- ရခိုင်ပြည် မြောက်ဖက်အစွန်ဖျားကို ခဏတာမျှ လှမ်းမျှော်ကြည့်ခြင်း
- အပူချိန်မြင့်တက်လာမှုကြောင့် ကျန်းမာရေး ဂရုစိုက်ရန် လိုအပ်လာ
- နျူကလီးယား ဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရေးအတွက် မြန်မြန်ဆန်ဆန် ညှိနှိုင်းရန် ဗီယက်နမ်နှင့် ရုရှား သဘောတူ
- ကုလစာနာမှုစင်္ကြံ လက်တွေ့အလားအလာ
- စစ်တွေရှိ လူမနေသည့် နေအိမ်များကို စစ်ကောင်စီက ဖြိုဖျက်ရောင်းစားနေ
ရခိုင်ပြည် မြောက်ဖက်အစွန်ဖျားကို ခဏတာမျှ လှမ်းမျှော်ကြည့်ခြင်း
လက်ရှိ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရနှင့် အာရက္ခတပ်တော်အနေဖြင့် မည်သို့ရှေ့ဆက် ဆောင်ရွက်လာမည်ကိုပါ စူးစမ်းလိုစိတ်ဖြင့် ရခိုင်ပြည်မြောက်ဖက် အစွန်အဖျားကို ခဏတာ လှမ်းမျှော်ကြည့်မိဖြစ်သည်။
13 May 2025

DMG | အတွေးအမြင်
ရခိုင်ပြည် မြောက်ပိုင်းဆိုသည်နှင့် မောင်တော၊ ဘူးသီးတောင်ဖက်ကို အလိုလို အာရုံရောက်ဖြစ်သည်။ တောတောင်သဘာဝအလှ စိမ်းလန်းစိုပြေခြင်း၊ ရှည်လျားသည့် နယ်စပ်တစ်လျှောက်ကို မြင်တွေ့ရနိုင်ခြင်းတို့ကြောင့် ကြည်နူးပီတိဖြစ်စရာ များစွာရှိနေသည်။
ရခိုင်မျိုးနွယ်စုတို့ နေထိုင်ကြသည်ဖြစ်ရာ ထူးခြားသော ဓလေ့ထုံးစံတို့ဖြင့် သာယာဖွယ်ရာ ဒေသလည်း ဖြစ်သည်။ တဖက်နိုင်ငံ၏ အငွေ့အသက်တို့ကိုပါ ခံစားခွင့်ရှိနေသည်။ ကုန်ကူးသန်းရောင်းဝယ်ဖောက်ကားရာ ဒေသဖြစ်ခြင်းကြောင့်လည်း စည်စည်ကားကားရှိလှသည်။ အငူမော် ကမ်းခြေအလှကား အနှိုင်းမဲ့ စွဲမက်စရာ ရပ်ဝှမ်းတစ်စုံလည်း ဖြစ်သည်။
အမှောင့်ပယောဂနှင့် မရိုးသားသူတို့ကြောင့် လူမျိုးရေး၊ ဘာသာရေး အကဲဆတ်သည့် နယ်မြေတစ်ခု ဖြစ်လာခြင်းကြောင့်လည်း ပြည်တွင်းပြည်ပ လူသူအများက စိတ်ဝင်တစားရှိကြသည်။ အထူးသဖြင့် နခခ-၅ အပါအဝင် မောင်တောမြို့နယ်တစ်ခုလုံးကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ (၈)ရက်တွင် အာရက္ခတပ်တော်က အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ပြီးနောက်မှာ အာရုံစူးစိုက်မှု ပိုများလာသည်။
စစ်ကောင်စီက ဘာတွေဆက်လုပ်လာမှာလဲ၊ လက်နက်ကိုင်ထားတဲ့ မွတ်ဆလင်အဖွဲ့အစည်းတွေ ဖက်ကကော ဘယ်လိုတုန့်ပြန်လာမလဲ စသည်ဖြင့် စိုးရိမ်မှုတွေ မြင့်တက်လာခဲ့သည်။ လက်ရှိ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရနှင့် အာရက္ခတပ်တော်အနေဖြင့် မည်သို့ရှေ့ဆက် ဆောင်ရွက်လာမည်ကိုပါ စူးစမ်းလိုစိတ်ဖြင့် ရခိုင်ပြည်မြောက်ဖက် အစွန်အဖျားကို ခဏတာ လှမ်းမျှော်ကြည့်မိဖြစ်သည်။
