NLD အစိုးရလက်ထက် ရခိုင်ပြည်နယ်မှာ ဘာတွေပြောင်းလဲသွားသလဲ

၂၀၁၅ ခုနှစ်နောက်ပိုင်းတက်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက် (၅)နှစ်တာကာလမှာ ရခိုင်ပြည်နယ်အတွင်း ဘာတွေအပြောင်းအလဲဖြစ်ခဲ့သလဲဆိုတာကို နယ်ပယ် အသီးသီးက ပုဂ္ဂိုလ်အချို့ရဲ့အမြင်တွေကို(DMG)က စုစည်းတင်ပြထားပါတယ်။
မင်းထွန်း စုစည်းတင်ပြသည်

By မင်းထွန်း 04 Jul 2020


 
ဦးထွန်းအောင်ကျော် ၊ မူဝါဒရေးရာဦးဆောင်ကော်မတီအဖွဲ့ဝင်၊ ရခိုင်အမျိုးသားပါတီ(ANP)

“ကျနော်တို့ကတော့ အမှန်အတိုင်းပြောရရင် တစ်နိုင်ငံလုံးက အားကိုးယုံကြည်ခဲ့တဲ့ ဒီမိုကရေစီကို ဖော်ဆောင်မယ့် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီအခွင့်အရေးနဲ့အညီ တိုးတက်ပြောင်းလဲတဲ့၊ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခုအနေနဲ့ ဒီမိုကရေစီခေါင်းဆောင်က ဖော်ဆောင် နိုင်လိမ့်မယ်လို့ ကျနော်တို့အနေနဲ့ အားထားမျှော်လင့်ခဲ့တာအမှန်ပဲ။

အားထား မျှော်လင့်တယ်ဆိုတဲ့နေရာမှာ မြန်မာနိုင်ငံတစ်နိုင်ငံလုံးက ပြည်သူအားလုံး ပြောင်းလဲ ချင်တယ်၊ တိုးတက်ချင်တယ်။ အဲဒါကို တိုင်းရင်းသားတွေကလည်း အရမ်းအားကိုးခဲ့တယ်။ ဒါပေမယ့် အခု ကျနော်တို့ ဖြတ်သန်းလာခဲ့တဲ့ ငါးနှစ်နီးပါးအတွင်းမှာ မိမိတို့ထင်သလို ကောင်းတဲ့ ပြောင်းလဲမှုတွေ ကျနော်တို့ လုံးဝနီးပါးလောက်မတွေ့ရဘူး။

အဓိကအချက်တွေက ကုန်ဈေးနှုန်းလည်း အရင်ထက်တောင် မြင့်တက်တာတွေရှိတယ်။ နောက်တစ်ခု က တရားဥပဒေစိုးမိုးရေးဏ္ဍ၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရားဥပဒေစိုးမိုးရေးကို မြန်မာနိုင်ငံမှာ ဖော်ဆောင်မယ်ဆိုပြီး ကတိပေးပြီးတော့တက်လာတယ်။ ဒါပေမယ့် ဘယ်အချိန်နဲ့မှမတူတဲ့ သုံးလောင်းပြိုင်လူသတ်မှုတွေ၊ သက်ငယ်မုဒိန်းမှုတွေ၊ ထင်ရှားတဲ့ အမှုတစ်ခုဆိုလို့ရှိရင် ဗစ်တိုးရီးယား ကလေးမရဲ့အမှုပေ့ါ။ အခုချိန်ထိ ရာဇဝတ်မှု ဘယ်သူကျုးလွန်သလဲဆိုတာဖော်ထုတ်နိုင်တာ လုံးဝ မရှိခဲ့ဘူး။

