NLD အမတ်ဟောင်း ဦးမင်းအောင်နှင့် ပါတီဝင်တစ်ဦးတို့ကို စွဲဆိုထားသည့် ဘေး/စီ/မံအမှုနှင့်ပတ်သက်၍ စွဲချက်တင်သင့်/မတင်သင့် လာမည့်ရုံးချိန်း၌ အမိန့်ချမည်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်နှင့် ပါတီဝင်တစ်ဦးတို့ကို တရားစွဲဆိုထားသည့် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ(၂၅)နှင့်ပတ်သက်ပြီး စွဲချက်တင်သင့်/မတင်သင့်ကို လာမည့် ဇူလိုင် ၂၆ ရက်နေ့ ရုံးချိန်း၌ အမိန့်ချသွားမည်ဖြစ်ကြောင်း သိရသည်။

12 Jul 2021

DMG ၊ ဇူလိုင် ၁၂

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်နှင့် ပါတီဝင်တစ်ဦးတို့ကို တရားစွဲဆိုထားသည့် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ(၂၅)နှင့်ပတ်သက်ပြီး စွဲချက်တင်သင့်/မတင်သင့်ကို လာမည့် ဇူလိုင် ၂၆ ရက်နေ့ ရုံးချိန်း၌ အမိန့်ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့ကို ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ(၁၉)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ(၂၅)တို့ဖြင့် တောင်ကုတ်မြို့နယ်တရားရုံးတွင် တရားစွဲဆို ခံထားရခြင်းဖြစ်သည်။

ယနေ့ ဇူလိုင် ၁၂ ရက်နေ့ရုံးချိန်းတွင် ယင်းပုဒ်မနှစ်ခုလုံးနှင့်ပတ်သက်ပြီး တရားလိုပြသက်သေတစ်ဦးကို စစ်ဆေးခဲ့ပြီးနောက် လာမည့် ဇူလိုင် ၂၆ ရက်နေ့ကို ရုံးချိန်းလိုက်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက် ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင်က ပြောသည်။

“ဒီနေ့ရုံးချိန်းမှာ အမှုစစ်ရဲအရာရှိကိုယ်စား ဒု-ရဲအုပ်သက်နိုင်ဦးက သက်သေအစစ်ခံပေးတယ်။ အဲဒီခါကျတော့ ၂၆ ရက်နေ့ကို ပြန်ချိန်းလိုက်တယ်။ အဲဒီနေ့မှာကျတော့ ငြိမ်းစုစီအမှုမှာ ကိုမင်းအောင်ကိုစစ်မယ်။ ဘေးစီမံအမှု မှာတော့ စွဲချက်အမိန့်ချမယ်” ဟု ပြောသည်။

ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့ကို စွဲဆိုထားသည့် ငြိမ်းစုစီပုဒ်မတွင် တရားလိုအပါအဝင် လိုပြသက်သေ ၉ ဦး ရှိပြီး ဘေး/စီ/မံအမှုတွင်လည်း လိုပြသက်သေ ၉ ဦးရှိသည်။

ယင်းအထဲမှ ဘေး/စီ/မံအမှုတွင် တရားလိုပြသက်သေအားလုံးကို စစ်ဆေးပြီးစီးသွားပြီဖြစ်သည့်အတွက် လာမည့်ရုံးချိန်းတွင် စွဲချက်အမိန့်ချမှတ်ရန်ရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင်က ပြောသည်။

“ဘေး/စီ/မံ အမှုမှာတော့ တရားလိုနဲ့ လိုပြသက်သေတွေအားလုံးစစ်ဆေးပြီးပြီဖြစ်တဲ့အတွက် သူတို့တွေရဲ့ ထွက်ချက်တွေအရ စွဲချက်တင်သင့်၊မတင်သင့်အမိန့်ချမယ်” ဟု သူကဆိုသည်။

ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့ကို တောင်ကုတ်မြို့မရဲစခန်းမှ ဒု-ရဲမှူး ဇော်လတ်က တရားလိုပြုလုပ်ကာ ငြိမ်းစုစီပုဒ်မဖြင့် တရားစွဲဆိုခြင်းဖြစ်သည်။

ယင်းအပြင် သံတွဲခရိုင် သဘာဝဘေးအန္တရာယ်နှင့် ကာကွယ်ရေး ပစ္စည်းထိန်းသိမ်းရေးဌာနမှ ဦးစီးမှူး ဒေါ်မြင့်သူသင်းမှ တရားလိုပြုလုပ်ကာ ဘေးစီမံပုဒ်မဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့က တောင်ကုတ်မြို့၌ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်မှုနှင့် အခမ်းအနားတစ်ခုကို ပြုလုပ်ပြီးနောက် ယင်းနေ့၌ ဦးမင်းအောင်နှင့် ပါဝင်သူတချို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဗီဒီယိုများ