လူမျိုးရေးပဋိပက္ခကို ဦးတည်စေနိုင်တဲ့ဖြစ်စဉ်တွေကို ဆင်ခြင်သတိထားကြဖို့ ULA/AA ရဲ့ ထုတ်ပြန်ချက်အပေါ် အမြင်များ

ရခိုင်ပြည်အတွင်းမှာ အခုဒီဇင်ဘာလအတွင်း ထူးခြားဖြစ်စဉ်တွေကို ဆက်တိုက်တွေ့ရှိလာရသလို လူမျိုးရေးပဋိပက္ခကို ဦးတည်စေနိုင်တဲ့ဖြစ်စဉ်တွေပါ တွေ့ရှိလာရတာကြောင့် ဆင်ခြင်သတိထားကြဖို့ ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ဒီဇင်ဘာ ၁၇ ရက်နေ့မှာ အသိပေးထုတ်ပြန်လာပါတယ်။

22 Dec 2021

DMG ၊ ဒီဇင်ဘာ ၂၂
(Vox Pop)
ရခိုင်ပြည်အတွင်းမှာ အခုဒီဇင်ဘာလအတွင်း ထူးခြားဖြစ်စဉ်တွေကို ဆက်တိုက်တွေ့ရှိလာရသလို လူမျိုးရေးပဋိပက္ခကို ဦးတည်စေနိုင်တဲ့ဖြစ်စဉ်တွေပါ တွေ့ရှိလာရတာကြောင့် ဆင်ခြင်သတိထားကြဖို့ ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ဒီဇင်ဘာ ၁၇ ရက်နေ့မှာ အသိပေးထုတ်ပြန်လာပါတယ်။

ရခိုင်ပြည်အတွင်းနေထိုင်ကြတဲ့ မတူညီတဲ့လူမျိုးတွေအနေနဲ့ ULA ရဲ့ ထုတ်ပြန်ချက်အပေါ်မှာ ဘယ်လိုတွေ ရှုမြင်ကြသလဲ။ အရင်ကပဋိပက္ခတွေဖြစ်ခဲ့ဖူးတဲ့ ရခိုင်နဲ့ မွတ်ဆလင်အသိုင်းနှစ်ခုက လူတချို့ရဲ့အမြင်ကို DMG မှ မေးမြန်းဖော်ပြပေးလိုက်ပါတယ်။

ကိုဇော်ဝင်း (ရခိုင်ဒေသခံ)၊ ကျောက်တော်မြို့

ခေတ်အဆက်ဆက်အစိုးရတွေက ဒီလိုလူမျိုးရေးပဋိပက္ခတွေ ဖန်တီးကြတယ်။ အထူးသဖြင့် သူတို့သွားချင်တဲ့ နိုင်ငံရေးလမ်းကြောင်းကိုရောက်ဖို့ လူမျိုးရေးပဋိပက္ခတွေကိုဖန်တီးနေကျတာမို့ အခု AA ကနေ လူမျိုးရေး ပဋိပက္ခတွေမဖြစ်အောင် သတိထားဆင်ခြင်ကြဖို့ထုတ်ပြန်ချက်ဟာ ငြင်းလို့မရဘူး။ ဖြစ်နိုင်ချေရှိတယ်။ ရခိုင်ပြည်မှာ နှစ်ဖက်အသိုင်းအဝိုင်းကြားယုံကြည်မှုက တည်ဆောက်နေတဲ့ကာလဆိုတော့ ဒါကဆင်ခြင်ရမယ့် အပိုင်းဖြစ်တယ်။ လက်ရှိမှာ မလိုလားအပ်တဲ့အနိဌာရုံတွေကို ကြားနေရတယ်။

