- AA ထိန်းချုပ်မြို့နယ်များပါ မြို့နယ် ၆၃ ခုကို စစ်အုပ်ချုပ်ရေးကြေညာမှု ဘာတွေဖြစ်လာနိုင်မလဲ
- အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းမှ စစ်ကောင်စီ၏ မဟာမိတ်များကို ပယ်ဖျက်ခြင်းသည် လွန်ကဲသည့် လုပ်ရပ်ဟု ကုလကိုယ်စားလှယ်ပြော
- ကုလားတန်အထက်ပိုင်း ဒေသခံများ ကျန်းမာရေး စိန်ခေါ်မှုများ ရှိနေကြ
- လေးမျက်နှာမြို့နယ်တွင် စစ်ကောင်စီ ထိုးစစ်ဆင်နေ
- ပေါက်တောက မိန်းကလေးငယ် အဓမ္မပြုကျင့်ခံရမှု အမြန်ဆုံး ထိရောက်စွာအရေးယူပေးရန် ကျောင်းသားသမဂ္ဂက တောင်းဆို
ကုလားတန်အထက်ပိုင်း ဒေသခံများ ကျန်းမာရေး စိန်ခေါ်မှုများ ရှိနေကြ
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ် ကုလားတန်အထက်ပိုင်းဒေသက ပြည်သူများမှာ ကျန်းမာရေးပြဿနာများ အခက်တွေ့နေပြီး အချိန်မီ ဆေးကုသနိုင်ရန် စိန်ခေါ်မှုများရှိနေကြရသည်။
01 Aug 2025

DMG ၊ ဩဂုတ် ၁
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ် ကုလားတန်အထက်ပိုင်းဒေသက ပြည်သူများမှာ ကျန်းမာရေးပြဿနာများ အခက်တွေ့နေပြီး အချိန်မီ ဆေးကုသနိုင်ရန် စိန်ခေါ်မှုများရှိနေကြရသည်။
ခပေါ်၊ မာလာ(ရခိုင်)၊ မာလာ (မြို) ဒက်ဖြူ၊ သံပုရာထောင့်၊ ဝက်မကျ စသည့် ကျေးရွာပေါင်း ၁၀ ကျော်မှ ရခိုင်နှင့် မြိုလူမျိုးများမှာ ကျေးရွာများအတွင်း ကျန်းမာရေးဝန်ထမ်း မရှိခြင်း၊ လမ်းခရီးဝေးခြင်းတို့ အပြင် ဆေးဝါး ဈေးကြီးခြင်းတို့ကြောင့် အခက်ခဲများစွာ ဖြစ်နေရသည်။
" နေမကောင်းဖြစ်ရင် ရပ်ဝေးက သူနာပြုတွေကို ဆိုင်ကယ်နဲ့ သွားခေါ်ရတယ်။ တကယ်လို့ အဲသူနာပြုနဲ့ ကုလို့ မနိုင်ရင် ကျောက်တော်မြို့ကို သွားပြီး ဆေးခန်းပြရတယ်။ ကျနော်တို့ တောင်းဆိုချင်တာက ရွာမှာ သူနာပြု တစ်ယောက်လောက် ရှိရင် ပိုကောင်းပါတယ်။ တကယ်လို့ အရေးပေါ် ကျန်းမာရေးတစ်ခုခုဖြစ်ရင် အဝေးသွားလို့ ခေါ်ရတယ်၊ ညဆိုရင်လည်း သွားခေါ်ရတာနဲ့ အခက်ခဲဖြစ်ကြတယ် " ဟု ခပေါ်ကျေးရွာမှ မြိုလူမျိုး ကိုညီညီလေး က ပြောသည်။
လက်ရှိ မိုးရာသီကာလအတွင်း ကုလာတန်းမြစ်ဖျားကျေးရွာများတွင် ခြင်ကြောင့် ဖြစ်သည့် ငှက်ဖျား၊ တုပ်ကွေးစသည့် ရောဂါများအဖြစ်များပြီး ကျောက်တော်မြို့သို့ ဒေသအခေါ် တုတ်တုတ်ချေ(အိန္ဒိယသုံးဘီး) လမ်းစရိတ် သိန်းဂဏန်းထိ အကုန်ခံ၍ သွားပြရကြောင်း ဆိုသည်။
ယင်းကြောင့် ကျန်းမာရေးဝန်ထမ်းများချပေးစေလိုကြောင်း ခပေါ်ကျေးရွာသားများက တောင်းဆိုကြသည်။
သောက်ဆေးများဖြင့် ကုသမည်ဆိုလျှင်လည်း ခေါင်းကိုက်၊ ဖျားနာစသည့် ရောဂါများအတွက် စပ်ဆေး တစ်ချိန်စာအတွက် ငွေကျပ် သုံးထောင်မှ ငါးထောင်ကျပ် အထိပေးဝယ် သောက်သုံးနေကြရသည်။
ထို့ကြောင့် အရေးပေါ် အခြေအနေများအတွက် ဆေးရုံဆေးခန်းများကို သွားပြရလျှင် ကျေးရွာအတွင်း တခြားသူများမှ ကုသစရိတ်များကို ချေးငှား၍ သွားရောက်ကုသရကြောင်း ပြောဆိုကြသည်။
" ကျောက်တော်ကို လူတစ်ယောက်သွားဖို့ ဆေးကုစရိတ်နဲ့ဆို အနည်းဆုံးက တစ်သိန်းနှစ်သိန်းလောက် လိုတယ်။ ဆေးခန်းပြဖို့လည်း အရင်လို လေးငါးသောင်းနဲ့ မရတော့ဘူ။ တစ်သိန်းကျော်လောက် ကုန်တာပါပဲ" ဟု မာလာကျေးရွာမှ ကိုယ်ဝန်ဆောင် မလှဝင်းက ပြောသည်။
ကုလာတန်းမြစ်ဖျားပိုင်း ကျေးရွာများသည် တောတောင်ထူထပ်ပြီး ခြင်ကြောင့်ဖြစ်သည့် ရောဂါများ အဖြစ်များသည့်အပြင် တောတောင်အမှီပြုလုပ်ကိုင်စားသောက်မှုများ အကန့်အသတ်ရှိခြင်းကြောင့် ဝင်ငွေနည်းပါးပြီး ကျန်းမာရေး ကုသရန်အတွက် ဖြေရှင်းနိုင်ရန် အခက်အခဲများရှိနေကြသည်။
ပြီးခဲ့သည့် မေ ၂၄ ရက်က ကုလားတန်အထက်ပိုင်း တင်းမကျေးရွာမှ အမျိုးသမီးငယ်တစ်ဦးမှာ ငှက်ဖျားရောဂါဖြစ်၍ သေဆုံးသွားခဲ့သည်။