အာရက္ခတပ်တော် လက်အောက်က မောင်တောမြို့နယ်မြောက်ပိုင်း ကုန်သွယ်ရေး
နခခ-၅ တိုက်ပွဲ ပြင်းထန်ချိန်ဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၆ ရက် ညနေ ၄ နာရီကျော်အချိန်တွင် မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုလက်ဝဲမြို့ကနေ စားကုန်များ ဝယ်ယူ၍ပြန်လာသည့် ဒေသခံ ၇ ဦးမှာ မီးတိုက်ကျေးရွာအနီးတွင် (ARSA) အာဆာအဖွဲ့၏ ခြုံခိုတိုက်ခိုက်ခံရမှုကြောင့် အောင်မင်္ဂလာရွာသူ အမျိုးသမီးတစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့သည်။
နောက်ဆက်တွဲအနေဖြင့် တောင်ပြို - ကြိမ်ချောင်း - ဘူးသီးတောင် ကုန်စည်စီးဆင်းမှု အချိန်အတိုင်းအတာတစ်ခုထိ ရပ်နားခဲ့ရသည်။ အကျိုးသက်ရောက်မှုအဖြစ် ကုန်စည်ရှားပါးမှုနှင့် ကုန်စျေးနှူန်း မြင့်တက်ခြင်းကို ပြည်သူတို့ အလူးအလဲ ခံစားခဲ့ကြရသည်။

အာရက္ခတပ်တော်က နယ်မြေရှင်းလင်းရေး လုပ်ကြရသည်။ ကုန်သည်များ မလာရဲကြသဖြင့် ကုန်ရောင်းကုန်ဝယ် နှောင့်နှေးရသည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲကြမ်းတမ်းမှုကြောင့်လည်း ကုန်စျေးနှုန်း မြင့်တက်လာခဲ့သည်။
ရခိုင်ပြည်သူတို့ ရင်တထိတ်ထိတ် ဖြစ်ကြရသည်။ နိုင်ငံတကာမှလည်း စောင့်ကြည့်မှုများ ပိုပို၍ တိုးပွါးလာသည်။ အာဆာတို့ရန်ကို မည်သို့ရင်ဆိုင်ကြမည်နည်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး အဆင်ပြေ ချောမောပါမည်လော စသည့် မေးခွန်းများစွာတို့ ပေါ်ထွက်လာခဲ့သည်။
နခခ - ၅ ကျဆုံးပြီးနောက် မောင်တောမြောက်ပိုင်း
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက် နံနက်ပိုင်းတွင် နယ်ခြားစောင့်ရဲတပ်ရင်း နခခ-၅ မှာ အာရက္ခတပ်တော် လက်အောက် ကျရောက်ခဲ့သည်။ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း ကိုယ်တိုင်လည်း အဖမ်းခံခဲ့ရသည်။ များမကြာမီ မောင်တောမြောက်ပိုင်းမှာ လက်နက်ကိုင်မွတ်ဆလင်များ တစခန်းထလာသည်ကို တွေ့မြင်လာခဲ့ရတော့သည်။
မီးတိုက်ကျေးရွာအနီးက နယ်ခြားမှတ်တိုင်များဆီသို့ ဝင်ရောက်လာသည့် အာဆာများကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ ထိတွေ့တိုက်ပွဲများကြားကပဲ နယ်မြေရှင်းလင်းရေးများကို အာရက္ခတပ်တော်မှ ဆောင်ရွက်ခဲ့ရမှုများရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြမှုများရှိလာသည်။
ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ARSA နှင့် AA တို့ တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်လာသည်။ ချောင်းမြောင်း ပစ်ခတ်မှုများအပြင် တိုက်ပွဲငယ်များလည်း ကြိုကြားကြိုကြား ဖြစ်လာသည်။
