ရင်းနှီးမြှုပ်နှံမည့်သူများကို ရခိုင်ပြည်သူများ ကြိုဆိုလျက်ရှိဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲသို့ တက်ရောက်လာကြသည့် ပုဂ္ဂိုလ်အသီးသီးအနေဖြင့် ပြည်နယ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြပ်နှံခြင်းအားဖြင့် မြန်မာနိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အုတ်မြစ်ချပေးခြင်း အခန်းကဏ္ဍက ပါဝင်နိုင်ကြမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

23 Feb 2019

နေရောင်မင်း(စစ်တွေ) / DMG
ဖေဖော်ဝါရီ ၂၃၊ စစ်တွေ

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲသို့ တက်ရောက်လာကြသည့် ပုဂ္ဂိုလ်အသီးသီးအနေဖြင့် ပြည်နယ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြပ်နှံခြင်းအားဖြင့် မြန်မာနိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အုတ်မြစ်ချပေးခြင်း အခန်းကဏ္ဍက ပါဝင်နိုင်ကြမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

သံတွဲမြို့ ငပလီကမ်းခြေတွင် ယနေ့(ဖေဖော်ဝါရီလ ၂၂ ရက်)တွင် ကျင်းပသည့် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲ ဖွင့်ပွဲအခမ်းအနားတွင် ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

“တာဝန်ယူမှုရှိပြီး ကောင်းမွန်စွာ အကောင်အထည်ဖော်ဆောင်ရွက်မယ့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများက နိုင်ငံရဲ့ စီးပွားရေးအနာဂတ် အလားအလာ ဖော်ဆောင်ရာမှာ ရခိုင်ပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းဆီ တွန်းတင်ရန်အတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ဒါ့ကြောင့် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲက ရှာဖွေဖော်ထုတ်ခြင်း မပြုလုပ်ရသေးတဲ့ အခွင့်အလမ်းများ အပြည့်ရှိနေတဲ့ ရခိုင်ပြည်နယ်ကို ဖော်ထုတ်ပြသပေးသွားမှာ ဖြစ်ပါတယ်။ ခင်မင်ရင်းနှီးမှုဖော်ရွေပြီး ၎င်းတို့ဒေသရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် စိတ်အားထက်သန်နေတဲ့ ပြည်သူများက ရင်းနှီးမြှုပ်နှံမယ့်သူတွေကို ကြိုဆိုလျက်ရှိပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ယခုပြပွဲပြုလုပ်ရခြင်းမှာ ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်နိုင်သည့် လုပ်ငန်းကဏ္ဍစုံတွင် အလားအလာရှိသော်လည်း သိသူနည်းပါးသောကြောင့် ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု နည်းပါးနေသည်။ ယင်းကြောင့် ပြပွဲပေါ်ပေါက်လာခြင်းဖြစ်ကာ ယခုကဲ့သို့ ဆွေးနွေးလိုက်ခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်နိုင်မည့် အလားအလာများကို ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမည့်သူများက စိတ်ဝင်စားပြီး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာမည်ဟု နိုင်ငံပိုင်သတင်းစာများတွင် ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံတကာအသိုက်အဝန်း၏ အာရုံစိုက်မှုမှာ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကျဉ်းပေးနိုင်သည့် ပြည်နယ်အတွင်း များပြားစွာ တည်ရှိနေသည့် အလားအလာကောင်းများထက် ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားသည့် တင်းမာမှုများကိုသာ အမြင်ကျဉ်းမြောင်းစွာ အာရုံထားနေခဲ့သည်မှာ ကာလရှည်ကြာခဲ့ပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ ကြီးလေးသည့် စိန်ခေါ်မှုများ ရှိနေသည်ကို ရင်ဆိုင်ကျော်လွှားသွားရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲကို ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများကို အားပေးမြှင့်တင်ရန် ရည်ရွယ်၍ ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီနှင့် ဂျပန်ပြည်ပကုန်သွယ်မှုအဖွဲ့တို့ ပူးပေါင်း၍ ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၃ ရက်အထိ ကျင်းပနေခြင်းဖြစ်သည်။

ယင်းပွဲတွင် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပြီး စီးပွားရေးဆိုင်ရာ ဆွေးနွေးမှုများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ဌာနနှင့်ပတ်သက်သည့် မူဝါဒများ၊ ပြည်နယ်နှင့်ပတ်သက်သည့် စီမံကိန်းများ၊ ဂျပန် ပြည်ပကုန်သွယ်မှုအဖွဲ့က ဦးစီးကျင်းပသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲ၊ ကုလားတန်မြစ်စီမံကိန်း၊ လျှပ်စစ်မီးဆိုင်ရာ စသည်တို့ကို ကဏ္ဍအလိုက် ဆွေးနွေးသွားမည်ဟု အစိုးရက သတင်းထုတ်ပြန်ထားသည်။

ယင်းပြပွဲတွင် အစိုးရဌာနဆိုင်ရာပြခန်းများ၊ ပြည်တွင်း ပြည်ပကုမ္ပဏီများမှ လာရောက်ပြသသည့် ပြခန်းများ၊ ဒေသထွက်ကုန်ဆိုင်ရာ ပြခန်းများ စသည့် ပြခန်း ၄၀ ကျော် ပြသထားသည်။ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုးရီးယား စသည့် နိုင်ငံများက ကိုယ်စားလှယ်များလည်း တက်ရောက်နေသည်။

 

ဗီဒီယိုများ