တောင်ကုတ်မြို့နယ်မှ NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း နှစ်ဦးဖမ်းဆီးခံရ

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ အမျိုးသားဒီမျိုကရေစီအဖွဲ့ချုပ် (NLD) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်နီနီမေမြင့်နှင့် ဒေါ်ချစ်ချစ်ချောတို့နှစ်ဦး ဖမ်းဆီးခံရကြောင်း မိသားစုဝင်များက ပြောဆိုကြသည်။

13 May 2021

DMG ၊ မေ ၁၃

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ အမျိုးသားဒီမျိုကရေစီအဖွဲ့ချုပ် (NLD) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်နီနီမေမြင့်နှင့် ဒေါ်ချစ်ချစ်ချောတို့နှစ်ဦး ဖမ်းဆီးခံရကြောင်း မိသားစုဝင်များက ပြောဆိုကြသည်။

၎င်းတို့နှစ်ဦးမှာ မတ်လ ၁၂ ရက်နေ့ နေ့လည်ပိုင်း (၇) နာရီခန့်က ရန်ကုန်မြို့တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဒေါ်နီနီမေမြင့်၏ ယောကျ်ားဖြစ်သူ ကိုလင်းနိုင်က ပြောသည်။

“မနေ့က ညနေပိုင်းမှာ အဖမ်းခံရတယ်လို့ သိလိုက်ရတယ်။ ရန်ကုန်မှာ အဖမ်းခံရတာ သမီးကိုတော့ သူ့အစ်မ အိမ်ကို လာပို့သွားတယ်လို့ပြောတယ်။ ကျွန်တော်လည်း အဝေးရောက်နေတယ်။ သူ့အစ်မနဲ့ ဖုန်းပြောဖြစ်လို့ သိရတာ။ ဘယ်လိုဖြစ်လဲဆိုတာ ကျွန်တော်ဘာမှ မသိရသေးဘူး” ဟု ကိုလင်းနိုင်က ပြောသည်။

ဖမ်းဆီးခံရသည့် ဒေါ်နီနီမေမြင့်နှင့် ဒေါ်ချစ်ချစ်ချောတို့နှစ်ဦးမှာ မည့်သည့်နေရာတွင် ထိန်းသိမ်းခံထားရသည်ကို မသိရှိရသေးသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့ မွန်းလွဲပိုင်းကလည်း ရခိုင်ပြည်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ သမီးဖြစ်သူ မမိုးဆန်းစုကြည်၊ ရခိုင်ပြည် NLD ပါတီ၏ ဒု-ဥက္ကဋ္ဌ ဦးစိုးလေးအပါအဝင် ပါတီဝင်လေးဦး ရန်ကုန်မြို့ရှိ NLD ရုံးချုပ်ရှေ့တွင် ဖမ်းဆီးခံခဲ့ရပြီး လက်ရှိအချိန်ထိ အဆက်အသွယ်မရရှိသေးကြောင်း မိသားစုဝင်များကပြောသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အာဏာရယူသည့်အချိန်မှစ၍ ရခိုင်ပြည်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ရခိုင်ပြည်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် ဖမ်းဆီးခံထားရသည်မှာ ၁၀ ဦးခန့်ရှိပြီဖြစ်သည်။

ဖမ်းဆီးခံရသူများမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၅)၊ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ရာ ဥပဒေပုဒ်မ (၁၉) ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က) စသည့် ပုဒ်မတို့ဖြင့် တရားစွဲမှုများရှိပြီး ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က) ဖြင့် တရားရင်ဆိုင်နေရသည်။

ထိုသို့ ဖမ်းဆီးမှုများရှိလာသည့်အတွက် ရခိုင်ပြည်အတွင်း NLD အခြားပါတီဝင်များမှာ တိမ်းရှောင်နေကြရကြောင်း သိရသည်။

ဗီဒီယိုများ