- လူသားချင်းစာနာမှု အကျပ်အတည်း အကြီးမားဆုံး ထိပ်တန်း ၅ နိုင်ငံတွင် မြန်မာပါဝင်
- ဂွတိုက်ပွဲ နှစ်ရက်ဆက်တိုက် ပြင်းပြင်းထန်ထန်ဖြစ်ပွား
- အလိုရှိနေသော တရုတ်ဟက်ကာကို အမေရိကန်က ဒေါ်လာ ၁၀ သန်း ဆုကြေးထုတ်
- မွတ်ဆလင်လက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်ပွားမှုရှိကြောင်း AA ပြော
- မြန်မာ့စီးပွားရေး ၁ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာဘဏ် သတိပေး
ပြန်စဖို့အလားအလာ ရှိနေတဲ့ ကုလားတန် ဘက်စုံစီမံကိန်း
အာရက္ခတပ်တော်သည် ရခိုင်နှင့် ချင်းတောင်ပိုင်းတွင် အာဏာပိုင်အဆင့် လွတ်မြောက်နယ်မြေ ထူထောင်ရာ၌ ခြေလှမ်းကြီးကြီး လှမ်းထားနိုင်ပြီး ၎င်းတို့အုပ်ချုပ်မှုအောက်တွင် ပြည်သူ နှစ်သန်းခွဲကျော် ရှိနေသည်။ AA သည် ယခုနှစ်အစောပိုင်းတွင် အိမ်နီးချင်း ချင်းပြည်နယ် ပလက်ဝရှိ စစ်ကောင်စီ၏ စခန်းများနှင့် ဗျူဟာကုန်းများကို တိုက်ခိုက်သိမ်းပိုက်ပြီး ဤဒေသကို ထိန်းချုပ်ခဲ့သည်။
30 Nov 2024
ပလက်ဝဆိုသည်ကို အကျွမ်းတဝင်သိကြသည့် အိန္ဒိယသား များများစားစား မရှိပါ။ ပလက်ဝသည် မြန်မာပြည် အနောက်ဘက်တွင် တည်ရှိ်ပြီး မီဇိုရမ်ပြည်နယ် နယ်စပ်နှင့် ၁၀၀ ကီလိုမီတာကျော်ကျော်သာ ကွာဝေးသည့် မြို့တစ်မြို့ဖြစ်သည်။ ဤမြို့သည် လက်ရှိဖြစ်ပွားနေသည့် မြန်မာ့ပြည်တွင်းစစ်တွင် ပြင်းထန်တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်နေရာ၊ မြန်မာစစ်တပ်နှင့် အာရက္ခတပ်တော်တို့ အကြီးအကျယ် ထိပ်တိုက် ရင်ဆိုင်ခဲ့ကြသည့်နေရာ ဖြစ်သည်။
အာရက္ခတပ်တော်သည် ရခိုင်နှင့် ချင်းတောင်ပိုင်းတွင် အာဏာပိုင်အဆင့် လွတ်မြောက်နယ်မြေ ထူထောင်ရာ၌ ခြေလှမ်းကြီးကြီး လှမ်းထားနိုင်ပြီး ၎င်းတို့အုပ်ချုပ်မှုအောက်တွင် ပြည်သူ နှစ်သန်းခွဲကျော် ရှိနေသည်။ AA သည် ယခုနှစ်အစောပိုင်းတွင် အိမ်နီးချင်း ချင်းပြည်နယ် ပလက်ဝရှိ စစ်ကောင်စီ၏ စခန်းများနှင့် ဗျူဟာကုန်းများကို တိုက်ခိုက်သိမ်းပိုက်ပြီး ဤဒေသကို ထိန်းချုပ်ခဲ့သည်။