နောက်တစ်ခုက ကျနော်တို့ ရခိုင်ပြည်နယ်မှာဆိုရင် ပိုပြီးတော့ဆိုးသွားပြီ။ နှစ်ငါးဆယ်နီးပါး လုံးဝမရှိ ခဲ့တဲ့ လက်နက်ကိုင်တိုက်ပွဲ ရင်ထဲမှာဖော်ပြလို့ မရနိုင်လောက်အောင် ခံစားနေရတဲ့ ဒုက္ခဆင်းရဲတွေ၊ ရခိုင်ပြည်နယ်ဟာ ဖဆပလခေတ်တုန်းက ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ တိုက်ပွဲတွေဖြစ်ခဲ့တယ်။ ဒီလို အတွေ့အကြုံရှိခဲ့တယ်။ ဒါပေမယ့် ဒီ ၂၀၁၅ နောက်ပိုင်း ၂၀၁၇၊၂၀၁၈၊၂၀၁၉ မှာ ဖြစ်လာတဲ့ ပဋိ ပက္ခတွေ၊ ဘင်္ဂါလီပဋိပက္ခတွေ၊ နောက်တစ်ခုက ရခိုင်လက်နက်ကိုင်တစ်ခုဖြစ်တဲ့ ရက္ခိုင့်တပ်တော်နဲ့ တိုက်ပွဲတွေကြောင့် ရပ်ရွာတွေ မီးလောင်ပျက်စီးပြီးတော့ မီးရှို့ခံရတာတွေ၊ အပြစ်မဲ့အရပ်သား ပြည်သူတွေ၊ ကလေးသူငယ်တွေအပါအဝင် သက်ကြီးရွယ်အို လူ ၂၅၀ ကျော်လောက် ဒီစစ်ကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ဒုက္ခဆင်းရဲတွေ ရပ်ရွာတွေမီးရှို့လို့ မနေနိုင်ထွက်ပြေးရတဲ့ စစ်ဘေးရှောင်တွေ အခုဆိုရင် နှစ်သိန်းနီးပါးဖြစ်နေပြီ။

အဖက်ဖက်က အင်မတန် ဝမ်းနည်းစရာ၊ စိတ်ပျက်စရာကောင်းလောက်အောင် ဒီငါးနှစ်အတွင်း ရင်နဲ့ မဆန့် တစ်ပြည်လုံးခံစားရတာတော့ အမှန်ပဲ။ အဖက်ဖက်က လိုအပ်သလို အရင်တုန်းက ဂတိပေး ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖော်ဆောင်နိုင်တာမရှိဘူး။

အထူးသဖြင့် ကျနော်တို့ ရခိုင်ပြည်နယ်မှာလည်း ရခိုင်ပြည်နယ်အစိုးရဟာ ပြည်နယ်ရဲ့ နိုင်ငံရေး ခေါင်းဆောင်တွေမဟုတ်ပဲနဲ့ သူတစ်ပါးညွန်ကြားမှသာ လိုက်နာဆောင်ရွက်နေတဲ့ နိုင်ငံရေး ဝန်ထမ်းတွေအနေနဲ့ပဲ ကျနော်တို့မြင်ရတယ်။

အခုကိုယ့်ရခိုင်ပြည်နယ်အတွင်းမှာ အစိုးရအာဏာကိုဖော်ဆောင်ပြီးတော့မှ ယုံကြည်ချက်နဲ့ တက်လာတဲ့ ပြည်နယ်အစိုးရတစ်ခုဟာ အလုံးစုံပျက်သုဉ်းတဲ့အထိ ရပ်ရွာပျက်သုဉ်းတာ၊ အသက်အိုး အိမ်စည်းစိမ်ပျက်သုဉ်းတာ၊ အသက်တွေဆုံးရှုံးတာ၊ စီးပွားရေးတွေပြိုလဲတာ၊ နောက်ပြီး ကပ်ဘေးနဲ့ ပတ်သက်လို့ တခြားတိုင်းနဲ့ပြည်နယ်တွေမှာ စနစ်တကျရှိပေမယ့် ကျနော်တို့ရခိုင်မှာ အသိပညာပေး မှုတွေ၊ ဗဟုသုတဖြန့်ဖြူးမှုတွေ၊ နောက်စစ်ဘေးရှောင်စခန်းတွေမှာ တစ်ဦးနဲ့တစ်ဦးလုံးထွေးပြီးနေရတဲ့ အခြေအနေတွေ၊ ဒီဟာတွေကို တာဝန်ရှိတဲ့ ပြည်နယ်အစိုးရတွေ၊ ဗဟိုအစိုးရတွေ၊ တာဝန်ရှိအဖွဲ့ အစည်းတွေက ဒီအန္တရာယ်ကိုကာကွယ်ဖို့အတွက် ဒီနေ့ထိ ကျနော်တို့ တစ်စုံတရာကို မမြင်ရဘူး။

