သက်ရောက်မှုကြီးမားတဲ့ ဒေါ်အောင်ဆန်းစုကြည် မှာကြားချက်

ရက္ခိုင့်တပ်မတော် (AA) ကို ARSA အဖွဲ့နှင့် တန်းတူထားပြီး ချေမှုန်းဖို့ အမိန့်ပေးတာဟာလည်း ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းရင်းသားအရေးကိစ္စနဲ့ ပတ်သက်ပြီး ယုံကြည်မှုပျက်ပြားစေခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တစ်ခုကို တိုင်းရင်းလက်နက်ကိုင် တပ်ဖွဲ့မဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုနဲ့ နှိုင်းယှဉ်ပြီး မပြောသင့်ဘူးလို့ ထောက်ပြမှုတွေလည်း ရှိကြပါတယ်။

By ဖဒူ ထွန်းအောင် 07 Feb 2019

Photo - Myanmar State Counsellor Office

Written by - ဖဒူ ထွန်းအောင် / DMG

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအလွန်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရနဲ့ ရခိုင်လူထုကြား ဆက်ဆံရေးဟာ တင်းမာမှုရှိခဲ့ပါတယ်။ တစ်နည်းအားဖြင့်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့ ဆက်ဆံရေး တင်းမာမှု ရှိခဲ့တာပါ။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်း ရခိုင်အမျိုးသားပါတီ(ANP)ဟာ အများဆုံး အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ရခိုင်အမျိုးသားပါတီဟာ ပြည်နယ်ဝန်ကြီးချုပ် တာဝန်ယူပြီး ပြည်နယ်အစိုးရဖွဲ့ခွင့် မရရှိခဲ့ပါဘူး။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အနိုင်ရရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဟာ သူ့ပါတီက ဦးညီပုကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ပြီး ပြည်နယ်အစိုးရဖွဲ့ခွင့် ပေးလိုက်ပါတယ်။

အဲဒီလိုအနေအထားမှာ ပြည်နယ်အစိုးရ ဖွဲ့စည်းတဲ့အခါ ANP က ဦးဆောင်ဖွဲ့စည်းခွင့် မရရင် အစိုးရအဖွဲ့မှာ လုံးဝမပါဝင်ဘဲ အတိုက်အခံအဖြစ် နေမယ်လို့ ရခိုင်အမျိုးသားပါတီက သဘောထားထုတ်ပြန်လိုက်ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်သူတွေကလည်း ရခိုင်အမျိုးသားပါတီက ဦးဆောင်ပြီး အစိုးရဖွဲ့ခွင့်ရရှိရေး ဆန္ဒဖော်ထုတ်မှုတွေ ရှိခဲ့ကြပါတယ်။

ဒါပေမယ့် NLD ပါတီကတော့ သူတို့ရဲ့ အစီအစဉ်အတိုင်းပဲ ဆက်လုပ်သွားပါတယ်။ ပြည်နယ်လွှတ်တော်ထဲမှာ ဦးညီပုကို ဝန်ကြီးချုပ်ခန့်အပ်ကြောင်း ကြေငြာတဲ့နေ့မှာလည်း ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ်တွေက ဆန္ဒပြခဲ့ကြပါတယ်။ ရခိုင်အမျိုးသားပါတီကလည်း ဆက်လက် အတိုက်အခံ ပြုလုပ်ပါတယ်။

တစ်ဖက်မှာလည်း NLD အမတ်တွေ လွှမ်းမိုးထားတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်မှာလည်း ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ တင်သွင်းတဲ့ အဆိုတွေဟာ အောင်မြင်မှု မရရှိပါဘူး။ ဆွေးနွေးခွင့် မရတာတွေရှိသလို လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်တဲ့အခါ ရှုံးနိမ့်မှုတွေ ရှိပါတယ်။ အဲဒါကြောင့် NLD အစိုးရနဲ့ ရခိုင်လူထုတွေကြား ဆက်ဆံရေးဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးဝါးလာတဲ့ အခြေအနေတွေ ဖြစ်လာပါတယ်။

 ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ အစောပိုင်းက စတင်ပြီး ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်(AA)တို့ တိုက်ပွဲတွေ ပြင်းထန်လာပါတယ်။ ဒီလို တိုက်ပွဲတွေပြင်းထန်နေတုန်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဆွေးနွေးဖို့အတွက်ဆိုပြီး တိုင်းစစ်ဌာနချုပ်နယ်မြေ(၅)ခုမှာ လေးလကျော်ကြာ အပစ်ရပ်စဲမယ်လို့ တပ်မတော်က ကြေငြာပါတယ်။ ဒါပေမယ့် တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်က အနောက်ပိုင်းတိုင်းစစ် ဌာနချုပ်နယ်မြေဟာ အပစ်ရပ်စဲမယ့် အထဲမှာ မပါဝင်ခဲ့ပါဘူး။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေကိုလည်း အပစ်ရပ်စဲမယ့်အထဲမှာ ထည့်သွင်းဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ရခိုင်လူထုတွေက လိုလားကြပါတယ်။ ဒါပေမယ့် အဲဒီလို လိုလားချက်တွေဟာ တကယ်ဖြစ်မလာဘဲ တိုက်ပွဲတွေပဲ နေ့စဉ် ပြင်းထန်လာခဲ့ပါတယ်။

အဲဒီလို အနေအထားမှာ ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ ရဲကင်းစခန်းလေးခုကို ရက္ခိုင့်တပ်မတော်က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ရတာဟာ အဲဒီစခန်းတွေဟာ နယ်ခြားစောင့်စခန်းဆိုပေမယ့် တပ်မတော်ဘက်က နေရာယူထားမှုနဲ့ နယ်ခြားစောင့်ရဲတွေက  အရပ်သားတွေကို ညှင်းပန်းနှိပ်စက်မှုတွေရှိပြီး တပ်မတော်ဘက်က အင်အားအလွန်အကျွံသုံး တိုက်ခိုက်နေမှုကြောင့် ပြန်လည်တိုက်ခိုက်ရတာလို့ ရက္ခိုင့်တပ်မတာ်(AA)က ပြောပါတယ်။

အေအေက ဝင်ရောက်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တွေလည်း ကျဆုံး၊ ဒဏ်ရာရရှိမှု ရှိသလို လက်နက်ခဲယမ်းတွေ အများအပြားကိုလည်း ဆုံးရှုံးလိုက်ရပါတယ်။ ဒါကြောင့် ရက္ခိုင့်တပ်မတော်ကို သောင်းကျန်းသူစစ်ဆင်ရေး ဆင်နွဲှဖို့ အစိုးရက တပ်မတော်ကို ချက်ချင်း ညွှန်ကြားလိုက်ပါတယ်။

အဲဒီလို တိုက်ခိုက်မှုဖြစ်ပွားပြီး ဇန်နဝါရီလ ၇ ရက်နေ့မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် နိုင်ငံ့ထိပ်ပိုင်းခေါင်းဆောင်တွေ ပါဝင်တဲ့ အစည်းအဝေးတစ်ခု ပြုလုပ်ပါတယ်။ အဲဒီအစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က ရက္ခိုင့်တပ်မတော်ကို ပြတ်ပြတ်သားသား ချေမှုန်းဖို့ မှာကြားခဲ့တယ်လို့ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်က လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

“အဲဒီ ညှိနှိုင်းအစည်းအဝေးမှာလည်း နိုင်ငံတော်အတိုင်ပင်ခံအနေနဲ့ AA အဖွဲ့ဟာ အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့သာဖြစ်တယ်။ ထိထိရောက်ရောက် လျင်လျင် ပြတ်ပြတ်သားသား ချေမှုန်းဖို့ မှာကြားခဲ့ပါတယ်” လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောပါတယ်။