ARSA တပ်ဖွဲ့ဝင်များသည် အရပ်သားယောင်ဆောင်ကာ နယ်စပ်တလျောက် လှုပ်ရှားမှုများရှိနေသဖြင့် ဒေသခံများမှာလည်း လုံခြုံရေးကို အဓိကထား ဂရုစိုက်သွားလာနေကြရသည်။ မကြာခဏဆိုသလို ဖမ်းဆီး၊ သတ်ဖြတ် နှိပ်ကွပ်မှုများကို ခံကြရသည့်အပြင်၊ ငွေညှစ်တောင်းခံမှုများကိုလည်း ခံကြရသည်။
ARSA များက ကင်းလှည့်သည့် AA တပ်ဖွဲ့ဝင်များအား ချုံခိုတိုက်ခိုက်ခြင်းနှင့် AA အထောက်စခန်းများကိုပါ အနှောက်အယှက် ပေးမှုများ ရံဖန်ရံခါ ရှိလာနေသည်။ အာဆာတို့က ပြန်ပေးဆွဲခြင်း၊ လုယက်သတ်ဖြတ်မှုများကိုလည်း မကြာခဏ လုပ်ဆောင်လာနေခဲ့ကြသည်။ စစ်ကောင်စီတပ်များ မြှုပ်နှံထားခဲ့သည့် မိုင်းများကြောင့် ခြေပိုင်းလက်ပြတ်ဘဝကို ရောက်ကြရသူများ ရှိသကဲ့သို့ အသက်ပါ ဆုံးရှုံးခဲ့ကြရသူများလည်း ရှိသည်။
စစ်ကောင်စီ၏ အချိန်မတော် လေကြောင်းတိုက်ခိုက်မှုများကြောင့် အသက်ပေးဆပ်ကြရသူများနှင့် ထိခိုက်ခံရသူများလည်း မနည်းလှပေ။ အာရက္ခတပ်တော်အနေဖြင့် လုံခြုံရေး တိုးမြှင့်ဆောင်ရွက်မှုများကို အစွမ်းကုန် လုပ်ဆောင်လျက်ရှိကြောင်းလည်း ဒေသခံများက ဆိုသည်။
ARSA ခေါင်းဆောင် အာတာအူလာနှင့် ဆက်စပ်ဖြစ်တည်မှုများ
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မတ်လ ၁၃ ရက်က ကုလသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက် ရောက်ရှိလာပြီးနောက်၊ ကော့ဘဇားခရိုင် အူခီးယားရှိ အမှတ်(၂၀) မွတ်ဆလင် ဒုက္ခသည်စခန်းသို့ မတ်လ ၁၄ ရက် သောကြာနေ့က သွားရောက်ခဲ့သည်။
ဂူတားရက်နှင့် ဘင်္ဂလားဒေ့ရှ် အစိုးရအဖွဲ့ခေါင်းဆောင် မိုဟာမက်ယူနွတ်တို့ တွေ့ဆုံချိန်တွင် အထွေထွေ အတွင်းရေးမှူးချုပ်က နိုင်ငံတကာအသိုင်းအဝိုင်းသည် မွတ်ဆလင်ဒုက္ခသည်များကို မေ့လျော့နေကြပြီဟု ပြောကြားခဲ့ပြီး၊ ကူညီထောက်ပံ့မှုများ ဖြတ်တောက်ခြင်းမှာ ရာဇဝတ်မှုဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ပြောကြားခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်သတင်းစာများတွင် ရေးသားဖော်ပြကြသည်။
မိမိအနေဖြင့် မြန်မာနိုင်ငံမှ မောင်းထုတ်ခံခဲ့ရသည့် မွတ်ဆလင်ဒုက္ခသည်များနှင့်အတူ တစ်သားတည်း ရပ်တည်ကြောင်း ပြသရန်အတွက် ရာမဒန်ဥပုဒ်ကာလတွင် ယခုကဲ့သို့ ရောက်ရှိလာခြင်းဟုလည်း ကုလအတွင်းရေးမှူးချုပ်က ပြောကြားခဲ့သည်။
