ရခိုင်ဒေသသို့ ဒေါ်အောင်ဆန်းစုကြည်လာရောက်ခြင်း၏ နောက်ကွယ်

တိတ်တဆိတ် လာရောက်ခြင်းနဲ့ရခိုင်ပြည်မြောက်ဘက်ခြမ်း ခရီးကို ၂၀၁၇ နိုဝင်ဘာလ ၂ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် စတင်လိုက်ပါတယ်။ ၁၄ နှစ်ကာလအတွင်းမှာ ပထမဆုံးအကြိမ် အဖြစ် ရောက်ရှိခဲ့တဲ့ခရီးစဉ်ဖြစ်သလို ကင်းစခန်း ၃၀ ကို ARSA အကြမ်းဖက်သမားတွေက နယ်မြေကျူးကျော်ပြီး အကြမ်းဖက်လို့ သုံးလမြောက်တဲ့ ကာလလည်းဖြစ်ပါတယ်။

By ဦးမောင်ကြီး (စစ်တွေ) 03 Nov 2017

(၁၄ နှစ်တာကာလအတွင်း ရခိုင်ပြည်မြောက်ပိုင်းကို ပထမဆုံးအကြိမ် လာရောက်သည့် ဒေါ်အောင်ဆန်းစုကြည်။ ဓါတ်ပုံ - ချလူးအောင်၊ DMG)

ရေးသားသူ - ဦးမောင်ကြီး (စစ်တွေ)

တိတ်တဆိတ် လာရောက်ခြင်းနဲ့ရခိုင်ပြည်မြောက်ဘက်ခြမ်း ခရီးကို ၂၀၁၇ နိုဝင်ဘာလ ၂ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် စတင်လိုက်ပါတယ်။ ၁၄ နှစ်ကာလအတွင်းမှာ ပထမဆုံးအကြိမ် အဖြစ် ရောက်ရှိခဲ့တဲ့ခရီးစဉ်ဖြစ်သလို ကင်းစခန်း ၃၀ ကို ARSA အကြမ်းဖက်သမားတွေက နယ်မြေကျူးကျော်ပြီး အကြမ်းဖက်လို့ သုံးလမြောက်တဲ့ ကာလလည်းဖြစ်ပါတယ်။

အစိုးရက ခရီးစဉ်ကို တရားဝင်မကြေညာဘဲ ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေ့ချင်းပြန်ခရီးအဖြစ် မောင်တောဒေသက ပန်းတောပြင်၊ တောင်ပြို၊ ခုံတိုင်နဲ့ ကျီးကန်ပြင် စတဲ့နေရာတွေကို သွားရောက်ခဲ့တာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ မြန်မာစီးပွားရေးလုပ်ငန်းရှင် တချို့ကိုလည်း မောင်တောခရီးစဉ်မှာ လိုက်ပါလာတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ဒီလိုလိုက်ပါလာရခြင်းဟာ မောင်တောဒေသကို ပြန်လည် တည်ထောင်ရာမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို လုပ်ကိုင်စေဖို့ပဲလို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက မောင်တောဒေသခရီးစဉ်နဲ့ပတ်သက်ပြီး ထုတ်ပြန်ထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံရဲ့ ရခိုင်ဒေသခရီးစဉ်ဟာ ကမ္ဘာက မြန်မာနိုင်ငံအပေါ် ယုံကြည်မှုစတင် ကျဆင်းနေတဲ့ အချိန်မှာ မထင်မှတ်တဲ့ လုပ်ရပ်ကို စတင်လိုက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ဖို့ နိုင်ငံကြီးတွေက ပြင်ဆင်နေတဲ့ ကာလမှ ရောက်ရှိလာတာဖြစ်သလို့ ကမ္ဘာဘဏ်က ဘင်္ဂလီအရေးခင်ကြောင့် မြန်မာနိုင်ငံအပေါ် ချေးငွေ သန်း ၂၀၀ ထုတ်ပေးတာ ရပ်တန့်ဖို့ ဆုံးဖြတ်ပြီးတဲ့ အချိန်လည်းဖြစ်ပါတယ်။

အခြားတစ်ဘက်မှာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြေးသွားကြတဲ့ ဘင်္ဂလီတွေကို ပြန်လည်လက်ခံဖို့ ဖိအားပေးမှုတွေခံနေရတဲ့ အချိန်ဖြစ်ပြီး အမေရိကန်နိုင်ငံခြားရေးရာဝန်ကြီးဌာနက အဖွဲ့တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘင်္ဂလီဒုက္ခသည်စခန်းတွေဆီကို လေ့လာဖို့သွားရောက်နေတဲ့ အချိန်လည်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရခိုင်ဒေသကို မရောက်ရှိခင် နှစ်ရက်အလိုမှာတော့ ယဉ်ကျေးမှုနှင့် သာသနာရေးရာ ပြည်ထောင်စုဝန်ကြီး ဦးသူရအောင်ကို ရောက်ရှိလာပြီး  ဘင်္ဂလားဒေ့ရှ်က ပြန်လာမယ့်သူတွေကို လက်ခံပေးဖို့ စစ်တွေမြို့ပေါ်က ဆရာတော်တွေကို လာရောက်လျှောက်ထား ညှိနိုင်းလာခဲ့တဲ့ ရက်ပိုင်းလည်း ဖြစ်ပါတယ်။

နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၇ နာရီခွဲမှာ ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တွေလေဆိပ် ခန်းမမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေး လူငယ်အဖွဲ့က လူငယ် ၁၁ ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဓိက ရည်ရွယ်ချက်ဟာ ထောက်ပံ့ပစ္စည်းတွေနဲ့ ပြန်လည်တည်ဆောက်ရာမှာ ဒေသခံတွေရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီစေဖို့ကို ရည်ရွယ်သလို ဒေသခံတွေရဲ့ လိုအပ်ချက်ကို သိရှိစေဖို့ မေးခွန်းတွေကို ဘယ်လိုထုတ်မှာလဲဆိုတဲ့ လူငယ်တွေလုပ်ဆောင်နိုင်မယ့် အရာတွေကိုပဲ အဓိက ထားပြီး ဆွေးနွေးခဲ့ တာဖြစ်တယ်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ လူငယ်အချို့က ဆိုပါတယ်။

လူငယ်တွေနဲ့ တွေ့ဆုံဆွေးနွေးလို့ အပြီးမှာ မောင်တောကို သွားရောက်ခဲ့ပြီး ပန်းတောပြင်ရွာက ဘင်္ဂလီတွေနဲ့တွေ့ဆုံခဲ့သလို ခုံးတိုင်၊ တောင်ပြို၊ ကျီးကန်ပြင်စတဲ့ နေရာတွေကို သွားရောက်ခဲ့ပါတယ်။

တောင်ပြိုလက်ဝဲမြို့အနီးမှာ  ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လည်ဝင်ရောက်လာသူတွေကို ယာယီလက်ခံမည့် နေရာတွေကိုလည်း ရောက်ရှိခဲ့ပါတယ်။ မောင်တောဒေသ အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာက စိတ်ဝင်စားစွာ စောင့်ကြည့်နေတဲ့ အခြေနေမှာ ဒေါ်အောင်ဆန်းစုကြည့်ရဲ့ ပထမဆုံး လုပ်ရှားမှုတစ်ခုလည်း ဖြစ်ပါတယ်။  ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးစဉ်တလျှောက်မှာ ဒေသခံတွေနဲ့ အဓိက တွေ့ဆုံပြောာကြားခဲ့တဲ့ အားပေးမှုတွေက ပညာရေးနဲ့ပတ်သက်ပြီး ပြောကြားခဲ့သလို စိုက်ပျိုးရေးကို အဓိကပြုလုပ်ကြဖို့ ပြောဆိုသွား ခဲ့တာတွေပဲဖြစ်ပါတယ်။  

ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ တုန့်ပြန်မှုဝေဖန်မှုတွေကို စောင့်ကြည့်နေဖို့အစား သူအဓိက လုပ်နိုင်တာတွေကိုပဲ လုပ်ကိုင်ဖို့ ရည်ရွယ်ပုံရပါတယ်။ မောင်တောဒေသကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိသွားတဲ့ အချိန်ဟာလည်း နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတဲ့ တပ်မတော်ဘက်က တပ်တွေကိုပြန်ရုပ်သိမ်းလိုက်ပြီး ရက်သတ္တပတ်တစ်ခုကြာမြင့်ချိန်မှာ ဖြစ်ပါတယ်။

မောင်တောဒေသ ပြန်လည်ထူထောင်ရေးနဲ့ပတ်သက်ပြီး လက်တွေ့ကျကျ ဆောင်ရွက်ဖို့ ကြိုးစားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဓိက စိန်ခေါ်မှုကတော့ နယ်မြေမလုံခြုံမှုနှင့် တရားဥပဒေမစိုးမှုပဲဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မောင်တောကို နေ့ချင်းပြန်ခရီးစဉ်အပြီးမှာပဲ တောထဲကို ဖားရှာ၊ ငါးရှာထွက်တဲ့ ဒေသခံတိုင်းရင်းသားတွေဟာ ဘင်္ဂလီတွေရဲ့ ရန်ပြုခြင်းကြောင့် တစ်ဦးမှာ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး မောင်တောဆေးရုံပေါ်မှာ အရေးပေါ် ဆေးကုသခံယူနေရပါတယ်။

လုံခြုံရေး အခြေနေတွေကြောင့်ပဲ မောင်တောခရိုင်မှာ အခြေခံပညာသင်ကျောင်းပေါင်း ၄၀၄ ကျောင်းရှိတဲ့ အထဲမှာ ၅၂ ကျောင်းသာ ဖွင့်လှစ်နိုင်သေးပြီး ကျောင်းပေါင်း ၃၅၂ ကျောင်းကို ဖွင့်လှစ်နိုင်ခြင်းမရှိသေးပါဘူး။ ဒီလိုအခြေနေတွေဟာ မောင်တောဒေရဲ့ တည်ငြိမ်မှု မရှိတဲ့ အခြေနေတွေကို ပြသနေတာပဲဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ပြန်လည်တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူတွေကို လာရောက်တွေ့ဆုံခြင်းမရှိသေးဘူးလို့ ဝေဖန်ပြစ်တင်ခြင်းကို ခံနေရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ လက်တွေ့ကျတဲ့ ဆောင်ရွက်ချက်ကို ပြသခဲ့ပါပြီ။

(နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်သို့ ရောက်ရှိစဉ် မောင်တော ပန်းတောပြင် ကျေးရွာက ဘင်္ဂါလီများနှင့်တွေ့ဆုံစဉ်။ ဓါတ်ပုံ - ချလူးအောင်၊ DMG)

ဗီဒီယိုများ