AA သိမ်းပိုက်ထားသည့် တရွန်အိုင်ဗျူဟာကုန်းကို နိုင်ငံရေးအကဲခတ်များအမြင်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ၊ တရွန်အိုင်ဗျူဟာကုန်းနှင့် နှုံးဘူးဗျူဟာကုန်းတို့ကို  ရက္ခိုင့်တပ်တော်(AA)က နိုဝင်ဘာ ၁၄ ရက်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၂၁ ရက်အကြာ ဒီဇင်ဘာ ၄ ရက်တွင် တရွန်အိုင်ဗျူဟာကုန်းကို သိမ်းပိုက်ရရှိကြောင်း AA က ထုတ်ပြန်ထားသည်။

By Admin 07 Dec 2023

တရွန်အိုင်ဗျူဟာကုန်းကို သိမ်းပိုက်ပြီးနောက် AA စစ်သည်တော်များ၏ အောင်ပွဲခံဓာတ်ပုံ။ 
တရွန်အိုင်ဗျူဟာကုန်းကို သိမ်းပိုက်ပြီးနောက် AA စစ်သည်တော်များ၏ အောင်ပွဲခံဓာတ်ပုံ။ 

တရွန်အိုင်ဗျူဟာကုန်းတွင် စစ်ကောင်စီက ရဟတ်ယာဉ်ကွင်း ၂ ကွင်းနှင့်အတူ စစ်ရေးပြင်ဆင်မှုများကို အင်အားအခိုင်အမာဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။

အိန္ဒိယ-မြန်မာ နယ်စပ်အနီးရှိ ဗျူဟာကုန်းကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ရရှိခဲ့ခြင်းမှာ ချင်းပြည်နယ်နှင့် ရခိုင်ပြည်အတွက် စစ်ရေးအရအားသာချက်များအပါအဝင် နယ်စပ်စီးပွားရေးအတွက်လည်း အရေးပါသောကြောင့် စစ်ကောင်စီအတွက် ကြီးမားသည့် ဆုံးရှုံးမှုဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်များက ပြောသည်။  

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “ပလက်ဝဆိုတာကတော့ ရခိုင်နဲ့ချင်း ပြည်နယ်နှစ်ခုကြား ဆက်စပ်တဲ့ နေရာ၊ နောက်တစ်ခုက အိန္ဒိယရဲ့ ကုလားတန်စီမံကိန်း ပါဝင်နေတဲ့အတွက် အိန္ဒိယ-မြန်မာ ဆက်ဆံရေးမှာလည်း ပလက်ဝက အဓိကပါဝင်နေတယ်။ ဒါကြောင့် စစ်ကောင်စီက အဲဒီနေရာမှာ ရဟတ်ယာဉ်ကွင်းတွေနဲ့ မဟာဗျူဟာမြောက် စစ်စခန်းအဖြစ် အခြေစိုက်ထားတာဖြစ်တယ်” ဟု ပြောသည်။  

တရွန်အိုင်ဗျူဟာကုန်းကို AA သိမ်းပိုက်မှုကြောင့် ကုလားတန်စီမံကိန်းအပေါ် သက်ရောက်မှုများ ရှိလာမည်ဖြစ်ကြောင်း ဦးသန်းစိုးနိုင်က ဆက်ပြောသည်။

“ကုလားတန်စီမံကိန်းဟာ ထိုင်းနဲ့ မြန်မာကို ဖြတ်ပြီးတော့မှ အရှေ့တောင်အာရှတစ်ခွင်ကို အိန္ဒိယကနေ ကုန်စည်တွေပို့ဆောင်မယ့် လမ်းကြောင်းမို့ အိန္ဒိယအတွက် အရေးကြီးတဲ့အသက်သွေးကြောပါ။ ဒါပေမဲ့ အခု စစ်ကောင်စီကိုဖယ်ရှားပြီးတော့ သိမ်းပိုက်ထားတဲ့အတွက် ဒီစီမံကိန်းဟာ အခြေအနေတစ်ခုထိ ရပ်ဆိုင်းနေရမှာမို့ အိန္ဒိယအတွက်တော့ ဆုံးရှုံးမှုလို့ ပြောလို့ရတယ်” ဟု ၎င်းက ပြောသည်။ 

AA ပါဝင်သော ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် တော်လှန်ရေးအင်အားစုများ၏ ၁၀၂၇ စစ်ဆင်ရေးမှာ  စစ်မျက်နှာ ကျယ်ပြန့်လာသဖြင့် စစ်ကောင်စီသည် ထိန်းချုပ်နယ်မြေများ ကျဉ်းမြောင်းလာပြီး နယ်စပ်ဒေသများကို လက်လွှတ်ဆုံးရှုံးနေရသောကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံထားကြသည့် အိမ်နီးချင်းနိုင်ငံများက စစ်ကောင်စီအပေါ် ယုံကြည်မှုလျော့နည်းသွားမည်ဟု စစ်ရေးနိုင်ငံရေးအကဲခတ်များက ပြောကြသည်။ 

