ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ခရီးစဉ် လုံခြုံရေးတိုးမြှင့်မည်


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း လုံခြုံရေး တိုးမြှင့်ချထားမည်ဟု ပြည်နယ်ရဲမှူးကြီး ကြည်လင်းက DMG ကိုပြောသည်။

20 Feb 2019

(ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၇ နိုဝင်ဘာ ၂ ရက်က မောင်တောဒေသသို့ သွားရောက်ခဲ့သည်။)

ခိုင်ရိုးလ / DMG

ဖေဖော်ဝါရီ ၂၀၊ စစ်တွေ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း လုံခြုံရေး တိုးမြှင့်ချထားမည်ဟု ပြည်နယ်ရဲမှူးကြီး ကြည်လင်းက DMG ကိုပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သံတွဲမြို့ ငပလီကမ်းခြေတွင် ကျင်းပမည့် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲသို့ လာရောက်မည်ဟု ရခိုင်ပြည်နယ်အစိုးရနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီးဌာန တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍  7 Day Daily သတင်းစာတွင် ရေးသားထားသည်။ အဆိုပါပွဲကို ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၃ ရက်နေ့အထိ ကျင်းပမည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း လုံခြုံရေးနှင့်ပတ်သက်ပြီး ရဲမှူးကြီး ကြည်လင်းက “ လုံခြုံရေးကို သူ့အဆင့်နဲ့လျှော်ညီတဲ့ ပုံမှန်ထက် တိုးမြှင့်ပြီးတော့ သင့်လျှော်အောင် ဆောင်ရွက်ထားတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ငပလီကိုလာမည့် ခရီးစဉ်နှင့်ပတ်သက်ပြီး အတည်ပြုရန်အတွက် ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်ကို ဆက်သွယ်မေးမြန်းရာတွင် နိုင်ငံတော်အကြီးအကဲ လာမည်ဟုသာ ဖြေကြားသည်။

“နိုင်ငံတော်အကြီးအကဲ ရင်းနှီးမြှုပ်နှံမှုပွဲကို လာမယ်လို့ပဲ သိရတယ်။  ဒေသခံတွေနဲ့လည်း တွေ့နိုင်ပါတယ်။ တွေ့ဆုံပွဲလုပ်ရင်လည်း  ရခိုင်တစ်ပြည်နယ်လုံးက ပြည်သူတွေလည်း တက်ရောက်ခွင့်ရှိပါတယ်” ဟု ဦးဝင်းမြင့်က ပြောသည်။

NLD အစိုးရ တက်လာပြီးနောက် ယခု ရခိုင်ခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယမြောက် ခရီးစဉ် ဖြစ်သည်။ ပထမခရီးစဉ်သည် ၂၀၁၇ နိုဝင်ဘာ ၂ ရက်က မောင်တောဒေသသို့ သွားရောက်ခဲ့သည့် ခရီးစဉ်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ခုနှစ်တွင် သံတွဲ၊ တောင်ကုတ်၊ ဂွ မြို့နယ်များသို့ လာရောက်ကာ မဲဆွယ် စည်းရုံးမှုများ ပြုလုပ်ခဲ့သည်။

ဗီဒီယိုများ