မဟာမိတ်ဆက်ဆံရေးမြှင့်တင်ရန် “ဝ”ဌာနချုပ်တွင် FPNCC အဖွဲ့များ တွေ့ဆုံနေ

မြောက်ပိုင်း အင်အားကြီး မဟာမိတ်တပ်ဖွဲ့များဟု လူသိများသည့် FPNCC အဖွဲ့ဝင်တို့သည် မဟာမိတ်ဆက်ဆံရေး တိုးမြှင့်ရေးကိစ္စရပ်များ အတွက် “ ဝ ” ဌာနချုပ် ပန်ဆန်းမြို့တွင် ယခုရက်ပိုင်းအတွင်း တွေ့ဆုံဆွေးနွေးနေကြသည်။

By Admin 14 Mar 2023

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလက မြောက်ပိုင်း EAOs အဖွဲ့များ “ဝ” ပြည်နယ်တွင် တွေ့ဆုံခဲ့စဉ်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလက မြောက်ပိုင်း EAOs အဖွဲ့များ “ဝ” ပြည်နယ်တွင် တွေ့ဆုံခဲ့စဉ်။

DMG ၊ မတ် ၁၄

မြောက်ပိုင်း အင်အားကြီး မဟာမိတ်တပ်ဖွဲ့များဟု လူသိများသည့် FPNCC အဖွဲ့ဝင်တို့သည် မဟာမိတ်ဆက်ဆံရေး တိုးမြှင့်ရေးကိစ္စရပ်များ အတွက် “ ဝ ” ဌာနချုပ် ပန်ဆန်းမြို့တွင် ယခုရက်ပိုင်းအတွင်း တွေ့ဆုံဆွေးနွေးနေကြောင်း သိရသည်။

တွေ့ဆုံပွဲအသေးစိတ်ကို မသိရသေးသော်လည်း မဟာမိတ်အချင်းချင်းကြား ဆက်ဆံရေး မြှင့်တင်ရန်အတွက် ဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန် က DMG သို့ အတည်ပြုပြောဆိုသည်။

“ဆွေးနွေးနေတာတော့ ဟုတ်ပါတယ်။ မဟာမိတ် အချင်းချင်းကြား ဆက်ဆံရေး မြှင့်တင်ဖို့အတွက် ဆွေးနွေးညှိနှိုင်းနေတဲ့ သဘောပဲရှိပါတယ်။ အခုက တချို့အဖွဲ့တွေပဲ ဆွေးနွေးနေတာ ရှိပါသေးတယ်။ အဲဒါကြောင့် အသေးစိတ်ကိုတော့ မသိရသေးဘူး” ဟု ဗိုလ်မှူး စိုင်းဖုန်းဟန်က ပြောသည်။

ယနေ့တွင် SSPP အဖွဲ့က ဆွေးနွေးရန်ရှိနေပြီး အသေးစိတ်အချက်များကို FPNCC အဖွဲ့ အတွင်းရေးမှူးကိုပဲ မေးမြန်းရန် ဗိုလ်မှူး စိုင်းဖုန်းဟန်က ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး FPNCC အဖွဲ့အတွင်းရေးမှူး ဦးပေါက်ယူရိ ကို DMG က ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပေ။

FPNCC တွင် “ ဝ ” ပြည်သွေးစည်း ညီညွတ်ရေး ပါတီ(UWSA)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် မျှတမှုအတွက် အမျိုးသားပါတီ-ကိုးကန့်-(MNDAA)၊ အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေးတပ်မတော် မိုင်းလား (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ကချင်ပြည်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (TNLA)၊ ရက္ခိုင့်တပ်တော် (AA) တို့ ပါဝင်သည်။

အဆိုပါဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA) မှ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခအား ဆက်သွယ်ရာ သူအနေဖြင့် မသိသေးကြောင်း ပြောဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း FPNCC အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူး ကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွန်း (Deng Xijun)တို့ တွေ့ဆုံခဲ့ပြီးနောက် ယခုအချိန်တွင် တပ်ဖွဲ့ဝင်များအချင်းချင်း တွေ့ဆုံခြင်း ဖြစ်သည်။

ယင်းကြောင့် FPNCC အဖွဲ့များတွေ့ဆုံခြင်းမှာ လက်ရှိနိုင်ငံရေးအခင်းအကျင်းနှင့် စစ်ရေးကိစ္စရပ်များကို အဓိက ဆွေးနွေးခြင်းဖြစ်နိုင်ကြောင်း နိုင်ငံရေးအကဲခတ်တို့က မှတ်ချက်ပြုကြသည်။

ရခိုင့်ဝါရင့် နိုင်ငံရေးသမား ဦးဖေသန်းက “မြောက်ပိုင်းမဟာမိတ်အဖွဲ့ FPNCC ကတော့  တွေ့ဆုံဖို့ လိုအပ်တဲ့ အချိန်အခါ ဖြစ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်အထူးကိုယ်စားလှယ်လည်း ရောက်လာတယ်။ အဲဒီနောက်ပိုင်းမှာ ညီနောင်မဟာ ၃ ဖွဲ့ဖြစ်တဲ့ AA၊ MNDAA၊ TNLA တွေ့ဆုံဆွေးနွေးမှုတွေရှိတယ်။ တရုတ်နိုင်ငံနဲ့ ပတ်သက်လာရင် “ ဝ ” ဆိုရင် အရေးပါတဲ့ အဖွဲ့ အစည်းဖြစ်တယ်။ အဲဒါကြောင့် လက်ရှိ နိုင်ငံရေး အခင်းအကျင်းမှာ ကြားမညှပ်ဘဲ ဘယ်လို ရပ်တည်မယ်ဆိုတဲ့ ကိစ္စတွေ၊ အချင်းချင်း စစ်ရေးကဏ္ဍတွေရှိမယ်။ အဓိက လက်ရှိ နိုင်ငံရေး အခင်းအကျင်းမှာ ရပ်တည်ရမယ့် အချက်တွေကို အဓိက ဆွေးနွေးတာလို့ပဲ မြင်ပါတယ်” ဟု သုံးသပ်သည်။

ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)ကို ၂၀၁၇ ခုနှစ် ဧပြီလ  ၁၉ ရက်နေ့တွင် “ဝ” ပြည် ပန်ခမ်း(ပန်ဆန်း)တွင် ဖွဲ့စည်းခဲ့ပြီး မဟာမိတ်တို့အကြား ခိုင်မာသော ဆက်ဆံရေးတို့ ရှိနေကြသည်။

FPNCC သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးထားခြင်းမရှိဘဲ NCA မဟုတ်သော အခြားနိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးရန် မူဝါဒချမှတ်ထားသည်။

#R007

ဗီဒီယိုများ