နောက်တစ်ခုက ရခိုင်နဲ့ မွတ်ဆလင်အသိုင်းအဝိုင်းတစ်ခုတည်းမဟုတ်ဘဲ တခြားအသိုင်းအဝိုင်းတွေနဲ့ ရန်တိုက်နေတဲ့အခန်းကဏ္ဍာတွေကိုလည်း ကြုံနေရတယ်။ မကြာသေးခင်ကဆို ပလက်ဝရေးရာဝန်ကြီး တစ်ဦးက ခမီအမျိုးသမီးတွေ ကပြရမယ့်အပိုင်းမှာ ခမီအမျိုးသမီးနေရာမှာ ရခိုင်အမျိုးသမီးတွေက ခမီဝတ်စုံတွေဝတ်ပြီး ဟန်ဆောင်ကပြဖို့ စည်းရုံးခေါ်ဆောင်တဲ့အပိုင်းတွေက ရခိုင်နဲ့ ခမီတွေကြားမှာ ပဋိပက္ခတွေ ကြီးကြီးမားမားဖြစ်လာနိုင်ခြေရှိတယ်။

လူမျိုးရေးပဋိပက္ခတွေနဲ့ပတ်သက်လို့ အရင်က တော်တော်ကြောက်လန့်စိုးရိမ်စိတ်တွေရှိခဲ့တယ်။ အခုက စိုးရိမ်စိတ်တော့ရှိတယ်။ အရင်ကလောက်မများဘူး။ ဘာဖြစ်လို့လဲဆိုရင် AA က တော်တော်များများကို လုပ်ဆောင်နိုင်တဲ့စွမ်းရည်ရှိတာကို သူတို့လုပ်ဆောင်ထားတဲ့ အခြေအနေက သက်သေပြနေတယ်။ ပေါ်ပေါက်လာတဲ့ပဋိပက္ခတွေကို AA က ဖြေရှင်းဆောင်ရွက် နိုင်လိမ့်မယ်လို့ယုံကြည်တယ်။ ကျနော်တို့ ပြည်သူတွေအကုန်လုံးကလည်း တပ်တော်ရဲ့ဖြစ်စေချင်တဲ့  ဆန္ဒအပေါ်မှာ ဝိုင်းဝန်းပူးပေါင်းဖို့လိုတယ်။

ဦးဖြူချေ (မွတ်ဆလင်ဒေသခံ) ၊ ကျောက်တစ်လုံးဒုက္ခသည်စခန်း၊ ကျောက်ဖြူမြို့

ရခိုင်ပြည်မှာ လူမျိုးရေး၊ ဘာသာရေးအသွင်ဆောင်တဲ့ပဋိပက္ခတွေက ၂၀၁၂ ကတည်းကနေ တောက်လျှောက်ဖြစ်လာတယ်။ AA ဆိုတာကလည်း ရခိုင်ပြည်တွင်းက ရခိုင်သားတွေနဲ့ ထူထောင်ထားတာဖြစ်တဲ့အတွက် အဲဒီအကျိုးကိုသိတယ်။ ဒီလိုမျိုးရန်တိုက်တာကို ကျနော်တို့ခံလာရပြီးပြီ။ ဒီအချိန်မှာ AA ကထုတ်ပြန်တာ မှားတာမဟုတ်ဘူး။ ကိုယ့်လူတွေကို အသိပေးတာဖြစ်တယ်။ နိုင်ငံရေးတစ်ခု လုပ်တော့မယ်ဆိုရင် ရခိုင်မှာနေထိုင်တဲ့ အစ္စလာမ်ဘာသာဝင်တွေနဲ့ ရခိုင်တွေကို အသာလေးရန်တိုက်လိုက်တယ်။ ဗလီကျောင်းတွေကို မီးရှို့လိုက်တယ်။ နောက်အစ္စလာမ်ရွာတွေက အမျိုးသမီးတွေနဲ့ ပြဿနာဖြစ်အောင်ဖန်တီးတာတွေ အဲလိုမျိုးတွေကိုကြုံဖူးတဲ့အတွက် အခု ULA /AA ရဲ့ ထုတ်ပြန်ချက်ကို အများကြီးသဘောကျတယ်။ အခုလို အသိပေးတဲ့အတွက် အကုန်လုံးကိုယ့်ဟာနဲ့ကိုယ် ဆင်ခြင်လို့ရတယ်။ နောက်တစ်ကြိမ် မမှားတော့ဘူး။
ခေတ်အဆက်ဆက် စစ်အစိုးရ၊ ဒီမိုကရေစီအစိုးရတွေ အုပ်ချုပ်ခဲ့တယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာဆိုရင် တော်တော်ကြီးဖြစ်ခဲ့တယ်။ NLD အစိုးရလက်ထက်မှာလည်း ဖြစ်တာပဲ။ ရခိုင်ပြည်တွင်း ပေါက်ဖွားတဲ့လူတွေကို ဘယ်သူက ရန်တိုက်တာလဲဆိုတာကို ပေါ်လွင်ပြီးသားဖြစ်တယ်။ အခုကိုယ့်ရခိုင်ပြည်တွင်းက ULA /AA  ရဲ့ ထုတ်ပြန်ချက်ကို သဘောကျတယ်။ တန်ဖိုးလည်းထားတယ်။ ကျနော်တို့လည်း ဆင်ခြင်လို့ရတယ်။ နောက်ပြည်သူပြည်သားတွေ အကုန်သိသွားတယ်။

