တရုတ်-အမေရိကန် အားပြိုင်မှုက ရခိုင်အပေါ် သက်ရောက်နိုင်သလား

စာနာမှုစင်္ကြံတစ်ရပ်အတွက် ယခုကဲ့သို့ အသံကျယ်ကျယ် ထွက်လာခြင်းသည် အာရက္ခတပ်တော်အတွက် အမေရိကန်၏ ကူညီပံ့ပိုးမှုများ ပေးအပ်ရန် လမ်းကြောင်းတစ်ရပ် တည်ဆောက်သည့်ပုံစံ ဖြစ်သည်ဟု အချို့ ယူဆကြသည်။

By Admin 30 May 2025

သရုပ်ဖော်ပုံ - Reuters
သရုပ်ဖော်ပုံ - Reuters

၂၀၂၅ ခုနှစ် ဧပြီလလယ်တွင် ဒါကာမြို့သို့ အမေရိကန် နိုင်ငံခြားရေးအရာရှိ သုံးဦး ရောက်ရှိခဲ့သည်။ လက်ထောက်အတွင်းဝန် နှစ်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ သံရုံးတာဝန်ခံတစ်ဦးတို့ဖြစ်သည်။ ဤသည်က အမေရိကန် အရာရှိအသိုင်းအဝိုင်းနှင့် ၂၀၂၄ သြဂုတ်တွင် စတင်တာဝန်ယူခဲ့သည့် မိုဟာမက်ယူနွတ်၏ ကြားဖြတ်အစိုးရတို့အကြား အရေးပါသည့် ထိတွေ့ဆက်ဆံမှု ပထမဆုံး ရှိလာသည့် လက္ခဏာဖြစ်သည်။

၂၀၂၄ ခုနှစ် သြဂုတ်လ နိုင်ငံရေး အကူးအပြောင်း နောက်ပိုင်းတွင် ယူနွတ်ဦးဆောင်သည့် ကြားဖြတ်အစိုးရသည် ပထဝီနိုင်ငံရေး တိမ်းညွတ်မှု အသစ်တစ်ရပ် ကျင့်သုံးလာပုံပေါ်သည်။ ဤပုံစံသစ်အရ နိုင်ငံကို အနောက်အုပ်စု၏ အကျိုးစီးပွားနှင့် ဆက်စပ်၍ နိုင်ငံရေးနှင့် စီးပွားရေး ကဏ္ဍနှစ်ရပ်လုံး၌ လမ်းကြောင်းဖွင့်လိုက်ဟန်ရှိသည်။

မြန်မာ့အရေးနှင့် ပတ်သက်၍ ဘာတွေ ဆွေးနွေးခဲ့ကြသည်ကို ဘင်္ဂလားဒေ့ရှ် မီဒီယာများတွင် မယ်မယ်ရရ မဖော်ပြနိုင်ကြပေ။ သို့သော်လည်း အသစ်ခန့်ထားသည့် အမျိုးသားလုံခြုံရေးအကြံပေး (NSA) ခါလီလာရာမန်က မွတ်ဆလင်ဒုက္ခသည် နေရပ်ပြန်ပို့ရေး အငြင်းပွားဖွယ် ကိစ္စရပ်တွင် ဝင်ပါလာမှု၊ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ဟောင်း ဆူဖီယာရာမန်ကို နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ယူနွတ်၏ အထူးလက်ထောက်အဖြစ် ခန့်အပ်မှုတို့က အမေရိကန်နှင့် မြန်မာတို့ပါဝင်သည့် လုံခြုံရေးကွန်ရက်တွင် ဒါကာသည် သော့ချက်နေရာက ဝင်ပါမည်ကို ရှင်းရှင်းလင်းလင်း ပြသနေသည့် အထောက်အထားများ ဖြစ်သည်။

ကုလ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက် မတ်လတွင် ဒါကာသို့ ရောက်ခဲ့ပြီးနောက်ပိုင်းတွင် မွတ်ဆလင်ဒုက္ခသည် နေရပ်ပြန်ရေး ကိစ္စရပ်သည် စင်မြင့်ပေါ်သို့ ရောက်လာခဲ့သည်။ ထို့နောက်တွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိသုံးဦးနှင့် ယူနွတ်အစိုးရမှ အဓိကကျသူ သုံးဦးတို့ တွေ့ဆုံဆွေးနွေးမှု ရှိလာခဲ့ကာ ဒါကာသည်လည်း ရခိုင်ပြည်အတွက် စာနာမှု အကူအညီများ ပေးအပ်ရာတွင် ပါဝင်ပံ့ပိုးရေး ဘက်ဆီသို့ အာရုံလှည့်လာခဲ့သည်။