အိန္ဒိယအတွက်ကတော့ ဤသည်က မဟာဗျူဟာအရ အရေးကြီးသည့် စိန်ခေါ်ချက်တစ်ရပ် ဖြစ်သွားခဲ့သည်။ ပလက်ဝသည် ကုလားတန် သယ်ယူပို့ဆောင်ရေး ဘက်စုံစီမံကိန်း (KMTTP) အတွက် အရေးပါသည့် အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်။ KMTTP သည် အရေးပါသည့် ဆက်သွယ်ရေး လမ်းကြောင်းတစ်ခု ဖြစ်ပြီး ဒေသတွင် တရုတ်လွှမ်းမိုးမှု ကြီးထွားလာသည်ကို တန်ပြန်ရန်နှင့် အိန္ဒိယ အရှေ့မြောက်ဘက် ကုန်းတွင်းပိတ်ဒေသကို အိန္ဒိယ ပြည်မနှင့် ချိတ်ဆက်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
မြန်မာ့ပြည်တွင်းစစ်ကြောင့် ဤစီမံကိန်း ရှေ့မဆက်နိုင် ဖြစ်နေသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သည်။ ယခုတော့ အိန္ဒိယသည် စီမံကိန်း၏ အရေးပါမှုကို မြန်မာစစ်တပ်နှင့် အာရက္ခတပ်တော်တို့အား စည်းရုံးနိုင်သည့်အတွက် ဤစီမံကိန်းကြီး ပြန်စတော့မည်ဟု အကောင်းမြင်စရာ ရှိနေသည်။
ကုလားတန်စီမံကိန်းသည် ကာလကတ္တားဆိပ်ကမ်းအား ဘင်္ဂလားပင်လယ်အော်မှ တစ်ဆင့် ရခိုင်ပြည်နယ်ရှိ စစ်တွေဆိပ်ကမ်းနှင့် ဆက်သွယ်မည် ဖြစ်သည်။ ထို့နောက် အတွင်းပိုင်း ရေလမ်းကြောင်းဖြင့် စစ်တွေမှ ပလက်ဝသို့ ခရီးဆက်ကာ ပလက်ဝမှ မီဇိုရမ်ပြည်နယ် ဇိုရင်ပွီးမြို့အထိ ကားလမ်းဖြင့် ချိတ်ဆက်မည် ဖြစ်သည်။
စီမံကိန်း၏ အစိတ်အပိုင်းအများစုမှာ ပြီးစီးနေပြီဖြစ်သည်။ ဤအထဲ၌ စစ်တွေဆိပ်ကမ်း တည်ဆောက်မှု၊ ပလက်ဝတွင် ဆိပ်ခံတံတားတစ်ခု တည်ဆောက်မှု၊ ကုလားတန်မြစ်ကြောင်းတလျှောက် ၁၅၈ ကီလိုမီတာအထိ လမ်းကြောင်းဖော်ခြင်းတို့ ပါဝင်သည်။ ပလက်ဝ-ဇိုရင်ပွီး အဝေးပြေးလမ်းမကြီးမှာ ဆောက်လုပ်ရေးအတွက် အသင့် ရှိနေပြီဖြစ်သည်။
၁၀၉ ကီလိုမီတာ ရှည်လျားသည့် အဝေးပြေးလမ်းမကြီး ဖောက်လုပ်ရန်အတွက် အစိုးရနှင့် ဆက်နွယ်သည့် ကုမ္ပဏီတစ်ခု အပါအဝင် စုစုပေါင်း ကုမ္ပဏီငါးခုက အကျိုးတူပူးပေါင်းထားသည်။ လွန်ခဲ့သော ၂ နှစ်နီးပါးတည်းက အိန္ဒိယအစိုးရထံမှ ကန်ထရိုက်ကို လက်ဦးရယူထားသော အိန္ဒိယ ရထားလမ်း ဖောက်လုပ်ရေး ကုမ္ပဏီ (IRCON) နှင့် ဤလုပ်ငန်းစုအကြားတွင် သဘောတူညီချက် တစ်ရပ် ရေးထိုးထားသည်။