ဒေါက်တာအေးမောင် (လွှတ်တော်အမတ်ဟောင်း)

မြန်မာတစ်နိုင်ငံလုံးမှာ ရခိုင်ပြည်နယ်က အတည်ငြိမ်ဆုံးဖြစ်တယ်။ အဲဒါကို ရခိုင်ပြည်သူ လူထုကလည်း ဂုဏ်ယူဝမ်းမြောက်ကြတယ်။ ကျန်တဲ့တိုင်းရင်းသားအားလုံးနီးပါးလောက်ကလည်း ရခိုင်ပြည်တည်ငြိမ်တာကို အားကျကြတယ်။ အားကျတဲ့ကဏ္ဍာရဲ့နောက်မှာ ကျနော်တို့သုံးသပ်တာက (ULA/AA)ရဲ့ ကိုယ့်ဒေသကို တည်ငြိမ်အောင်ထားနိုင်တဲ့ ဂုဏ်ပြုမှုတစ်ခုလည်းပါမှာပေ့ါ။ မြန်မာတပ်မတော်နဲ့လည်း နှစ်ဖက်စစ်မဖြစ်အောင်၊ သည်းခံထိန်းချုပ်နေကြတယ်။ ဆွေးနွေးညှိနှိုင်းနေကြတယ်ဆိုတာကို အသိမှတ်ပြုတဲ့သဘောလည်း တွေ့ရတယ်။ တချို့အင်အားစုတွေက ဒီဥစ္စာကြီးကို သိပ်ပြီးကြိုက်တဲ့ပုံမပေါက်ဘူး။ တခြားနေရာတွေမှာလို ရခိုင်ပြည်မှာလည်း ဖြစ်စေချင်တဲ့ အင်အားစုတွေ ရှိတာကိုတွေ့ရတယ်။
အခု AA ကနေထုတ်ပြန်တာက ကောင်းတဲ့အချက်ဖြစ်တယ်။ အခုလိုတည်ငြိမ်တဲ့အနေအထား နှစ်ဖက်ကလည်း စစ်ရေး၊နိုင်ငံရေးကို သည်းခံထိန်းချုပ်နေကြတဲ့အနေအထားမှာ ၂၀၁၂ နဲ့ ၂၀၁၇ ခုနှစ်တွေကလို တစ်ရွာလုံး တစ်ပြည်လုံး ပြန့်သွားတာမျိုးမဖြစ်ဖို့အတွက် ဒီလိုမျိုး (ULA/AA)ဘက်က ထုတ်ပြန်ပေးတာကောင်းပါတယ်။ သက်ဆိုင်ရာ ပြည်နယ်အစိုးရ ဒေသအာဏာပိုင်တွေကလည်း ဒါမျိုးထုတ်ပြန်ပေးသင့်တယ်။
အကျဉ်းချုပ်ပြီးသုံးသပ်လို့ရှိရင် လက်ရှိအခင်းအကျင်းမှာ မည်သည့်လူမျိုးရေး တင်းမာမှုမှမဖြစ်သင့်ဘူး။ မည်သည့်လှုံ့ဆော်တိုက်တွန်းမှုကိုမှ ရခိုင်လူထုကလည်း နားမယောင်သင့်ဘူး။ အစ္စလာမ်ဘာသာဝင်တွေ ဘက်ကလည်း နောင်အရေးကိုမျှော်တွေးပြီး တည်ငြိမ်အေးချမ်းတဲ့ ရခိုင်ပြည်နယ်အခင်းအကျင်း ဖြစ်စေချင်ရင် အခုလိုအခင်းအကျင်းမှာ ဝင်မပါသင့်ဘူးလို့သုံးသပ်တယ်။ အဲဒါကြောင့် (ULA/AA)ရဲ့ ထုတ်ပြန်ချက်ဟာ နောင်ရခိုင်ပြည်နယ်အေးချမ်းစေဖို့အတွက် ကောင်းမွန်တဲ့ပြည်သူသို့ ပန်ကြားချက်ဖြစ်တယ်။ အစ္စလာမ်ဘာသာဝင်တွေကလည်း နားလည်သဘောပေါက်စေချင်တယ်။ တည်ငြိမ်တဲ့ ရခိုင်ပြည်နယ် အခင်းအကျင်းကို ရခိုင်မှာနေထိုင်လာခဲ့ကြတဲ့၊ နေထိုင်ကြရအုံးမှာဖြစ်တဲ့ ဘာသာမျိုးစုံ၊ လူမျိုးပေါင်းစုံက ဒီအခင်းအကျင်းကိုသဘောပေါက်ပြီး နောင်မဖြစ်ဖို့အတွက် (ULA /AA)၊ လက်ရှိပြည်နယ်အစိုးရနဲ့အတူ ဝိုင်းဝန်းပြီး ကူညီဖေးမဖို့လိုအပ်တယ်။

