ရေး ပါတီ(UWSA)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် မျှတမှုအတွက် အမျိုးသားပါတီ-ကိုးကန့်-(MNDAA)၊ အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေးတပ်မတော် မိုင်းလား (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ကချင်ပြည်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (TNLA)၊ ရက္ခိုင့်တပ်တော် (AA) တို့ ပါဝင်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း FPNCC အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူး ကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွန်း (Deng Xijun)တို့ တွေ့ဆုံခဲ့ပြီးနောက် ယခုအချိန်တွင် တပ်ဖွဲ့ဝင်များ အချင်းချင်း တွေ့ဆုံခြင်း ဖြစ်သည်။

ယင်းကြောင့် FPNCC အဖွဲ့များ တွေ့ဆုံခြင်းမှာ လက်ရှိနိုင်ငံရေးအခင်းအကျင်းနှင့် စစ်ရေးကိစ္စရပ်များကို အဓိက ဆွေးနွေးခြင်းဖြစ်နိုင်ကြောင်း နိုင်ငံရေးအကဲခတ်တို့က မှတ်ချက်ပြုကြသည်။

ရခိုင့်ဝါရင့် နိုင်ငံရေးသမား ဦးဖေသန်းက “ မြောက်ပိုင်းမဟာမိတ်အဖွဲ့ FPNCC ကတော့ တွေ့ဆုံဖို့ လိုအပ်တဲ့ အချိန်အခါဖြစ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်အထူးကိုယ်စားလှယ်လည်း ရောက်လာတယ်။ အဲဒီနောက်ပိုင်းမှာ ညီနောင်မဟာ ၃ ဖွဲ့ဖြစ်တဲ့ AA၊ MNDAA၊ TNLA တွေ့ဆုံဆွေးနွေးမှုတွေရှိတယ်။ တရုတ်နိုင်ငံနဲ့ ပတ်သက်လာရင် “ ဝ ” ဆိုရင် အရေးပါတဲ့ အဖွဲ့အစည်းဖြစ်တယ်။ အဲဒါကြောင့် လက်ရှိ နိုင်ငံရေးအခင်းအကျင်းမှာ ကြားမညှပ်ဘဲ ဘယ်လို ရပ်တည်မယ်ဆိုတဲ့ ကိစ္စတွေ၊ အချင်းချင်း စစ်ရေးကဏ္ဍတွေ ရှိမယ်။ အဓိက လက်ရှိ နိုင်ငံရေးအခင်းအကျင်းမှာ ရပ်တည်ရမယ့် အချက်တွေကို အဓိက ဆွေးနွေးတာလို့ပဲ မြင်ပါတယ်” ဟု သုံးသပ်သည်။

ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)ကို ၂၀၁၇ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် “ဝ” ပြည် ပန်ဆန်းတွင် ဖွဲ့စည်းခဲ့ပြီး မဟာမိတ်တို့အကြား ခိုင်မာသော ဆက်ဆံရေးတို့ ရှိနေကြသည်။

FPNCC သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် လက်မှတ်ရေးထိုး ထားခြင်း မရှိဘဲ NCA မဟုတ်သော အခြားနိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးရန် မူဝါဒချမှတ်ထားသည်။

#E002

ဗီဒီယိုများ