ဇိုရင်ပွီးနယ်စပ်အနီး မြန်မာနိုင်ငံထဲတွင် တည်ရှိသည့် ဤလုပ်ငန်းစု၏ ရုံးခန်းတစ်ခုသို့ စာရေးသူ ရောက်ခဲ့ချိန်၌ ဝန်ထမ်းအချို့၊ အမျိုးအစားစုံ ယာဉ်များ၊ JCB မြေတူးစက်များနှင် အခြားယန္တရားများ မြင်တွေ့ခဲ့သည်။ နှစ်လမ်းမောင်း အဝေးပြေးလမ်းမကြီးသည် ယခုနှစ် မိုးရာသီကုန်လျှင် လုပ်ငန်းများ စတင်တော့မည်ဟု ယူဆရကြောင်း စီမံကိန်းနှင့် ဆက်နွယ်သူ မြန်မာတစ်ဦးက ပြောသည်။ ဤလမ်းသည် အာရက္ခတပ်တော် ထိန်းချုပ်ရာနယ်မြေတွင်းရှိ သစ်တောအုပ်နှင့် အန္တရာယ် မကင်းသည့် ဧရိယာများကို ဖြတ်သွားမည် ဖြစ်သည်။
ဤစီမံကိန်းသည် ၂၀၁၀ ခုနှစ်တွင် လုပ်ငန်း စတင်ခဲ့ချိန်တည်းက အပြီးသတ်ဆောင်ရွက်ရမည့် သတ်မှတ်ကာလများကို အကြိမ်ကြိမ် ရက်ကျော်ခဲ့ပြီဖြစ်သည်။
အိန္ဒိယ အရှေ့ပိုင်းရှိ ဆိပ်ကမ်းများမှ ကုန်စည်များကို မြန်မာမှသည် အိန္ဒိယ အရှေ့မြောက်ပိုင်းအထိ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတစ်ရပ် ဖောက်လုပ်ရန် ရည်ရွယ်ပြီး အိန္ဒိယနှင့် မြန်မာအကြား သဘောတူညီချက် မူဘောင်ကို ၂၀၀၈ ခုနှစ်တွင် လက်မှတ်ထိုးသည်။ စီမံကိန်းအတွက် အကြမ်းဖျင်း အသုံးစရိတ် အိန္ဒိယရူပီးငွေ ၂၉၀၀ ခရော (ရူပီးငွေ သန်းပေါင်း ၂၉၀၀၀၊ အမေရိကန်ဒေါ်လာနှင့် ဆိုလျှင် သန်းပေါင်း ၃၄၀ ကျော်) အသုံးပြုရန် ၂၀၁၅ ခုနှစ်တွင် အိန္ဒိယအစိုးရက အတည်ပြုခဲ့သည်။
၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် ပလက်ဝမှ ကျောက်တော်သို့ ခရီးထွက်လာသည့် ဘုတ်နှစ်စီးကို အာရက္ခတပ်တော်က တားဆီးပြီး လိုက်ပါလာသူများအနက် အိန္ဒိယနိုင်ငံသား ငါးဦး၊ မြန်မာရှေ့နေတစ်ဦး အပါအဝင် လူ ၁၀ ဦးကို ဖမ်းဆီးသွားသည်။ ဖမ်းဆီးထားသူများအား နောက်ငါးလအကြာတွင် ပြန်လွှတ်ပေးခဲ့သော်လည်း ၎င်းတို့အနက် အိန္ဒိယဝန်ထမ်း တစ်ဦးမှာ ဖမ်းဆီးထားစဉ်ကာလအတွင်း နှလုံးရောဂါဖြင့် သေဆုံးသွားခဲ့သည်။
ဖမ်းဆီးခံရသူ အိန္ဒိယလူမျိုးများအနက် နှစ်ဦးမှာ ဇိုရင်ပွီးနှင့် ပလက်ဝအကြား အဝေးပြေးလမ်းမကြီးကို C&C ဆောက်လုပ်ရေးကုမ္ပဏီနှင့် ပူးတွဲ ဆောက်လုပ်ခွင့် ကန်ထရိုက် ရရှိထားသော EPIL (အိန္ဒိယ အင်ဂျင်နီယာစီမံကိန်းများ ကုမ္ပဏီ) မှဖြစ်သည်။ EPIL သည် အစိုးရပိုင် ကုမ္ပဏီဖြစ်ပြီး C&C မှာ ဂူရူဂရမ်မြို့ (Gurugram) အခြေစိုက် ပုဂ္ဂလိက ကုမ္ပဏီဖြစ်သည်။