မောင်တောဒေသမှာ ဘင်္ဂါလီတွေ ဦးဆောင်တည်ထောင်တဲ့ ARSA အဖွဲ့က ပြီးခဲ့တဲ့ ၂၀၁၆ ခု၊၂၀၁၇ မှာ ရဲကင်းစခန်းတွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒါကြောင့် တပ်မတော်က စစ်ဆင်ရေးတွေ ပြုလုပ်ခဲ့ပြီးနောက် ဘင်္ဂါလီအများအပြား ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့ရပါတယ်။

နိုင်ငံ့ထိပ်ပိုင်းအစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က တကယ်လို့ ရက္ခိုင့်တပ်မတော်(AA)ကို မချေမှုန်းရင်  ARSA ကို ဘာသာခြားဖြစ်တာကြောင့် ချေမှုန်းတာလား၊ AA ကို တိုင်းရင်းသားဖြစ်တာကြောင့် မချေမှုန်းသလားလို့  လက်ညိုးထိုးစရာ ဖြစ်လာနိုင်တာကြောင့် ပြတ်ပြတ်သားသားချေမှုန်းဖို့ မှာကြားခဲ့တာလို့ တပ်မတော်က ပြောပါတယ်။

အဲဒီလို ပြောကြားချက်ကို ရခိုင်လူထုတွေက ပြင်းပြင်းထန်ထန် ဝေဖန်ကြသလို နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ချို့လည်း သဘောမတွေ့ပါဘူး။ NLD အစိုးရနဲ့ ရခိုင်လူထုကြား အရင်ကတည်းက ဆက်ဆံရေးတင်းမာမှု ရှိခဲ့တာကနေ အခုအချိန်မှာတော့ ပိုပြီးတော့ ဆက်ဆံရေးတင်းမာမှု ရေချိန် မြင့်တက်သွားပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ဘက်ကနေပြီး ပြောသလို အမှန်တကယ် ဒေါ်အောင်ဆန်းစုကြည် အမိန့်ပေးတယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာမှာ ပထမဦးဆုံး ခေတ်သစ်အာဏာရှင်စနစ်ကို လက်ခံကျင့်သုံးတဲ့  နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဖြစ်လိမ့်မယ်။ ကမ္ဘာ့ဂင်းနစ် စံချိန်ဝင်မယ့် အခြေအနေရှိတယ်။ ဆိုတော့ အဲဒါက တစ်ခုပေါ့။ ဆိုတော့ အခုကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အာဏာရှင်ဖြစ်နေပြီ ဆိုတာကတော့ ပိုပြီး ထင်ရှားလာတဲ့ သက်သေတစ်ခုဖြစ်တယ်” လို့ ရက္ခိုင့်တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။

တစ်ဖက်မှာလည်း ရက္ခိုင့်တပ်မတော်ကို ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြားလို့ တပ်မတော်က တိုက်နေတယ် ဆိုတာကို နိုင်ငံတကာက မြင်စေချင်တဲ့ သဘောရှိတယ်လို့ ခိုင်သုခက ဆက်လက်ပြောပါတယ်။

“ဆိုတော့ အခြေအနေကို ကြည့်ရတာကတော့ သူတို့(တပ်မတော်)က ဒေါ်အောင်ဆန်းစုကြည်ကို အများကြီး ဟိုက်လိုက်လုပ်တဲ့ အနေအထားရှိတယ်။ ဆိုလိုတာက သူတို့စစ်တပ်ကို ဒေါ်အောင်ဆန်းစုကြည်က အမိန့်ပေးလို့ တိုက်တယ် ဆိုတာကို နိုင်ငံတကာကို မြင်စေချင်တဲ့ သဘောရှိတယ်။ အဓိပ္ပာယ်ကတော့ အခု သူတို့ ရခိုင်ဒေသတစ်ဝှမ်းမှာ စစ်ရာဇဝတ်ကျူးလွန်နေတာအားလုံးဟာ သူတို့ (တပ်မတော်)မှာ အပြစ်မရှိ။  ဒေါ်အောင်ဆန်းစုကြည် အမိန့်ပေးလို့ တိုက်တယ် ဆိုတဲ့ပုံစံမျိုးကို ပြချင်တဲ့ သဘောရှိတယ်” လို့ သူက ဆိုပါတယ်။