အဲလို စစ်ဘေးစစ်ဒဏ်ခံနေရတဲ့ လူတွေအတွက်လည်း လုံလောက်တဲ့ ထောက်ပံ့မှုမရှိတဲ့အပြင်ကို အင်မတန်အားနည်းတဲ့အချက်ကို မြင်နေရတယ်။ ခြုံပြီးပြောရမယ်ဆိုရင်တော့ ဒီ ၂၀၁၅ ခုနှစ်ကနေ တက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အစိုးရတစ်ရပ်အနေနဲ့ တာဝန်ယူနိုင်မှု ၊ တာဝန်ခံနိုင်မှု အင်မတန်အားနည်းတဲ့ အစိုးရတစ်ရပ်ဖြစ်တယ်ဆိုတာ ကျနော်ကတော့ ပွင့်ပွင့်လင်းလင်းပဲ ပြောချင်တယ်”
 
ဒေါ်ညိုအေး (ဥက္ကဋ္ဌ) ရခိုင်အမျိုးသမီးကွန်ယက်

“၂၀၁၅ နောက်ပိုင်း (NLD)အစိုးရတက်လာတယ်။ ကျမတို့ မျှော်လင့်ချက်အများကြီး ထားခဲ့တယ်ပေါ့ နော်။ ဒါပေမယ့် ကျမတို့ ရခိုင်ပြည်နယ်အနေအထားအရ ဘာမှလည်း ကြီးကြီးမားမား တိုးတက်လာတာကို မတွေ့ရဘူး။

နောက်တစ်ခု အဆိုးရွားဆုံးကတော့ ရွေးကောက်ပွဲနီးလာတယ် တကယ့်ကို ပြောသင့်၊ ဆိုထိုက် မက်ဆေ့ချ်ပေးသင့်၊ ပေးထိုက်တဲ့ ပြည်သူတွေနားကို ရောက်ဖို့ပေါ့နော်၊ မက်ဆေ့ချ်ပေးစရာ ခုနစ်မြို့နယ်လောက်ကို အင်တာနက်ပိတ်ထားတာဟာ တစ်နှစ်ပြည့်ပြီပေါ့နော်။ မြို့နယ် ခြောက်ခုလောက်ကို အင်တာနက် ပိတ်လိုက်တယ်၊ ဒါတွေဟာ ကျမတို့ ရခိုင်ပြည်အတွက် အများကြီး ထိခိုက်နစ်နာမှုရှိတယ်။

သဘောတစ်ခုက ကျမတို့ လိုအပ်နေတာဘာလဲ၊ အခုဆိုရင် ရွေးကောက်ပွဲနဲ့ မြို့နယ်အလိုက် မက်ဆေ့စ်ကလေးတွေ၊ စကားပြောဖို့ဆိုဖို့ပေါ့နော်။ နောက်ပြီးတော့ ကျမတို့ရခိုင်ပြည်နယ်ရဲ့ လက်ရှိဖြစ်ပျက်နေတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးတော့ သူတို့ရဲ့ ခံစားရတဲ့ဒုက္ခတွေ အဲဒါတွေ မက်ဆေ့ချ် ဘာမှမရှိဘူး။

အဲဒါတွေကတော့ ကျမတို့ ပြည်နယ်ရဲ့ ဒီအစိုးရလက်ထက်မှာ ဆိုးဆိုးရွားရွား ဖြစ်သွားတဲ့ ဖြစ်စဉ် လေးတွေပေါ့နော်။ ကောင်းတာတွေ ဖြစ်သလားလို့ မေးမယ်၊ ကျမကတော့ ဒီဥစ္စာ ၂၀၁၅ နောက်ပိုင်း ဒီမိုကရေစီအစိုးရပါလို့ မျှော်လင့်တကြီး တက်လာတဲ့အစိုးရအနေနဲ့တော့ ကျမတို့ ရခိုင်ပြည်သူတွေ၊ မြန်မာတစ်နိုင်ငံလုံးမှာပဲ တချို့ဒေသတွေက ခံစားကောင်း ခံစားရလိမ့်မယ်။ ဒါပေမယ့် ကျမတို့ ရခိုင်ပြည်နယ်မှာတော့ ဒီမိုကရေစီဆိတ်သုဉ်းပြီးတော့ သေဆုံးသွားသလားပေါ့နော် အဲ့လိုအခြေ အနေမျိုးကို တွေ့နေရတယ်။