အာရက္ခတပ်တော်နှင့် မြန်မာစစ်တပ်အကြား ပဋိပက္ခဖြစ်ပွားလာပြီးနောက် အိန္ဒိယအစိုးရသည် ၂၀၂၂ ခုနှစ် အလယ်ခန့်တွင် EPIL နှင့် C&C တို့နှင့် ကန်ထရိုက်ကို ရုပ်သိမ်းလိုက်သည်။ အဆိုပါဆုံးဖြတ်ချက်၏ နောက်ကွယ်တွင် “မြန်မာနိုင်ငံမှ မရေရာသည့် အခြေအနေ” များရှိနေကြောင်း အမည်မဖော်လိုသည့် အိန္ဒိယအရာရှိတစ်ဦးက ပြောကြားသည်ဟု ထိုစဉ်က မီဒီယာများတွင် ဖော်ပြခဲ့သည်။ နောက်ပိုင်းတွင် အိန္ဒိယသည် ပြည်ပနိုင်ငံများတွင် စီမံကိန်းများ ဖော်ဆောင်ဖူးသည့် အတွေ့အကြုံရှိထားသော IRCON ကုမ္ပဏီကို ရွေးချယ်ခဲ့သည်။
အိန္ဒိယအလုပ်သမားများ ဖမ်းဆီးခံရခြင်း၊ အိန္ဒိယအစိုးရက ကန်ထရိုက်ကို ဖျက်သိမ်းလိုက်ခြင်းတို့သည် ကုလားတန်စီမံကိန်း၏ အရေးပါသည့် အပြောင်းအလဲများ ဖြစ်သည်။ ဤစီမံကိန်းကို အာရက္ခတပ်တော်၏ အကူအညီမပါဘဲ ပြီးစီးအောင် ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်းကို အိန္ဒိယက သဘောပေါက်သွားပြီ ဖြစ်သည်။ နောက်ဆက်တွဲအဖြစ် အဖြေတစ်ရပ် ရှာဖွေနိုင်ရန်အတွက် အာရက္ခတပ်တော်နှင့် အိန္ဒိယအစိုးရ၏ လုပ်ငန်းအဖွဲ့များအကြားတွင် တွေ့ဆုံဆွေးနွေးမှုများ အများအပြား ပြုလုပ်ခဲ့ကြသည်။
အာရက္ခတပ်တော်က မိမိတို့သည် စီမံကိန်းကို မဆန့်ကျင်ကြောင်း၊ ဒေသခံပြည်သူများ၏ အကျိုးစီးပွားကို ကာကွယ်ဆောင်ရွက်ပေးလိုသည့် ဆန္ဒသာရှိကြောင်း အိန္ဒိယကို အာမခံထားသည်ဟု သိရသည်။
“တောင်ပိုင်းချင်းပြည်နယ်သည် မြန်မာနိုင်ငံတွင် အရေးစိုက်မခံရဆုံး ဒေသများအနက် တစ်ခုဖြစ်သည်။ လက်ရှိတွင် ဇိုရင်ပွီးမှ ပလက်ဝသို့ ခရီးသွားလျှင် ရေကြောင်း တစ်ခုတည်းဖြင့်သာ သွားနိုင်သည်။ ကုလားတန်စီမံကိန်း ပြီးစီးသွားပါက ဒေသတွင်း၌ အဝေးပြေးလမ်းမကြီး မှတစ်ဆင့် ယာဉ်များဖြင့် သွားလာနိုင်မည် ဖြစ်သဖြင့် လူနှင့်ကုန်စည် သယ်ယူပို့ဆောင်ရေးမှာ ပိုမိုမြန်ဆန်လာမည်” ဟု အာရက္ခတပ်တော်မှ အလယ်အလတ်အဆင့်ရှိ အရာရှိတစ်ဦးက ပြောကြားသည်။
