စစ်တွေအိန္ဒိယဆိပ်ကမ်းနဲ့ ဒေသခံတွေရဲ့ မျှော်လင့်ချက်

ရခိုင်မှ အိန္ဒိယသို့ တိုက်ရိုက်ကုန်သွယ်ခွင့်ရပါက ဒေသအတွက် အကျိုးစီးပွားဖြစ်ထွန်းနိုင်မည်ဟု ဒေသခံများက မျှော်လင့်နေကြပြီး လတ်တလောတွင် နှစ်နိုင်ငံကုန်သွယ်မှု လုပ်ဆောင်နိုင်ရေးအတွက် မြန်မာနှင့် အိန္ဒိယတို့ကြား သဘောတူညီမှုများ လိုအပ်နေသေးသည်။

By Admin 17 Jul 2023

စစ်တွေအိန္ဒိယဆိပ်ကမ်းနဲ့ ဒေသခံတွေရဲ့ မျှော်လင့်ချက်

အိန္ဒိယ - မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး ကုလားတန်မြစ်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သော စစ်တွေမြို့က အိန္ဒိယဆိပ်ကမ်းကို မေလ ၉ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကြသည်။

ရခိုင်မှ အိန္ဒိယသို့ တိုက်ရိုက်ကုန်သွယ်ခွင့်ရပါက ဒေသအတွက် အကျိုးစီးပွားဖြစ်ထွန်းနိုင်မည်ဟု ဒေသခံများက မျှော်လင့်နေကြပြီး လတ်တလောတွင် နှစ်နိုင်ငံကုန်သွယ်မှု လုပ်ဆောင်နိုင်ရေးအတွက် မြန်မာနှင့် အိန္ဒိယတို့ကြား သဘောတူညီမှုများ လိုအပ်နေသေးသည်။

အိန္ဒိယဆိပ်ကမ်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်တွင်းက စီးပွားရေး၊ နိုင်ငံရေးနယ်ပယ်တို့က လူပုဂ္ဂိုလ်တို့၏ မျှော်လင့်ချက်၊ သဘောထားအမြင်များကို DMG သတင်းဌာနက စုစည်းဖော်ပြလိုက်သည်။

ဦးတင်အောင်ဦး (ဥက္ကဌ)
ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (RSCCI)

အိန္ဒိယဆိပ်ကမ်းဖွင့်တာကိုတော့ ကျနော်တို့အနေနဲ့ အကောင်းဘက်ကို မြင်တယ်။ ကောင်းလာမယ်ဆိုတဲ့ အနေအထားကို မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရခိုင်ပြည်ကနေ ပြည်ပကုန်သွယ်မှုပြုလုပ်တာဆိုလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တစ်ခုတည်းကိုပဲ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းနဲ့ တင်ပို့နေတာ။

အခု အိန္ဒိယ ကာလကတ္တားဆိပ်ကမ်းနဲ့ တိုက်ရိုက်ကုန်သွယ်မှု ပြုနိုင်မယ်ဆိုတဲ့ အနေအထားတွေကိုတော့ မြင်နေရတယ်။ ကျနော်တို့မြင်တာကတော့ ကုန်သွယ်မှုပြုနိုင်တဲ့နေရာ များလာတဲ့အတွက် ကုန်သည်တွေမှာ ရွေးချယ်စရာတွေ များလာမယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ထိုက်သင့်သလောက် တိုးလာနိုင်မယ်။ တချို့ကုန်စည်တွေကတော့ ရခိုင်ပြည်က ထွက်တာမဟုတ်ပေမယ့် တခြားဒေသတွေက စီးဆင်းတဲ့ ကုန်စည်တွေကို ဒီဘက်မှာတင်ပို့ရတဲ့အချိန်မှာ အခွင့်အရေးတွေရလာတယ်ဆိုတဲ့ အနေအထားတွေတော့ ရှိတယ်။ ကုန်သွယ်မှုအနေနဲ့ကတော့ တိုးတက်ကောင်းမွန်လာမယ်လို့တော့ ကျနော့်အနေနဲ့ ယူဆပါတယ်။

အိန္ဒိယဆိပ်ကမ်း လည်ပတ်နိုင်ဖို့ဆိုရင် အဓိကတော့ CSLA (နှစ်နိုင်ငံကြား တရားဝင် ကမ်းရိုးတန်းသင်္ဘော ကုန်သွယ် မှုစာချုပ် (Coastal Shipping Line Agreement) ပေါ့။ အဲဒါကို အိန္ဒိယနဲ့ မြန်မာနိုင်ငံ (စစ်တွေ - ကာလကတ္တား) ကို ပြေးဆွဲပေးနိုင်မှပဲ ကုန်သွယ်မှုက စတင်ပြီးတော့ လည်ပတ်ဖို့ဆိုတဲ့အနေအထား မြင်တယ်။ ကျနော်တို့ မြန်မာဘက်မှာရှိတဲ့ ကမ်းရိုးတန်းသွားသင်္ဘောတွေနဲ့ ဆွဲခွင့်ရဖို့အတွက် ကျနော်တို့ RSCCI အသင်းကတဆင့် တောင်းဆိုထားတာတွေ ရှိတယ်။ ညှိနှိုင်းထား၊ ညှိနှိုင်းဆဲအနေအထားဖြစ်ပါတယ်။