လက်ရှိတွင်လည်း တရွန်အိုင်ဗျူဟာကုန်းကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထားမှုကြောင့် ဘင်္ဂလားဒေ့ရှ်နှင့် အန္ဒိယနိုင်ငံတို့က စစ်ကောင်စီအပေါ် ယုံကြည်မှုလျော့နည်းလာနိုင်ကြောင်း ရခိုင်လွှတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေက သုံးသပ်သည်။

“ဘယ်နိုင်ငံပဲဖြစ်ဖြစ် ကိုယ့်အမျိုးသားအကျိုးစီးပွားကိုပဲ ကြည့်ကြတာပဲ။ ဆိုတော့ စစ်ကောင်စီနဲ့ ဆက်ဆံတာထက် ULA/AA နဲ့ ဆက်ဆံတာက ပိုပြီးအကျိုးရှိမယ်။ ဒါကြောင့်မို့ ဒီနေရာကို ထိန်းချုပ်ထားနိုင်မယ်ဆိုရင် ကူးသန်းဆက်သွယ်ရေး၊ သံတမန်အရေး အဲဒါတွေဟာ အနာဂတ်မှာ အများကြီး အလားအလာကောင်းလာမယ်” ဟု ဦးအောင်သောင်းရွှေက ပြောသည်။

ရက္ခိုင့်တပ်တော်သည် ပလက်ဝဒေသရှိ စစ်ကောင်စီတပ်စခန်းကို ထိန်းချုပ်နိုင်ရေးအတွက် ကျန်ရှိနေသေးသည့် နှုံးဘူးဗျူဟာကုန်းနှင့် ဆက်စပ်စခန်းကုန်းများကို ပြင်းပြင်းထန်ထန် ဆက်လက်ထိုးစစ်ဆင်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။ နှုံးဘူးဗျူဟာကုန်းကိုလည်း AA က တရွန်အိုင်ဗျူဟာကုန်းကို တိုက်ခိုက်ခဲ့သည့် တစ်နေ့တည်း၊ တစ်ချိန်တည်းတွင် ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်သည်။ 

နှုံးဘူးဗျူဟာကုန်းကို ဆက်လက်သိမ်းနိုင်မည်ဆိုပါက ချင်း - ရခိုင် လမ်းကြောင်းတလျောက်ရှိ ဒေသခံများ၊ မျိုးနွယ်စုဝင်များအတွက် စီးပွားရေးအခွင့်အလမ်းများ ရရှိလာမည်ဖြစ်ကြောင်း သုံးသပ်မှုများရှိနေသည်။ 

“ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနယ်စပ် တလျောက်လုံးမှာ ချင်းနဲ့ရခိုင် မျိုးနွယ်စုတွေရှိတယ်။ တကယ်လို့ အဲဒီဗျူဟာကုန်း (နှုံးဘူး)နဲ့ ဆက်စပ်တဲ့စခန်းတွေကို ထိန်းချုပ်သွားနိုင်ပြီဆိုရင် ရခိုင်ပြည်အတွက်ရော၊ ချင်းပြည်အတွက်ပါ အဆက်အသွယ်ကောင်းတွေ ရှိလာပြီးတော့ ဖွံ့ဖြိုးတိုးတက်မှုတွေ အများကြီးရှိလာမှာဖြစ်တယ်” ဟု ရခိုင်ဒေသ စစ်ရေးနိုင်ငံရေး စောင့်ကြည့်သူတစ်ဦးက ပြောသည်။ 

ရခိုင်ဒေသနှင့်ထိစပ်နေသည့် ပလက်ဝ တရွန်အိုင်စခန်းသည် ကုလားတန်မြစ်အထက်ပိုင်း ပလက်ဝမြို့နှင့် ၃၅ မိုင်ခန့် ကွာဝေးပြီး တရွန်အိုင်ကျေးရွာကနေ ကုန်းလမ်း ၁၀ မိုင်အကွာအဝေးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တို့နှင့် တစ်ဆက်တစ်စပ်တည်း ရှိနေသည်။

နိုဝင်ဘာ ၁၃ ရက်တွင် စတင်လာသည့် ရခိုင်တိုက်ပွဲများအတွင်း AA သည် စစ်ကောင်စီ၏ တပ်စခန်းကြီးဖြစ်သည့် တရွန်အိုင်ဗျူဟာကုန်း၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ မောင်တော ချိန်ခါလီ၊ ဒုံးပိုက်၊ ဒုံးညို နယ်ခြားစောင့်တပ်စခန်းနှင့် ဘူးသီးတောင် ခထီးလှစခန်းတို့အား ထိုးစစ်ဆင်သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်သားများ စွန့်လွှတ်ထားခဲ့သော စခန်းအများအပြားကိုလည်း သိမ်းပိုက်ရရှိထားသည်။

#D005 #DMG 

ဗီဒီယိုများ