မွတ်ဆလင်ဒုက္ခသည်များအနေဖြင့် နောက်နှစ်မကုန်မီ ရခိုင်ပြည်ရှိ ၎င်းတို့၏ နေရပ်သို့ပြန်ရောက်ပြီး အိဒ်ပွဲတော်ကို ကျင်းပနိုင်ရေးအတွက် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဘင်္ဂလားဒေ့ရှ် အစိုးရအဖွဲ့ခေါင်းဆောင် မိုဟာမက်ယူနွတ်က ပြောကြားသည်ဟု ဆိုသည်။
များမကြာမီမှာပင် မွတ်ဆလင်လက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သည့် အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) ခေါင်းဆောင် အာတာအူလာ အဘူအာမာဂျုနောနီ (Ataullah Abu Ammar Jununi) အပါအဝင် ၁၀ ဦးကို မတ် ၁၇ ရက်နေ့ နာရာယင်ဂါမြို့တွင် ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးလိုက်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်မှုနှင့် အခြားသော ရာဇ၀တ်မှုဆိုင်ရာလုပ်ဆောင်မှုများ အထူးသဖြင့် ၂၀၂၂ ခုနှစ် နှောင်းပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထောက်လှမ်းရေး (DGFI) အရာရှိတစ်ဦး သတ်ဖြတ်ခံရမှု ရှိနေသဖြင့် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း ယင်းနိုင်ငံသတင်းစာများက ဖော်ပြကြသည်။
ARSA အပြင် RSO ၊ ARA စသည့် လက်နက်ကိုင်အဖွဲ့ဝင်များသည် ဒုက္ခသည်စခန်းများတွင် ဖမ်းဆီးငွေညှစ်ခြင်း၊ သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မ တပ်သားသစ်စုဆောင်းခြင်း စသည်ဖြင့် အကြမ်းဖက်လုပ်ငန်းများနှင့်အတူ အကြောက်တရားသွင်းပြီး ကြီးစိုးချယ်လှယ်နေကြောင်း သိရသည်။
ARSA ခေါင်းဆောင် ဖမ်းဆီးခံရသည်ကို မွတ်ဆလင်စခန်းအတွင်းရှိ ရိုးသားသော ဒုက္ခသည်အများအပြားက သတင်းကောင်းအဖြစ် ယူဆနေကြချိန်၌ ARSA အဖွဲ့ဝင်များက အာတာအူလာကို လွတ်လပ်ရေး တိုက်ပွဲဝင် သူရဲကောင်းအဖြစ် ပုံဖော်ကာ ထိုသူလွတ်မြောက်ရေးအတွက် လှုံ့ဆော်ဝါဒဖြန့်မှုများ ရှိနေသည်။
Fortify Rights အဖွဲ့က မတ်လ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ၌ မွတ်ဆလင်ဒုက္ခသည်များအား ပစ်မှတ်ထား သတ်ဖြတ်မှု၊ ပြန်ပေးဆွဲမှု၊ နှိပ်စက်မှုများ ကမ်းကုန်အောင် ကျူးလွန်ရက်စက်ခဲ့ကြသည်များကို ARSA အဖွဲ့၏ စစ်ဦးစီးချုပ် အာတာအူလာက အမိန့်ပေးညွှန်ကြားမှုများ ပြုလုပ်ခဲ့သည့်အတွက် ဤဖြစ်ရပ်များတွင် တာဝန်ရှိသူဖြစ်ရာ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များအနေဖြင့် သူ့ကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC သို့ လွှဲပြောင်းပေးအပ်ပြီး စစ်ရာဇဝတ်မှုများအတွက် စစ်ဆေးသင့်သည်ဟု ရေးသားထားသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရ၏ မွတ်ဆလင်ဒုက္ခသည်အရေး ရေရှိန်တင် ဆောင်ရွက်လာနေမှုများ