ဤကြိုးပမ်းမှုများသည် ကနဦး၌ ကော့ဘဇား ဒုက္ခသည်စခန်းများတွင် ၂၀၁၇ ခုနှစ်တည်းက ဆိုးဝါးသော အခြေအနေများဖြင့် နေထိုင်နေရသည့် မွတ်ဆလင်ဒုက္ခသည် ၁.၄ သန်းအား နေရပ်ပြန်ပို့ရန် အဓိက ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းတစ်ခုကို အပေါ်စီးမှ မြင်ရစဉ်။ ဓာတ်ပုံ - Zhantu Chakma | Dreamstime.com

သို့သော်လည်း နည်းလမ်းအသစ်တွင်မူ ရခိုင်အတွက် "စာနာမှုစင်္ကြံ" တစ်ရပ် ထားရှိရေးအတွက် ပြောဆိုမှုများလည်း ပါဝင်လာသည်။ အာရက္ခတပ်တော် ထိန်းချုပ်ရာ ဒေသအတွင်း စားနပ်ရိက္ခာပြတ်လပ်မှုနှင့် အငတ်ဘေးတို့ကို ထောက်ပြကာ ယခုလို ပြောကြားမှု ရှိလာခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် လေ့လာသူများကမူ ယူနွတ်အစိုးရ အဆိုပြုသည့် စာနာမှုစင်္ကြံအစီအစဉ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ကြသည်။ ဤအစီအစဉ်သည် မြန်မာအစိုးရ၏ သဘောတူညီမှု မပါဘဲ စတင်မည့်ပုံစံ ဖြစ်ရာ နိုင်ငံတကာ ဥပဒေများနှင့် ဆီလျော်မှု မရှိသလို ဥပဒေရေးရာနှင့် သံတမန်ရေးရာ စိုးရိမ်စရာများ ရှိလာနိုင်သည်ကို သူတို့က ထောက်ပြသည်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များနှင့် အာရက္ခတပ်တော်အကြား ဆက်ဆံမှုများမှာ ၂၀၂၄ ဒီဇင်ဘာထက် နောက်မကျဘဲ ရှိနေပြီဖြစ်သည်။ သို့သော်လည်း ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲသို့ "မကြာသေးမီက ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခဲ့မှုများ၊ ယဉ်ကျေးမှုဆိုင်ရာ ထိတွေ့ဆက်ဆံမှုများက နယ်စပ်ဖြတ်ကျော် မတည်ငြိမ်မှုများကို ပိုမြင့်မားစေသလို နိုင်ငံတော် အချုပ်အခြာအာဏာကိုလည်း စိန်ခေါ်နေသည်" ဟု လေ့လာသူများက ထောက်ပြကြသည်။

စာနာမှုစင်္ကြံတစ်ရပ်အတွက် ယခုကဲ့သို့ အသံကျယ်ကျယ် ထွက်လာခြင်းသည် အာရက္ခတပ်တော်အတွက် အမေရိကန်၏ ကူညီပံ့ပိုးမှုများ ပေးအပ်ရန် လမ်းကြောင်းတစ်ရပ် တည်ဆောက်သည့်ပုံစံ ဖြစ်သည်ဟု အချို့ ယူဆကြသည်။

အမေရိကန်သည် Burma Act ဥပဒေနှင့်အညီ ရခိုင်ပြည်အတွက် 'အသက်အန္တရာယ် မဖြစ်စေသည့်' အကူအညီများကို ပေးအပ်နိုင်ရေးအတွက် စာနာမှုစင်္ကြံကို အသုံးချနိုင်ခြေ ရှိသည်ဟူသော ပြောဆိုချက်များ ရှိနေသည်။ တချိန်တည်း၌ မြန်မာပြည်အတွက် ကူညီထောက်ပံ့မှုများ ပေးအပ်မှုတွင် ဘင်္ဂလားဒေ့ရှ် စစ်တပ်သည်လည်း တစ်ခန်းတစ်ကဏ္ဍ ပါဝင်ပတ်သက်လာနိုင်ပြီး ဤသည်က လုံခြုံရေးရှုထောင့်ဘက်မှ ယူဆချက် တစ်ရပ်ရပ် ရှိနေနိုင်သည်။

