အခုပြောဆိုနေတဲ့ ဖမ်းဆီးထိန်းသိမ်းခံရတဲ့လူတွေကို သမ္မတကြီး လွတ်ငြိမ်းချမ်းသာခွင့်တွေကနေ ဆောင်ရွက်လို့ရပါတယ်”

ရခိုင်ပြည်နယ်အတွင်းမှာ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ အရှိန်ရလာမယ်၊ ဒီလက်နက်ကိုင် ပဋိပက္ခတွေ ရပ်တန့်သွားမယ်ဆိုရင် အခုပြောဆိုနေတဲ့ ဖမ်းဆီးထိန်းသိမ်းခံရတဲ့လူတွေကို သမ္မတကြီး လွတ်ငြိမ်း ချမ်းသာခွင့်တွေက ဆောင်ရွက်လို့ရပါတယ်။ အဲလိုအခြေအနေမျိုး အမြန်ဆုံးရောက်ပါစေလို့တော့ မျှော်လင့်ပါတယ်။

By မင်းထွန်း 03 Jan 2021



NLD ဗဟိုပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်နှင့် ဆက်သွယ်မေးမြန်းခြင်း

ရက္ခိုင့်တပ်တော်(AA)မှ ဖမ်းဆီးထိန်းသိမ်းထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်သုံးဦး အပါအဝင် တပ်မတော်သားသုံးဦးမှာ ဇန်နဝါရီလ ၁ ရက်နေ့က အသီးသီး ပြန်လည်လွတ်မြောက်လာခဲ့သည်။

ထို့အပြင် ပါတီဝင်သုံးဦး လွတ်မြောက်လာခြင်းမှာ တပ်မတော်နှင့် AA တို့ ဆွေးနွေးမှုရလဒ်များကြောင့် ဖြစ်သည်ဟု ဇန်နဝါရီလ ၁ ရက်နေ့တွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။

ထို့အပြင် NLD ပါတီဝင်သုံးဦးကို လွှတ်ပေးသကဲ့သို့ ဖမ်းဆီးခံ ရခိုင်နိုင်ငံရေးသမားများ၊ အရပ်သားများနှင့် တပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးရန် AA က ထုတ်ပြန်ချက်ထုတ်ပြီး တောင်းဆိုသည်။

ထို့ကြောင့် ပါတီဝင်သုံးဦးကို AA မှ လွှတ်ပေးလိုက်ခြင်းအပေါ်မှာ NLD ၏ သဘောထား၊ AA ကို အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ထားတာကနေ ပယ်ဖျက်နိုင်မည့် အခြေအနေများနှင့်ပတ်သက်ပြီး လက်ရှိ အာဏာရပါတီ ဖြစ်သည့် NLD ဗဟိုပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကို DMG သတင်းထောက် မင်းထွန်းက ဆက်သွယ်မေးမြန်းထားသည်။

မေး။ ဖမ်းဆီးခံခဲ့ရတဲ့ ပါတီဝင်သုံးဦးကို AA က ပြန်လွှတ်ပေးလိုက်တဲ့အပါ်မှာ NLD ရဲ့ သဘောထား ဘယ်လိုရှိလဲ။

ဖြေ။ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူသုံးဦးကို ပြန်လွှတ်ပေးလိုက်တယ်ဆိုတာ ကောင်းတဲ့အလုပ်ပါ၊ အပြုသဘော ဆောင်တဲ့အလုပ်လို့ မျှော်လင့်ပါတယ်။ ဒီလိုပဲ ဆက်လက်ပြီးတော့ ဥပဒေနဲ့ညီညွတ်တဲ့ ဆောင်ရွက်ခြင်းအားဖြင့် ငြိမ်းချမ်းရေးကို ပိုပြီးနီးစပ်လာနိုင်မယ်လို့ မြင်တယ်။

မေး။ ပါတီဝင်သုံးဦးကို လွှတ်ပေးတဲ့နည်းတူ ရခိုင်နိုင်ငံရေးသမားတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို ပြန်လွှတ်ပေးဖို့ AA က တောင်းဆိုတဲ့အပေါ်မှာ NLD ရဲ့ သဘောထားဘယ်လိုရှိလဲ။

ဖြေ။ ရခိုင်ပြည်နယ်အတွင်းမှာ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ အရှိန်ရလာမယ်၊ ဒီလက်နက်ကိုင် ပဋိပက္ခတွေ ရပ်တန့်သွားမယ်ဆိုရင် အခုပြောဆိုနေတဲ့ ဖမ်းဆီးထိန်းသိမ်းခံရတဲ့လူတွေကို သမ္မတကြီး လွတ်ငြိမ်း ချမ်းသာခွင့်တွေက ဆောင်ရွက်လို့ရပါတယ်။ အဲလိုအခြေအနေမျိုး အမြန်ဆုံးရောက်ပါစေလို့တော့ မျှော်လင့်ပါတယ်။

မေး။ လက်ရှိမှာ အစိုးရ၊ တပ်မတော်နဲ့ AA တို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုအလားအလာ ရှေ့ဆက် ဘယ်လိုများ ဖြစ်လာနိုင်တယ်လို့ သုံးသပ်မိလဲ။