၂၀၂၅ ခုနှစ်၊ ဧပြီလ ၃ ရက်နှင့် ၄ ရက်နေ့များတွင် ထိုင်းတွင် ကျင်းပခဲ့သည့် BIMSTEC အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ၂၀၁၈ မှ ၂၀၂၀ အတွင်း မွတ်ဆလင်များ၏ စာရင်းများကို မြန်မာဘက်သို့ ပို့ဆောင်ခဲ့ပြီး ယင်းအထဲကမှ ပထမဆုံးအနေဖြင့် မွတ်ဆလင် ၁၈၀,၀၀၀ ကို လက်ခံမည်ဖြစ်သည်။
နောက်ထပ် ၇၀,၀၀၀ ကိုလည်း စိစစ်မှု လုပ်ဆောင်နေကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်ဘက်က မြန်မာဘက်သို့ မွတ်ဆလင်ဒုက္ခသည် ၈ သိန်းရှိကြောင်း စာရင်းတင်ထားပြီး ယင်းအထဲက ၅၅၀,၀၀၀ ဦးကို ဘင်္ဂလားဒေ့ရှ်ဘက်က စိစစ်မှုအရှိန်မြှင့်နေကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
စကစနှင့် သဘောတူညီချက်ရရှိခဲ့ပြီးနောက် မွတ်ဆလင်ဒုက္ခသည်များကို ချင်ချင်းပြန်ပို့ပေးမည့် အသွင်ဆောင်သော ပြောဆိုမှုများ ဘင်္ဂလားဒေ့ရှ်ဘက်က ရှိနေခဲ့သော်လည်း၊ နောက်ပိုင်းတွင် AA ရခိုင်တော်လှန်ရေးအစိုးနှင့် မဆွေးနွေးပဲ ဤအရေးကို ဖြေရှင်းရန်မဖြစ်နိုင်ကြောင်း ပြောဆိုမှုများ ရှိလာခဲ့သည်။
မြန်မာ၊ ရခိုင်ပြည်က လက်ရှိအာဏာပိုင်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ မိတ်ဆွေနိုင်ငံတွေနဲ့ ကျွန်တော်တို့ ရှေ့ဆက် ဆောင်ရွက်နေကြောင်းလည်း သူက ပြောသည်။
"နိုင်ငံအစိုးရအဆင့် မဟုတ်တဲ့အတွက် အာရက္ခတပ်တော်ဟာ နိုင်ငံတော်အဆင့် အုပ်ချုပ်ရေး စံချိန်စံညွှန်းတွေ လိုက်နာဖို့ တာဝန်ရှိမနေပါဘူး။ ဒါကြောင့် တာဝန်ယူမှု၊ တာဝန်ခံမှုကို အာမခံပေးနိုင်ဖို့ သိပ်အရေးပါပါတယ်။ ငြိမ်းချမ်းမှုမရှိရင် ဒီစစ်မက်ဇုန်ထဲကို ဘယ်သူ့ကိုမှ တွန်းပို့လို့ မရပါဘူး။ ကျွန်တော်တို့အနေနဲ့ ကိုယ့်သဘောဆန္ဒအလျောက် နေရပ်ပြန်ရေးကိုသာ အလေးထား ပြောကြားလာတာဖြစ်တဲ့အတွက် ဘယ်သူ့ကိုမှ အတင်းပြန်ခိုင်းမှာ မဟုတ်ပါဘူး။ ပြန်ချင်တဲ့သူတွေတော့ အများအပြားရှိနေပါတယ်" ဟု ယာယီအစိုးရ အဖွဲ့ခေါင်းဆောင် မိုဟာမက် ယူနွတ်၏ အဆင့်မြင့်ကိုယ်စားလှယ် ဒေါက်တာ ခါလီလာရာမန်ကပြောသည်။
လျှော့မတွက်သင့်တဲ့ အနာဂါတ်အရေးနှင့် ဤခရီး နီးသလား၊ ဝေးသလား
၂၀၁၂ ခုနှစ်မှာ ဖြစ်ပွားခဲ့သည့် ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ရွာသူ အမျိုးသမီးငယ်တစ်ဦး မုဒိန်းကျင့်သတ်ဖြတ်ခံရမှု၊ ၂၀၁၇ ခုနှစ် ဇူလိုင်လမှာ မောင်တောမြို့နယ်အတွင်းမှာ ရဲကင်းစခန်းပေါင်း (၃၀) များ ဝင်ရောက် တိုက်ခိုက်ခဲ့မှုများသည် ဘာသာရေး၊ လူမျိုးရေးဆန်သော ပဋိပက္ခကို တမင်ဖန်တီးလိုသည့် လူမျိုးကြီးဝါဒီ စစ်အာဏာရှင်အုပ်စု၏ တမင်သက်သက် ဖန်တီးခဲ့မှုများသာဖြစ်သည်ကို အလေးထား ဂရုမူကြရမည်ဖြစ်သည်။