သီအိုရီအရဆိုလျှင် ဘင်္ဂလားဒေ့ရှ် စစ်တပ်သည် အာရက္ခတပ်တော်အတွက် ရိက္ခာအကူအညီများ ထောက်ပံ့ရေးတွင် အရေးပါသည့် ကဏ္ဍတစ်ရပ်အဖြစ် ရှိနေသည်။ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယမီဒီယာများ၏ သတင်းများကလည်း အမေရိကန် စစ်အရာရှိကြီးတစ်ဦးနှင့် ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြား ဆက်ဆံမှုကို အလွန်အကျူးပုံဖော်ကာ ဤနှစ်နိုင်ငံအကြား နက်ရှိုင်းသော ဆက်နွယ်မှုတစ်ရပ် ရှိနေကြောင်း ညွှန်းဆိုကြသည်။

လက်ရှိတွင် အမေရိကန်သြဇာသည် ဤဒေသ၌ ပါဝင်ပတ်သက်မှုများ ရှိလာနေကြောင်း ဆိုခဲ့ပါဖြစ်ရပ်က မီးမောင်းထိုးပြနေသည်။ သို့သော် မြန်မာ့အရေးတွင် တရုတ်ဘက်က ပါဝင်ပတ်သက်မှု ရှိကောင်းရှိလာနိုင်သည့် အခန်းကဏ္ဍကလည်း ပြောင်းလဲနေသည့် ပထဝီနိုင်ငံရေး အခြေအနေကို ရှုပ်ထွေးစေလျက်ရှိသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် မကြာသေးမီကမှ မော်စကိုတွင် တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဉ်၌ ရှီက နေပြည်တော်၏ ဖြစ်ထွန်းပြောင်းလဲမှုများကို အားပေးထောက်ခံမှု ပြသခဲ့ပြီး ဤပြောင်းလဲမှုများသည် "နိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီပြီး အချုပ်အခြာအာဏာ၊ လွတ်လပ်ရေး၊ နယ်မြေစိုးမိုးရေး၊ အမျိုးသားတည်ငြိမ်ရေးကို ကာကွယ်ရေးစောင့်ရှောက်ကာ ပြည်တွင်းနိုင်ငံရေး အစီအစဉ်အတိုင်း ပုံမှန် ရှေ့ဆက်ရန် သင့်လျော်သည်" ဟု တရုတ်သမ္မတက ဆိုသည်။

အာရက္ခတပ်တော်က စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့ကို သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ဆင်ရန် ကြိုးပမ်းနေချိန်၌ တရုတ်သမ္မတ၏ ယခုအပြောသည် မြန်မာစစ်ကောင်စီကို အပြည့်အဝ အားပေးထောက်ခံမှု ပြသလိုက်ခြင်းသာ ဖြစ်သည်။

မြန်မာစစ်ကောင်စီ၏ အမာခံမဟာမိတ် ဖြစ်သော တရုတ်သည် ရခိုင်ပြည်နယ် ကျောက်ဖြူဒေသတွင်လည်း ရင်းနှီးမြှုပ်နှံမှုကြီးများ ရှိထားသည်။ အဓိကအားဖြင့် စီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း စီမံကိန်းတို့ ဖြစ်သည်။ ဗျူဟာမြောက် ကျောက်ဖြူဒေသသည် တရုတ်ပြည် ယူနန်ပြည်နယ် ကူမင်းမြို့အထိ ရောက်ရှိသည့် အမေရိကန်ဒေါ်လာ ၁.၅ ဘီလျံတန် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း အထိုင် စတင်သည့်နေရာလည်း ဖြစ်သည်။

ရပ်ဝန်းနှင့်လမ်း စီမံကိန်းလက်အောက်ရှိ နောက်ထပ် တရုတ်လုပ်ငန်းများသည်လည်း နေပြည်တော်အပေါ် ဖိအားပေးလာနိုင်သည့် ဘေဂျင်း၏ စီးပွားရေး တွန်းအားများ ဖြစ်သည်။ ကျောက်ဖြူအပြင် ရခိုင်မြို့တော် စစ်တွေသည်လည်း ဗျူဟာမြောက် မြို့တစ်မြို့ ဖြစ်သည်။ ဤမြို့သည် အိန္ဒိယက သူ့နိုင်ငံ၏ အရှေ့မြောက်ဘက် ကုန်းတွင်းပိတ်ဒေသအတွက် နောက်ထပ်ထွက်ပေါက်တစ်ခု ပေးနိုင်ရန် ရည်ရွယ်ထားသော ကုလားတန် သယ်ယူပို့ဆောင်ရေး ဘက်စုံစီမံကိန်းကြီးအတွက် အရေးပါသည့် ကွင်းဆက်တစ်နေရာ ဖြစ်သည်။