အာရက္ခတပ်တော် တပ်မှူးချုပ် ထွန်းမြတ်နိုင်ကလည်း မကြာသေးမီက အင်တာဗျူးတစ်ခု၌ ပလက်ဝဒေသ လုံခြုံရေးနှင့် တည်ငြိမ်ရေးသည် ကုလားတန်စီမံကိန်းကို “ဘေးကင်းလုံခြုံစွာ အချိန်ကိုက်” အကောင်အထည်ဖော်နိုင်ရေးအတွက် အရေးကြီးသည်ဟု ပြောကြားခဲ့သည်။ ဤစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံခြင်းသည် “ဒေသခံ ပြည်သူများအတွက် သာမက အိန္ဒိယ၊ အာရက္ခပြည်နှင့် ဒေသတွင်း အခြားသက်ဆိုင်နေသူများ” အတွက်ပါ အကျိုးဖြစ်ထွန်းနိုင်သည်ဟု သူက ရှင်းပြထားသည်။
IRCON သည် စီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရာတွင် မြန်မာအခြေစိုက် ကုမ္ပဏီများနှင့် သဘောတူညီချက်များ ရယူမည်ဟု အာရက္ခတပ်တော်နှင့် ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးမှုများ၌ သဘောတူထားကြောင်း အိန္ဒိယအစိုးရ သတင်းရင်းမြစ်များအရ သိရသည်။ အပြန်အလှန်အားဖြင့် အဆိုပါတစ်ဆင့်ခံ ကန်ထရိုက်တာများကလည်း မြေပြင်တွင် လုပ်ငန်းခွင်ထောက်ပံ့ပို့ဆောင်ရေးနှင့် စီမံကိန်း အကောင်အထည်ဖော်ရေးတို့အတွက် အာရက္ခတပ်တော်၏ အာမခံယုံကြည်မှု ရရှိအောင် ဆောင်ရွက်ပေးရမည် ဖြစ်သည်။
ဤသို့ ဖြစ်ထွန်းပြောင်းလဲမှုများ ရှိနေသော်ငြားလည်း ကုလားတန် စီမံကိန်းသည် စစ်ကောင်စီ၏ ဗုံးကြဲပစ်မှတ် ဖြစ်လာနိုင်သည့် အန္တရာယ်ကို ရင်ဆိုင်နေရဆဲ ဖြစ်သည်။ အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေများ အပါအဝင် နိုင်ငံတစ်ဝန်းရှိ တော်လှန်ရေး တိုက်ပွဲဧရိယာ အားလုံးနီးပါးသည် စစ်ကောင်စီ၏ အဆင်ခြင်မဲ့ ဗုံးကြဲမှုများကို ရင်ဆိုင်နေရသည်။ ပလက်ဝတောင်ဘက် ၈၀ ကီလိုမီတာခန့် အကွာတွင်ရှိသည့် ကျောက်တော်ဆိုလျှင် မကြာသေးမီကမှ ဗုံးကြဲခံထားရပြီး လေးဦးထက်မနည်း အသက်ဆုံးပါးခဲ့ရသည်။ မြန်မာစစ်ကောင်စီကို နယူးဒေလီက စစ်ရေးအကူအညီများ ပေးနေခြင်း၏ အကြောင်းရင်းများအနက် တစ်ခုမှာ ကုလားတန်စီမံကိန်း ဘေးကင်းလုံခြုံရေးကို အတွက် ဖြစ်သည်။
မြို့မှ ဘုတ်နှင့် ထွက်လာပြီးနောက် ပလက်ဝဆိပ်ကမ်းသို့ စာရေးသူ ရောက်ရှိခဲ့စဉ်က ကုလားတန်မြစ် တစ်ဘက်ကမ်းတွင် ဆိုင်းဘုတ်ကြီးတစ်ခု ထောင်ထားသည်ကို မြင်ခဲ့သည်။ အဆိုပါဆိုင်းဘုတ်ပေါ်တွင် အိန္ဒိယနှင့် မြန်မာအလံပုံများနှင့်အတူ “အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး စီမံကိန်း” ဟူသည့်စာလုံးကြီးများ ရေးထားသည်။