မူဟာမတ်ဆာလတ်(အမည်လွဲ)၊ (မွတ်ဆလင်ဒေသခံ)၊ ဘူးသီးတောင်မြို့

ကျနော်တို့ဒေသမှာ အရေးအခင်းတွေမဖြစ်ခင်တုန်းက အားလုံးသဟဇာတဖြစ်ပြီး စီးပွားရေး၊ လူမှုရေး၊ ပညာရေးတွေအကုန်လုံးပုံမှန်ရှိခဲ့တယ်။ ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်းမှာ လူတွေက ကျနော်တို့ဒေသဘက်ကိုလာပြီး မဲဆွယ်စည်းရုံးတယ်။ နောက်တော့ ရခိုင်နဲ့ အစ္စလာမ်ဘာသာဝင်တွေကြားမှာ နားလည်မှုလွဲပြီးတော့ ၂၀၁၂ အရေးအခင်းဖြစ်သွားတယ်။ နောက် ၂၀၁၆-၁၇ အရေးအခင်း ဖြစ်စဉ်တွေဖြစ်ခဲ့တယ်။ အခုက အထိုက်အလျောက်ပြန်လည်အဆင်ပြေလာတယ်။
အခုဆို ဗမာပြည်ကလည်း သာသနာပြုအဖွဲ့တွေလာပြီးတော့ ဘာသာရေးကိစ္စတွေလုပ်နေတာတွေ့ရတယ်။ နောက်ပြီး ရခိုင်မြောက်ပိုင်းကနေ အကြောင်းအမျိုးမျိုးကြောင့် တရားဝင်သော်လည်းကောင်း၊ တရားမဝင်သော်လည်း ဗမာပြည်ကိုပြောင်းသွားတဲ့ သူတွေလည်း ပြန်လာတာရှိတယ်။ နောက်ဒီကတချို့နေရာတွေမှာ ဘာသာရေးကျောင်းတွေ မီးရှို့ခံရတဲ့ဖြစ်စဉ်တွေကို တွေ့ရတယ်။ အဲလိုဆိုတော့ ဒီမှာအစ္စလာမ်ဘာသာဝင်တွေလည်း စိုးရိမ်သလို ရခိုင်တိုင်းရင်းသားတွေလည်းစိုးရိမ်တယ်။ အဲလိုအခြေအနေမျိုး တစ်ခုမြင်ရလာတာက ကျနော်တို့  ၂၀၁၂ နဲ့ ၂၀၁၇ တွေလို အရေးအခင်းတွေမှာ ခံလာရတော့ စိုးရိမ်စိတ်အများကြီးရှိတယ်။ အခုရှိနေတဲ့လူတွေကလည်း အနည်းအကျဉ်းပါပဲ။ အဲဒီ လူတွေလည်း ပြန်ပြီးခံရမယ်ဆိုရင်မကောင်းဘူး။ အားလုံးဝိုင်းပြီးတော့ ပြဿနာမဖြစ်အောင် ထိန်းထိန်း သိမ်းသိမ်းနဲ့ လုပ်ပေးရပါမယ်။ အခု AA ကလည်း ကြိုပြီးအသိပေးတာက ကောင်းပါတယ်။ အစိုးရပဲဖြစ်ဖြစ်၊ သက်ဆိုင်တဲ့အဖွဲ့အစည်းဖြစ်ဖြစ် မဖြစ်ခင်ကြိုပြီး လူတွေကိုအသိပေးတာတော့ ကောင်းပါတယ်။