နောက်တစ်ခုက လက်ရှိအစိုးရကို အားရစရာ သိပ်မမြင်ဘူး။ ရှာလို့လည်း မတွေ့ဘူးပေါ့။ ဘာကြောင့် လဲဆိုရင် ဒီလောက်ကျယ်ပြန့်နေတဲ့ စစ်ဘောင်တွေကြားထဲမှာ ဒုက္ခရောက်နေတဲ့ပြည်သူတွေကြား ထဲမှာ ပြည်သူတွေရှေ့က မားမားမတ်မတ်ရပ်နေမယ့် အစိုးရတစ်ရပ်ပေါ်ထွန်းလာမယ်လို့ ထင်ကောင်း ထင်ခဲ့ပေမယ့် အခုကတော့ ကျမတို့ သဲထဲရေသွန်သလိုပဲ တွေ့နေရတယ်ပေါ့နော်”
 
ဦးခိုင်ကောင်းစံ ၊ ဒါရိုက်တာ ၊ ဝံလက်ဖောင်ဒေးရှင်း(ရခိုင်ပြည်နယ်)

“ဒီရခိုင်ပြည်နယ်အစိုးရရဲ့ လုပ်ဆောင်မှုထဲမှာ ပြောင်းလဲမှုတွေလည်းရှိတယ်ပေါ့။ ပြီးခဲ့တဲ့ အစိုးရ သက်တမ်းမှာဆိုရင် ရန်ကုန်စစ်တွေသွားတဲ့လမ်းမှာ ဂိတ်ပေါက်မြောက်မြားစွာရှိတယ်ပေါ့နော်၊ ဥပမာ စစ်တွေနဲ့ ပုဏ္ဏားကျွန်းဆိုရင် မိုင် ၂၁ မိုင်ရှိတယ်၊ ဒါပေမယ့် တံတားကြေးကောက်တဲ့နေရာက သုံးနေရာလောက်ရှိတယ်။ အခုကျတော့ အဲလိုတံတားတွေပေါ် လမ်းကြေးကောက်တာတွေ လုံးဝ ပပျောက်သွားတယ် ဒီအစိုးရသက်တမ်းမှာ။

ပြီးရင်တော့ ဒီအဆောက်အဦပိုင်းဆိုင်ရာပေါ့၊ အရင်ကဆိုရင် လမ်းမကောင်းဘူးပေါ့နော်။ ရခိုင်မှာ ဆိုရင်လည်း တော်တော်များများမြို့တွေမှာ ကွန်ကရစ်လမ်းတွေ ခင်းလာတာမျိုးလေ၊ အဲဒါ မျိုးတွေက အစိုးရရဲ့လုပ်ဆောင်မှုတွေ၊ နောက်ပြီး စာသင်ကျောင်းတွေပေါ့နော်။

နောက်ထပ် ဥပမာ- နယ်တွေမှာဆိုရင်လည်း စာသင်ကျောင်းတွေ၊ သောက်ရေကန်တွေ၊ နောက်ပြီး မီးလင်းတာတွေပေါ့၊ အရင်တုန်းကဆိုရင် မြို့နယ်တော်တော်များများမှာ မီးမရဘူး။ ဒါပေမယ့် ဒီ(NLD) အစိုးရသက်တမ်းမှာ မြို့နယ်အကုန်လုံးလိုလို မီးလင်းလာတယ်ပေါ့နော်။ ဒါတွေကတော့ အစိုးရရဲ့ ငါးနှစ်သက်တမ်းမှာ ပြောင်းလဲတဲ့အရာတွေဖြစ်တယ်လို့ ပြောချင်ပါတယ်”
 
ဒေါက်တာစန်းရွှေ ၊ (ဥက္ကဋ္ဌ)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ရခိုင်ပြည်နယ်

“၂၀၁၅ (NLD)အစိုးရတက်လာပြီးနောက်ပိုင်းမှာ ရခိုင်ပြည်နယ်ဟာ ဘာဖြစ်သွားသလဲ၊ ရခိုင်ပြည်နယ် ရဲ့အခြေအနေဟာ ဘယ်လိုပြောင်းလဲသွားသလဲ ကျနော်တို့ ရခိုင်ပြည်သူလူထုတွေ ဘယ်လို ဒုက္ခ၊ သုခ ရောက်သလဲနော်။ အဲဒါကို ကျနော်တို့ပါတီကလည်း မြင်တယ်၊ ရခိုင်ပြည်သူလူထုကလည်း အကုန်လုံးမြင်ပါတယ်။ မီဒီယာတွေကလည်း အကုန်လုံးမြင်တဲ့အတွက်ကြောင့် ဘာတွေပြောင်းလဲ သွားသလဲဆိုတာကို ကျနော်အနေနဲ့ ထပ်ပြီးတော့  ဖြည့်ပြောစရာမလိုတော့ဘူးထင်ပါတယ်”
 