ပလက်ဝဆိပ်ခံတံတားကတော့ ယိုယွင်းပျက်စီးနေပုံပေါ်သည်။ စစ်တွေမှလာသည့် ကုန်စည်များကို ပမာဏကြီးကြီးမားမား ကိုင်တွယ်နိုင်မည့်ဟန် မရှိပေ။ ဆိပ်ကမ်း အချို့နေရာများမှာလည်း မိုးသည်းထန်စွာ ရွာခဲ့ပြီးနောက် သြဂုတ်လ ပထမသီတင်းပတ် အတွင်းက ရေလွှမ်းလျက်ရှိသည်။ အသုံးမပြုသည့် ယာဉ်ကြီးယာဉ်ငယ် စုစုပေါင်း ၁၅ စီးခန့်လည်း ရုံးဝင်းထဲတွင် တွေ့ရသည်။ ရုံးတွင်း ပထမထပ်၌ ကုလားထိုင်များ၊ စားပွဲများ၊ ကွန်ပျူတာအချို့၊ လျှပ်စစ်ပစ္စည်းအချို့ တွေ့ရသည်။ မပြီးမစီး အဝေးပြေးလမ်းမကြီးမှာ ရုံးဝင်း၏ အရှေ့ဘက်မျက်နှာစာမှ ကွေ့ပတ်သွားသည်ကို မြင်ရသည်။
ရုံးကို ပြန်လည်ပြင်ဆင်မည့် အစီအစဉ် ရှိ၊မရှိ မြေညီထပ်ဝရန်တာတွင် ထိုင်နေကြသည့် ဝန်ထမ်းနှစ်ဦးအား မေးမြန်းရာ မသိကြပေ။
“ဒီမှာက အနှောင့်အယှက်တွေ ရှိနေတော့ အခြေအနေ ဘာမှမသေချာဘူး။ မိုးရာသီကုန်ရင်တော့ အပြောင်းအလဲတွေ ရှိနိုင်တယ်လို့ ကျွန်တော်တို့ကို ပြောတယ်” ဟု ၎င်းတို့ထဲမှ တစ်ဦးက ရခိုင်စကားဖြင့် ဖြေကြားသည်ကို ULA မှ တာဝန်ခံတစ်ဦးက စာရေးသူအား ဘာသာပြန်ပြောပြသည်။
ဇိုရင်ပွီးဘက်တွင် လုံခြုံရေး အခြေအနေ၊ မီဇိုရမ်မှ ရနိုင်သည့် လောင်စာဆီအပါအဝင် လိုအပ်သည့် ပစ္စည်းပစ္စယများ လွယ်လင့်တကူ ရရှိနိုင်သည့် အနေအထား တို့ကြောင့် အဝေးပြေးလမ်း ဖောက်လုပ်ရေးမှာ ဇိုရင်ပွီးဘက်မှ စတင်နိုင်ခြေ ရှိသည်။
ဇိုရင်ပွီးနှင့် မီဇိုရမ် ခရိုင်ရုံးများ တည်ရှိရာ လောင်တလိုင်မြို့ကို ဆက်သွယ်သည့် အဝေးပြေးလမ်းမကြီးသည် ၈၇ ကီလိုမီတာ ကွာဝေးသည်။ ဤလမ်း၏ အရေးပါသည့် အစိတ်အပိုင်းတစ်နေရာကို လွန်ခဲ့သည့် ခြောက်နှစ်ကတည်းက ဖောက်လုပ်ပြီးစီးသွားပြီ ဖြစ်သော်လည်း ကျန်နေရာများမှာ မြေပိုင်ရှင်များက အစိုးရထံမှ လျော်ကြေးတောင်းခံနေကြသည့်အတွက် တရားတဘောင် အခက်အခဲများ ကြုံနေရသည်။ အဆိုပါပြဿနာကို ဖြေရှင်းရဦးမည် ဖြစ်သည်။
မြေပိုင်ရှင်အချို့သည့် ဧရိယာအချို့တွင် မြေစာရင်းဦးစီးဌာနနှင့် ပိုင်ဆိုင်မှု အငြင်းပွားနေကြသည်ဟု အရာရှိတစ်ဦးက ရှင်းပြသည်။