ကျနော်တို့ တောင်းဆိုထားတာကတော့ ကာလကတ္တားနဲ့ စစ်တွေကို တစ်ပတ်ကို တစ်စီးထွက်မှာလား၊ ဒါမှမဟုတ် တစ်လမှာ နှစ်စီးထွက်မလားဆိုတာကို နှစ်နိုင်ငံအစိုးရတွေက အကောင်ထည်ဖော်ပေးပြီးတော့ ထွက်ပေးရပါမယ်။ ဘာကြောင့်လဲဆိုရင် CSLA ကို အဲဒီလိုထွက်တဲ့အချိန်မှာ ပထမပိုင်းမှာတော့ သင်္ဘောလိုင်းတွေအနေနဲ့ မျှော်လင့်ထားသလောက် အကျိုးအမြတ်ရနိုင်မှာ မဟုတ်ဘူး။ လက်ရှိက ဆိပ်ကမ်းတော့ ဖွင့်ထားတယ်။ ဒါပေမယ့် ကာလကတ္တားနဲ့ စစ်တွေကို အချိန်မှန်မှန် ပြေးဆွဲမယ့် သင်္ဘောတစ်ခုကို ဖော်ဆောင်ပြီးမှပဲ ဆိပ်ကမ်းလည်ပတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဦးသာထွန်းလှ (ဥက္ကဌ) ရခိုင်အမျိုးသားပါတီ - ANP

ရခိုင်ပြည်က ထွက်ကုန်တွေကို အိန္ဒိယဆိပ်ကမ်းကိုအသုံးပြုပြီး ကူးသန်းရောင်းဝယ်ခွင့် ပေးလာရင်တော့ ရခိုင်ပြည်သူတွေအတွက် တစုံတရာအကျိုးရှိမယ်။ ဒါပေမယ့် အခုအချိန်ထိတော့ ရခိုင်ပြည်မှာ ကုန်စည်ကူးသန်း လုပ်ကိုင်နေတဲ့ ဒေသခံလုပ်ငန်းရှင်တွေ ဆိပ်ကမ်းအပေါ် အမှီပြုပြီးတော့ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ရှာဖွေကြဖို့ လိုအပ်တယ်လို့ မြင်တယ်။ ရခိုင်က ကုန်စည်ကူးသန်းရောင်းဝယ်နေတဲ့ ပုဂ္ဂိုလ်တွေကိုလည်း သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေက နိုင်ငံတကာနဲ့ ကုန်စည်ကူးသန်းရောင်းဝယ် လုပ်ကိုင်ခွင့်တွေ ရရှိအောင် ဖန်တီးပေးဖို့လိုတယ်။ ဒါပေမယ့် ဆိပ်ကမ်းစီမံခန့်ခွဲရေး လုပ်ငန်းတွေ၊ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းတွေကို ဗဟိုဦးစီးစနစ်နဲ့ ချုပ်ကိုင်ပြီးလုပ်မယ်ဆိုရင် အကျိုးရှိမှုကတော့ အားနည်းနေမယ်လို့ သုံးသပ်မိတယ်။ ဆိပ်ကမ်းက အိန္ဒိယကနေ ရင်းနှီးမြှုပ်နှံမှုလာလုပ်တယ် ဆိုကတည်းက အိန္ဒိယနိုင်ငံရဲ့ အကျိုးစီးပွားပါတဲ့ လုပ်ငန်းဖြစ်ပါတယ်။ ကျနော်တို့သိရသလောက်ဆိုရင် ဒီဆိပ်ကမ်းဟာ အိန္ဒိယရဲ့ကုန်းတွင်းပိတ် ပြည်နယ်တွေဖြစ်တဲ့ အရှေ့မြောက်ဘက်က ပြည်နယ်တွေအတွက် ကုန်စည်ကူးသန်းရောင်းဝယ်ရေးနိုင်ရေးကို အဓိကရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။

ဒေါ်မအေး (လုပ်ငန်းရှင်) ရွှေကျားအထည်ချုပ်လုပ်ငန်း၊ စစ်တွေမြို့

အိန္ဒိယဆိပ်ကမ်းဖွင့်ပြီဆိုတော့ ကာလကတ္တားနဲ့ စစ်တွေကြားကို သင်္ဘောတစ်လကို တစ်စီးပဲဖြစ်ဖြစ်၊ နှစ်စီးပဲ ဖြစ်ဖြစ် ပုံမှန်ပြေးဆွဲနေမယ်ဆိုရင် ကျမတို့အနေနဲ့လည်း ကွန်တိန်နာ အလုံးလိုက်ဝယ်စရာမလိုဘဲ ကိုယ်တို့ဝယ်နိုင်သလောက် များများစားစား ဝယ်လို့ရမယ်လို့ပဲ မျှော်လင့်တယ်။