မဦးခိုင်သိန်း ၊ တာဝန်ခံ ၊ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက် (RYNG)

“လက်ရှိ (NLD)အစိုးရသက်တမ်းမှာ ရခိုင်မှာဘာတွေပြောင်းသွားလဲဆိုရင် သိပ်တော့ထူးခြားမှုတွေ မရှိဘူး။ ဘာဖြစ်လို့လဲဆိုရင် ၂၀၁၆/ ၁၇ သက်တမ်းနှစ်ခုကာလကြားထဲမှာ နည်းနည်းပြောင်းလဲလာ သလိုမျိုးဖြစ်ပေမယ့် ၂၀၁၈/၁၉/၂၀ ခုနှစ်ကာလတွေမှာဆိုရင် ပိုပြီးတော့ ဆိုးရွားလာတဲ့ အခြေအနေ ရှိတယ်ပေ့ါနော်။ ဘာဖြစ်လို့ပြောရတာလဲဆိုရင် ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေတဲ့ ပြည်သူ့အစိုးရလက်ထက်မှာ လွတ်လပ်စွာထုတ်ဖော်ခွင့်၊ လွတ်လပ်စွာသွားလာခွင့်တွေ ရှိရမယ် ပေါ့လေ။ အဲလိုပုံစံမျိုးမဟုတ်ဘဲနဲ့ ၂၀၁၈/၁၉/၂၀ မှာဆိုလို့ရှိရင် ရခိုင်မှာ တိုက်ပွဲတွေဖြစ်နေတဲ့ ကြားထဲမှာ စစ်ဘေးရှောင်စခန်းတွေကို ကူညီခွင့်ပိတ်ထားတယ်၊ သွားလာခွင့်တွေ ပိတ်ပင်ထားတယ်။ အဲဒီဆိုလို့ရှိရင်တော့ အာဏာရှင်ဆန်ဆန်သဘောမျိုး သက်ရောက်တယ်ပေါ့နော်။

အခု ၂၁ ရာစုဆိုရင် အိုင်တီခေတ်ပေ့ါနော်၊ ဒီအိုင်တီခေတ်မှာဆိုလို့ရှိရင် အွန်လိုင်းထဲကနေပြီးတော့ ပညာသင်တာတို့၊ အလုပ်အကိုင်အခွင့်အလမ်းရှာတာတို့၊ ပြီးလို့ရှိရင် စီးပွားရေးလုပ်တာတို့၊ ဈေးဝယ် တာကနေအစ အကုန်လုံးကနေပြီးတော့ အွန်လိုင်းပေါ်ကနေလုပ်ရတဲ့အခါမှာ အင်တာနက်တွေ ပိတ်ထားတဲ့အခါ အဲဒီဟာအကုန်လုံးက အာဏာရှင်ဆန်တာမျိုးဖြစ်ရပ်တွေ ဖြစ်နေတယ်ပေါ့နော်။

ပြီးလို့ရှိရင် တခုခုဆုံးဖြတ်ချက်တွေ ချတဲ့အခါမှာလည်း ပြည်နယ်အစိုးရပဲ ဆုံးဖြတ်တာမဟုတ်ဘဲနဲ့ ပြည်ထောင်စုကနေ ဆုံးဖြတ်ချက်ချတဲ့အခါမျိုးမှာ တကယ့်ကို ပြည်သူ့အစိုးရအနေနဲ့ သွားနေတဲ့ လမ်းကြောင်းတစ်ခုမဟုတ်ပဲနဲ့ အာဏာဆန်ဆန်လမ်းကြောင်းကို သွားနေတဲ့ ပုံစံမျိုးဖြစ်နေတယ်။

ဒါတွေကို ပြန်မြင်ယောင်ကြည့်လိုက်ရင် အရင်တုန်းက စစ်အာဏာခေတ်လို ပုံစံမျိုးနဲ့သွားပြီးတော့ အရမ်းတူတယ်။ ပြီးလို့ရှိရင် ငယ်ငယ်တုန်းကပြောသလို ရခိုင်ပြည်နယ်ဟာ ဖဆပလခေတ်ကို ရောက်နေတယ်လို့မြင်တယ်”

ဗီဒီယိုများ