ဦးအောင်သောင်းရွှေ (လွှတ်တော်အမတ်ဟောင်း)

ကျနော်တို့ ရခိုင်လူထုအတွက် တကယ်လိုအပ်လို့ထုတ်တာဖြစ်တဲ့အတွက် ကြိုဆိုတယ်။ ထောက်ခံတယ်။ ရခိုင် လူထုတွေအနေနဲ့ သတိဝင်သွားတာပေါ့။  အရင်တုန်းကလည်း ရခိုင်နဲ့ မွတ်စလင်တွေဖြစ်တာမဟုတ်ဘူး။ နောက်ကွယ်မှာ တမင်တကာဖန်တီးတဲ့ အုပ်စုတွေရှိတယ်။ အဲဒါကို အခုအချိန်မှာလည်း သတိတရားရှိဖို့အတွက် အသိပေးတဲ့အနေနဲ့ထုတ်ပြန်တာဟာ ကောင်းတဲ့လုပ်ရပ်တစ်ခုလို့မြင်တယ်။ ရခိုင်ပြည်ရဲ့ အမျိုးသားနိုင်ငံရေး ရေချိန်တက်လာတာကို မနာလိုတဲ့အုပ်စုတွေက တမင်တကာ ပဋိပက္ခပြဿနာဖြစ်အောင် ဖန်တီးနေတာဖြစ်မယ်။ ဒီအချိန်မှာ အချိန်ကိုက်တမင်တကာလုပ်နေကျအတိုင်း လုပ်နေတာဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် သူတို့ဘယ်လောက်ပဲလုပ်လုပ် ဒီအချိန်မှာ ရခိုင်တွေရဲ့နိုင်ငံရေးအသိ နိုးကြားမှုတွေက အရှိန်မြင့်နေတယ်။ ဒါကြောင့်တော်ရုံတန်ရုံနဲ့ ဒီလိုပဋိပက္ခတွေဖြစ်ဖို့ အလားအလာမရှိဘူး။ ဒီအချိန်မှာ လူတစ်စုနဲ့တစ်စုကိုရန်တိုက်နေမယ့်စား တိုင်းပြည်အေးချမ်းပြီး ဘယ်လိုရှေ့ကိုဆက်သွားနိုင်မလဲ ဆိုတာကို လုပ်ဆောင်သင့်တယ်။ အုပ်စုတွေဖွဲ့ပြီး ပြဿနာတွေဖန်တီးနေမယ့်အစား ငြိမ်းချမ်းတဲ့ တိုင်းပြည်ဖြစ်အောင် ဝိုင်းဝန်းပြီးဆောင်ရွက်သင့်တယ်။ ရန်တိုက်နေမယ့် အလုပ်တွေကို မလုပ်သင့်ဘူး။

ဗီဒီယိုများ