ကိုယ်တို့ဆီမှာဆိပ်ကမ်းရှိတဲ့အခါ အိန္ဒိယကထုတ်တဲ့ “ချည်”ဘတွေကို အချိန်တိုအတွင်းမှာ ဝယ်ယူသယ်ဆောင်နိုင်တဲ့ အခွင့်အရေးကို ကျမတို့က မျှော်လင့်မိတယ်။ လောလောဆယ်မှာတော့ သင်္ဘောပုံမှန် ထွက်ပေးမလား၊ မပေးဘူးလား ဆိုတာကတော့ မသိသေးဘူး။ အခု ကျမတို့အခက်အခဲက မုံရွာ၊ မန္တလေးနဲ့ ရန်ကုန်ဘက်တွေက ဝယ်ယူနေရတဲ့ “ချည်” တွေက အိန္ဒိယကလာတဲ့ “ချည်” တွေပါ။ ကျမတို့မှာ လမ်းခရီးစရိတ်တွေကအစ ကုန်ကျစရိတ်တွေ အရမ်းကုန်တယ်။ အခု စစ်တွေဆိပ်ကမ်းနဲ့ အိန္ဒိယ၊ ကာလကတ္တားဆိပ်ကမ်း တိုက်ရိုက် ကုန်သွယ်ခွင့်ရမယ်ဆိုရင် လမ်းခရီးစရိတ်တွေ အကုန်လုံး သက်သာသွားမယ်။ ကားခလည်း မလိုတော့ဘူး။ ကိုယ့်ပြည်မှာကိုယ်၊ ကိုယ့်ဆိပ်ကမ်းက ကုန်ကိုထုတ်ပြီး လုပ်ရုံပါပဲ။ အခု အဲဒီလိုအခွင့်အလမ်းကို ရမလားဆိုပြီး ကျမတို့မျှော်လင့်တာ။

ဦးသိန်းကျော်မြ (တောင်သူ) ပီပင်ရင်ကျေးရွာ၊ မြောက်ဦးမြို့နယ်

ကျနော်တို့ရခိုင်ပြည်ဟာ စိုက်ပျိုးရေးကို အခြေခံတာကြောင့် အိန္ဒိယလို နိုင်ငံကြီးတစ်ခုက ဆိပ်ကမ်းလာဖွင့်တော့ ကျနော်တို့မှာထွက်တဲ့ ဆန်စပါး၊ ပဲ၊ နှမ်းနဲ့ တခြား စိုက်ပျိုးသီးနှံတွေအတွက် အထူး အခွင့်အလမ်းရှိတယ်လို့ ထင်ထားတယ်။ ရခိုင်မှာ မတ်ပဲတို့လိုမျိုး ပဲတွေ စိုက်ပျိုးနိုင်မယ့် အခြေအနေတွေလည်း အများကြီးရှိပါတယ်။ စိုက်ပျိုးမယ့် မြေတွေလည်းရှိတယ်။ စိုက်ပျိုးစရိတ်နဲ့ ထွက်ကုန်ဈေးနှုန်းတွေက မတန်တဲ့အတွက် ကျနော်တို့ လယ်သမားတွေက မစိုက်ပျိုးကြတာ။ ဆိုတော့ ကျနော်တို့ လယ်သမားတွေအတွက် အမှန်တကယ် အကျိုးအမြတ်ဖြစ်မယ်ဆိုရင် ရခိုင်က လယ်သမားတွေဟာ တစ်ယောက်မှကို နိုင်ငံခြားသို့ ထွက်မှာမဟုတ်ဘူး။

အခုဖြစ်နေတာက ဝင်ငွေနဲ့ထွက်ငွေမမျှတဲ့အတွက် ရခိုင်မှာ မတ်ပဲတို့ မစိုက်ပျိုးတာက အဲဒါတွေကြောင့်ဖြစ်တယ်။ ဗမာပြည်ဘက်မှာ စိုက်တဲ့ ပဲတွေစိုက်ပျိုးနိုင်မယ်ဆိုရင် လိုအပ်ချက်တွေ များပါတယ်။ စိုက်ပျိုးရေးနည်းပညာ ဆိုတာကလည်း ကျယ်ပြန့်ပါတယ်။ အခု ရခိုင်မှာဆိုရင် မြေဆီလွှာအရမ်းကောင်းတဲ့ နေရာတွေမှာမှ ပဲတွေ၊ နှမ်းတွေကို စိုက်ပျိုးတာပါ။ မြေမကောင်းတာကိုလည်း ပြုပြင်လို့ရတဲ့အနေအထားတွေ အများကြီးရှိပါတယ်။ အဲဒီအတွက်ကြောင့် အိန္ဒိယဆိပ်ကမ်းဖွင့်တာဟာ ကျနော်တို့လယ်သမားတွေ အတွက်ရော၊ ရခိုင်ပြည် အတွက်ပါ အလားအလာကောင်းတဲ့အတွက် အကောင်းဆုံးဖြစ်ပါစေလို့ မျှော်လင့်မိပါတယ်။

#I003

ဗီဒီယိုများ