မောင်တောတိုက်ပွဲမှာ မွတ်ဆလင်လက်နက်ကိုင်များက စစ်ကောင်စီနှင့် ပေါင်းပြီး AA ကို တိုက်ခိုက်ခဲ့ကြခြင်းမှာ သွေးရိုးသားရိုးမဟုတ်ပဲ စစ်အုပ်စုက မက်လုံးပေး ဖျားယောင်းသွေးဆောင်မှုကြောင့် ဖြစ်သည်ကိုလည်း သဘောပေါက်ထားကြရန်လိုသည်။

အာဆာအပါအဝင် မွတ်ဆလင်လက်နက်ကိုင်များမှာလည်း မိမိတို့လက်ထဲမှာ လက်နက်ရှိနေဖို့လိုသည်ဆိုသည့် အတွေးအခေါ်အရ ရန်သူနှင့်မိတ်ဆွေကို သေချာမခွဲခြားခဲ့ကြပေ၊ ရေရှည်ကို မတွေးခဲ့ကြ။
ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင် (၃) မြို့နယ်ကို စကစခေါင်းဆောင် မင်းအောင်လှိုင်တို့အုပ်စုက စားပွဲပေါ်အဆင်သင့် လာတင်ပေးလှူလာမည်ဟု အာဆာနှင့်အပေါင်းအပါတို့က ရှုမြင်ခဲ့ကြဟန်တူသည်။
ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းသို့ ရောက်ရှိလာခဲ့သူ ကုလသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်အားလည်း ကယ်တင်ရှင်ကြီးအဖြစ် ဒုက္ခသည်အရေး ပြည်ပက လှုံ့ဆော်မြှောက်ပေးနေသူများက ဖန်တီးခဲ့ကြပြန်သည်။ သို့သော် ARSA ခေါင်းဆောင် အာတာအူလာကို မိုဟာမက်ယူနွတ် အစိုးရက ဖမ်းဆီးလိုက်သည့် အချိန်မှာတော့ သူတို့အားလုံးလည်း အသံတိတ် ဝစီပိတ်ခဲ့ကြရသည်။
စစ်ကောင်စီနှင့် မိုဟာမက်ယူနွတ်တို့အကြား ဒုက္ခသည် ၁၈၀,၀၀၀ ပြန်ပို့မည့်အရေး ဘန်ကောက်မှာ လောလောလတ်လတ် သဘောတူညီမှုရရှိကြခြင်းကို ဖြစ်တန်၏၊ မဖြစ်တန်၏ ပြန်စဉ်းစားကြရန်လိုမည်။
စကစအုပ်ချုပ်မှုအောက်က စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် စတဲ့ မြို့ (၃)မြို့မှာ ပိတ်လှောင်လိုက်ပြီး၊ ၁၅ ရက် စစ်သင်တန်းပေး၊ စစ်မြေပြင်ဆင်း ရှေ့တန်းထွက်ခိုင်းလိုက်ပါက မိမိတို့၏ အသက်ရှင်ရပ်တည်နိုင်မှုသည်ကား အဘယ်မှာနည်းဆိုသည်ကို မေ့မထားသင့်ပေ။
စစ်ကောင်စီအနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် စသည့်မြို့များတွင်သာ နေရာချထားပေးမည်ဆိုပါက လုံခြုံစိတ်ချရသည်သာဖြစ်သည်။ ဒုက္ခသည် ၁၈၀,၀၀၀ ကို လောလောလတ်လတ် နေရာချထားပေးမည် မဆိုထားနှင့် နေပြည်တော်မှာကျရောက်ခဲ့သည့် ငလျင်ဒဏ်ကိုပင် နလံထူနိုင်အောင် ဆောင်ရွက်မပေးနိုင်သေးပေ။
ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရနှင့် မြန်မာစစ်ကောင်စီတို့၏ တူညီချက်မှာ ယခုနှစ်ကုန်တွင် ရွေးကေက်ပွဲကျင်းပပြီး အာဏာလွှဲပြောင်းပေးကြရမည် ဖြစ်ခြင်းပင်။