ဖြေ။ အခုအခြေအနေက နှစ်ဖက်တပ်တွေ ညှိနှိုင်းပြီးတော့ အပစ်ရပ်စဲထားတဲ့အခြေအနေပဲရှိသေးတယ်။ ရခိုင်ပြည်နယ်ရဲ့ ပြဿနာဟာ နိုင်ငံရေးပြဿနာဖြစ်လို့ အဓိကအားဖြင့် နိုင်ငံရေးသဘောတူချက်တချို့ ရရှိမှသာ အမြဲတမ်းငြိမ်းချမ်းသွားနိုင်မှာဖြစ်ပါတယ်။ အဲတော့ နိုင်ငံရေးဆွေးနွေးပွဲတွေကို အမြန်ဆုံး စတင်နိုင်ဖို့ မျှော်လင့်ပါတယ်။

မေး။ AA ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတာကို ပယ်ဖျက်သွားဖို့ရှိလား။

ဖြေ။ အခုလို နိုင်ငံရေးအရ လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦးကို ပြန်ပြီးလွှတ်ပေးလိုက်တယ်။ အလားတူပဲ ဒေသအတွင်းမှာ အကြမ်းဖက်လုပ်ရပ်တွေကို စွန့်လွှတ်မယ်၊ ခြိမ်းခြောက်တာတွေ လျော့ကျသွားမယ် ဆိုရင်တော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်လာတဲ့အမျှ မျှော်လင့်ထားတာတွေလည် ဖြစ်လာနိုင်မယ်လို့ ပြောချင်ပါတယ်။

မေး။ NLD ပါတီဝင်သုံးဦးနဲ့ တပ်မတော်သားတွေကို AA က လွှတ်ပေးလိုက်တာဟာ အကြမ်းဖက်အဖွဲ့ အဖြစ် သတ်မှတ်ခံထားရတာကိုပယ်ဖျက်ဖို့ AA အတွက် အလားအလာကောင်းလို့ပြောလို့ရလား။

ဖြေ။ ကျနော်တို့ နားလည်တာက အခုလောလောဆယ် AA နဲ့ ဆွေးနွေးတာ တပ်မတော်ပဲဖြစ်တယ်။ ကျနော်တို့ သိသလောက်တော့ အစိုးရရဲ့ အဖွဲ့အစည်းတွေက ဆွေးနွေးတာမရှိသေးပါဘူး။ အဲတော့ ဆွေးနွေးထားတဲ့ တပ်မတော်ဟာ အစိုးရရဲ့လက်အောက်မှာ တာဝန်ထမ်းဆောင်နေတယ်လို့လည်း သူတို့ပြောထားတယ်။ အဲတော့ AA နဲ့တွေ့ဆုံးဆွေးနွေးခြင်းအားဖြင့် ဘယ်လိုငြိမ်းချမ်းရေးအတွက် အလားအလာကောင်းတွေ ရလာ ပါတယ်။ ဘယ်လိုသဘောတူညီမှုတွေရလာပါတယ်ဆိုတာကို အစိုးရကိုတင်ပြမယ်ဆိုရင် အစိုးရဟာ ဒီပေါ်မှာ မူတည်ပြီးတော့ လိုအပ်တဲ့အကြမ်းဖက်အဖွဲ့အစည်းအဖြစ်က ပယ်ဖျက်တာတို့ စတဲ့လုပ်ရပ်တွေကို ဆောင်ရွက် နိုင်မှာဖြစ်တယ်။ အဲတော့ တကယ်တမ်း ထဲထဲဝင်ဝင်ဆွေးနွေးထားတဲ့ တပ်မတော်ကနေပြီးတော့ ဒီအချက်တွေကို တင်ပြဖို့လိုတယ်လို့မြင်ပါတယ်။

မေး။ ဖြည့်စွက်ပြီးတော့ ဘာများပြောချင်ပါသလဲ။

ဖြေ။ မြန်မာနိုင်ငံရဲ့ အဓိကပြဿနာဟာ နိုင်ငံရေးမှာပဲအခြေခံတယ်လို့ယုံကြည်ပါတယ်။ ဒီနိုင်ငံရေး ပြဿနာ ကလည်း တိုင်းရင်းသားအချင်းချင်းက နှစ်ပေါင်းများစွာ တစ်ဦးကိုတစ်ဦးယုံကြည်မှုကျဆင်းခဲ့တဲ့အတွက် ဖြစ်တယ်လို့ သုံးသပ်တယ်။ ဒါကြောင့် တိုင်းရင်းသားအချင်းချင်း တစ်ဦးကိုတစ်ဦး ပိုမိုနားလည်ပြီးတော့ အမြဲတမ်းထာဝရပေါင်းစည်းနိုင်မယ့် ပြည်ထောင်စုသစ်ရေးကို အတူတကွတည်ဆောက်နိုင်ပါစေ။ ဒီလို တည်ဆောက်နိုင်ခြင်းအားဖြင့်လည်း မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ်ပြဿနာအပါအဝင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာအားလုံးကို အတူတကွဖြေရှင်းနိုင်တဲ့အချိန် ရောက်လာလိမ့်မယ်လို့ မျှော်လင့်တယ်။

ဗီဒီယိုများ