“စာရွက်စာတမ်းတွေ အကုန်လုံးကို အိုက်ဇောဆီ ပို့လိုက်ပါပြီ။ အခုတော့ အစိုးရရဲ့ အပြီးသတ်ဆုံးဖြတ်ချက် အပေါ်ပဲ မူတည်နေပါတယ်” ဟု သူကပြောသည်။
လောင်တလိုင်မှ ဇိုရင်ပွီးအထိ သွားခဲ့သည့် ကုလားတန် အဝေးပြေး လမ်းတကြောမှာ လေးနာရီခန့် ကြာခဲ့ပြီး လမ်းတလျှောက်မှာလည်း ချိုင့်ခွက်များ၊ အဖုအထစ်များနှင့် ဖြစ်သည်။ လမ်းမကြီးတလျှောက် ၂၅၀ မီတာခန့် မိုးသည်းထန်ပြီး ရေလွှမ်းခဲ့သဖြင့် ဇူလိုင်လ ၆ ရက်နေ့တွင် စာရေးသူ အပြန်ခရီး၌ ဤလမ်းအား ပိတ်ထားသည်ကို တွေ့ခဲ့ရသည်။
လောင်တလိုင်မှ အိုက်ဇောအထိ ၂၃၀ ကီလိုမီတာ အဝေးပြေးလမ်းကြော (အမျိုးသားလမ်းမကြီး အမှတ် ၅၄) မှာ ကျဉ်းမြောင်းသည်။ မြန်မာနှင့် ကုန်သွယ်ရေး စတင်ချိန်၌ ဤလမ်းကြောင်းမှတစ်ဆင့် ကုန်ကားအမြောက်အများ သွားလာနိုင်မည့်ပုံ မရှိပေ။ အစိုးရ သတင်းရင်းမြစ်များကတော့ ဤလမ်းကို ချဲ့ထွင်ရန် လုပ်ငန်းများ စတင်ဆောင်ရွက်မှု ရှိခဲ့သည်ဟု ပြောကြသည်။ အချို့လုပ်ငန်းခွင်များမှာ ဖျက်သိမ်းထားသလို ကန်ထရိုက်အတွက် တင်ဒါများ အဆိုပြုထားကြဆဲ ဖြစ်သည်။ တရားရုံးတွင် အမှုဖြေရှင်းနေရဆဲ ဧရိယာအချို့တွင်လည်း လမ်းသားချဲ့မှုများ ရှိခဲ့သည်ဟု သတင်းရင်းမြစ်များက ပြောကြသည်။
စီစဉ်ထားသည်မှာ အိုက်ဇောမြို့ကို အာသံပြည်နယ် တောင်ပိုင်းရှိ ၁၇၀ ကီလိုမီတာခန့် ကွာဝေးသည့် ဆီချား (Silchar) မြို့နှင့် ချိတ်ဆက်ရန်ဖြစ်သည်။ ဆီချားသည် ဂူဂျာရက်ပြည်နယ် ပေါ်ဘန်ဒါမြို့အထိ အရှေ့အနောက်စင်္ကြံ စမှတ်လည်း ဖြစ်သည်။ ကုလားတန်စီမံကိန်း အတွက်ကတော့ ရှေ့တွင် ခရီးရှည်ကြီး ရှိနေဆဲ ဖြစ်ကာ စီမံကိန်း အပြီးသတ်ချိန်အထိ ဆိုလျှင် မြန်မာနှင့် မီဇိုရမ် အခြေအနေများအပေါ် မူတည်၍ နှစ်ပေါင်းများစွာ ကြာကောင်းကြာဦးမည် ဖြစ်လေသည်။
The Week ဝဘ်ဆိုက်တွင် ဖော်ပြထားသော India-Myanmar: Why Kaladan transit project could resume soon ကို ဘာသာပြန်ဆိုပါသည်။ ဆောင်းပါးရှင် Rajeev Bhattacharyya သည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်အခြေစိုက် အကြီးတန်း သတင်းထောက်တစ်ဦးဖြစ်သည်။