ဒုက္ခသည်ပြန်ပို့ရေးအတွက် ၈ လတာအချိန်သာ ကျန်ရှိနေတော့သည်မှာ စဉ်းစားစရာ။ ARSA ခေါင်းဆောင် အာတာအူလာ ထိန်းသိမ်းခံနေရစဉ် လက်ကျန်အဖွဲ့ဝင်များ ဘာဆက်လုပ်ကြမည်ကို စောင့်ကြည့်ကြရမည် ဖြစ်သည်။
လက်ရှိတွင် တပ်သားသစ်စုဆောင်းခြင်း၊ ရခိုင်မြောက်ပိုင်းက ဒေသခံတို့အား နှောင့်ယှက်ခြင်း၊ AA တပ်ဖွဲ့ဝင်များအား ချုံခိုတိုက်ခိုက်ခြင်းနှင့် AA ကင်းစခန်းများကို အနှောက်အယှက်ပေးမှုများ လုပ်ဆောင်လျက် ရှိနေကြသည်။
အာရက္ခတပ်တော်နှင့် အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရသည် အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အားစိုက်ဆောင်ရွက်နေသည်။ တော်လှန်ရေးအစိုးရ တစ်ရပ်အနေဖြင့် အခက်အခဲပေါင်း သောင်းခြောက်ထောင်ကို ဖြတ်ကျော်နေရချိန်ဖြစ်သည်။ အခြားတဖက်မှာ မပြီးပြတ်သေးသည့် စစ်ရေးလုပ်ငန်းရပ်များကိုပါ မဟာမိတ်များနှင့် လက်တွဲဆောင်ရွက်နေရသည်။

သို့သော် လက်နက်ကိုင် မွတ်ဆလင်များအရေးနှင့် မွတ်ဆလင်ဒုက္ခသည်များ အရေးသည်လည်း အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရအတွက် လျစ်လျူရှု၍မဖြစ်သော ဝန်ထုပ်ဝန်ပိုးကြီးတစ်ရပ်ဖြစ်နေရာ အမျိုးသားရေးဆိုင်ရာ လုပ်ငန်းရပ်ဖြစ်နေသည့်အတွက် မလွဲမသွေ ဖြေရှင်းလာရမည့် ကိစ္စရပ်ဖြစ်သည်။
မွတ်ဆလင်များအနေဖြင့် သီးခြားအမည်နာမဖြင့် တိုင်းရင်းသားအဖြစ် ရပ်တည်သွားရန် ဆန္ဒရှိနေကြသလား၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအပေါ် အခြေခံသော နိုင်ငံသားဖြစ်လိုမှုကို ဆန္ဒရှိကြသလားဆိုသည်ကိုကား ကာယကံရှင်တို့ကသာ ဆုံးဖြတ်ချက် ချမှတ်နိုင်ကြမည်ဖြစ်သည်။
ဤကိစ္စရပ်များကို ဖြေရှင်းရေးတွင် ရခိုင်မြောက်ပိုင်း၌ အကြမ်းဖက်တို့ထက် သာလွန်သည့်အင်အား၊ ရုပ်ဝတ္ထုများနှင့် နည်းပညာပြည့်ဝမှုများ လိုအပ်သည်။ အခြားတဖက်တွင် ပထဝီနိုင်ငံရေးအရ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့ကလည်း အထူးအရေးပါလှသည်။ နိုင်ငံတကာဆက်ဆံရေး ကောင်းမွန်မှု၊ သံရေးတမန်ရေး ကျွမ်းကျင်မှုများမှာ အခရာကျသည်။
အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရထံတွင် ဤအရေးနှင့်ပတ်သက်ပြီး ဖိအားပေါင်းများစွာထဲကပင် ရခိုင်ပြည်သူလူထု၏ ညီညွတ်မှုအား၊ နိုင်ငံတကာမှ လက်ခံနိုင်မှုတို့ဖြင့်သာ ရှေ့ဆက်ဖောက်ထွက်နိုင်ရေးကို ကြိုးပမ်းရမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
လပြည့်ဦး - ရေးသည်။