မြန်မာနိုင်ငံ၊ အထူးသဖြင့် ရခိုင်ပြည်နယ်သည် တရုတ်နှင့် အိန္ဒိယတို့အတွက် ဗျူဟာမြောက် တည်ရှိနေသည်မှာ ငြင်းစရာမရှိပါပေ။ သို့အတွက်ကြောင့်ပင် ဘေဂျင်းနှင့် နယူးဒေလီတို့သည် မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားကြခြင်း ဖြစ်သည်။

အာရက္ခတပ်တော်က ဒါကာနှင့် နီးစပ်မှု ပိုအားကောင်းလာသည့်အပေါ် နယူးဒေလီဘက်မှ တစုံတရာ ထုတ်ပြန်ပြောကြားသည်မျိုး မရှိသေးပေ။ သို့သော်လည်း ရခိုင်ပြည်ရှိ သူ့အကျိုးစီးပွားများကို အကာအကွယ်ပေးရန် လိုလားနေမည်သာ ဖြစ်သည်။ ဒါကာသည်လည်း စာနာမှုစင်္ကြံ အဆိုပြုချက်ကို သဘောတူဖွယ် မရှိလှသည့် မြန်မာစစ်ကောင်စီနှင့် ရင်ဆိုင်ရဦးမည် ဖြစ်သည်။

ဤသည်က မွတ်ဆလင်ဒုက္ခသည် အရေးကို သောင်မတင်ရေမကျ ဖြစ်သွားစေနိုင်သလို စာနာမှုအကူအညီ ပေးရေးဆိုင်ရာ လမ်းကြောင်းဟူသည့် ရည်ရွယ်ချက်ကိုယ်တိုင်ကို ပျက်ပြားသွားစေနိုင်သည်။ ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံခြားရေး မူဝါဒသည် မူလအားဖြင့် မွတ်ဆလင်ဒုက္ခသည်များအား လာရင်းအရပ် ရခိုင်ပြည်သို့ ပြန်ပို့ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ရခိုင်တွင် အကြမ်းဖက်မှုများနှင့်အတူ မရေရာမှုများ ရှိနေဆဲ ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ၏ ရခိုင်အရေးမူဝါဒ၊ အာရက္ခတပ်တော်ကို ကူညီထောက်ပံ့ရေးတွင် ဘင်္ဂလားဒေ့ရှ် စစ်တပ်က ပါဝင်လာနိုင်သည့် အခန်းကဏ္ဍ၊ စာနာမှုစင်္ကြံ အဆိုပြုချက်အပေါ် မြန်မာစစ်ကောင်စီက ကန့်ကွက်နိုင်သည့် အလားအလာ၊ နေပြည်တော်၏ နယ်မြေပိုင်နက်ကို အကာအကွယ်ပေးရန် တရုတ်ဘက်မှ အင်တိုက်အားတိုက် အကူအညီ စသည်တို့က ဒုက္ခသည်အရေးကို ဖြေရှင်းနိုင်ဖို့ ဝေးစွ၊ လာမည့်လများအတွင်း ဤဒေသကို ပထဝီနိုင်ငံရေး ဒုစရိုက်နယ်မြေအဖြစ်ပင် ပြောင်းလဲပစ်လိုက်နိုင်ခြေ ရှိနေပေသည်။

ရာဗီချန်ဒရာကူးမား

The Diplomat ဝဘ်ဆိုက်တွင် ဖော်ပြထားသည့် Will a China-US Tug of War Ensue Over Rakhine State? ကို ဘာသာပြန်ပါသည်။ ဆောင်းပါးရှင် Fahd Bin Zahed သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာရှိ North South University ၏ ငြိမ်းချမ်းရေးလေ့လာရေးဌာနမှ အကြီးတန်းကထိက တစ်ဦး ဖြစ်သည်။