ရက္ခိုင့်တပ်မတော် (AA) ကို ARSA အဖွဲ့နှင့် တန်းတူထားပြီး ချေမှုန်းဖို့ အမိန့်ပေးတာဟာလည်း ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းရင်းသားအရေးကိစ္စနဲ့ ပတ်သက်ပြီး ယုံကြည်မှုပျက်ပြားစေခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တစ်ခုကို တိုင်းရင်းလက်နက်ကိုင် တပ်ဖွဲ့မဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုနဲ့ နှိုင်းယှဉ်ပြီး မပြောသင့်ဘူးလို့ ထောက်ပြမှုတွေလည်း ရှိကြပါတယ်။

“ရခိုင်တစ်မျိုးသားလုံးက လိုအပ်ချက်အရ ဖွဲ့စည်းထားတဲ့ ရက္ခိုင့်တပ်မတော်ကို တစ်ဖက်နေပြီးတော့ ခိုးဝင်လာတဲ့သူတွေနဲ့ တစ်တန်းတည်း ဆက်ဆံတာဟာ လုံး၀ မပြောသင့်တဲ့စကား ဖြစ်တယ်။ အပြင်ကနေပြီး ခိုးဝင်လာတဲ့သူကို ကိုယ့်ညီအစ်ကို တိုင်းရင်းသားလို့ ပြောနေလူနဲ့ တစ်တန်းတည်းထားတယ်။ အဲဒီလို စဉ်းစားကတည်းက ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးနှောက်မမှန်တဲ့ နိုင်ငံရေးသမားလို့ ပြောရမလိုဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်တိုင်းရင်းသား လူမျိုးအစစ်ကို တဖက်ကနေပြီး ခိုးဝင်လာတဲ့သူနဲ့ တစ်တန်းတည်းထားပြီး ပြောတယ်ဆိုကတည်းက ဦးနှောက်မှန်တဲ့ နိုင်ငံရေးသမားလို့ ပြောလို့မရတော့ဘူး” လို့  လည်း ခိုင်သုခက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်ကို တပ်မတော်က လူသိရှင်ကြား ထုတ်မပြောခင်ကတည်းက နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ရက္ခိုင့်တပ်မတော်ကို ထောက်ခံနေတဲ့ ရခိုင်လူမျိုးတွေအနေနဲ့ AA ကြောင့် ရခိုင်ပြည်နယ် ကောင်းကျိုးထက် ဆိုးကျိုးအခြေအနေတွေကို သုံးသပ်ကြဖို့၊ AA ကို ထောက်ခံမှု ရပ်တန်းက ရပ်ကြဖို့ သတိပေးခဲ့ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ် နောင်အနာဂတ် ဆယ်စုနှစ်များစွာထဲမှာ ဒီလိုပဲ စစ်ပွဲသံသရာ လည်သွားတာကို မြင်ချင်လားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။

အဲဒီစကားတွေဟာ ရခိုင်လူထုကို ခြိမ်းခြောက်တာဖြစ်တယ်လို့ ရခိုင်အင်အားကြီးပါတီတွေနဲ့ ရခိုင်လူထုက မှတ်ယူကြပါတယ်။ အဲဒီပြောကြားချက်ကို ပြင်းပြင်းထန်ထန်လည်း ကန့်ကွက်ကြပါတယ်။ ဦးဇော်ဌေးပြောပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်တွေ ထွက်လာပြန်တော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအပေါ် ရခိုင်လူထုရဲ့ ယုံကြည်မှုတွေ ပိုပြီးကျဆင်းသွားပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက လွှတ်တော်အမတ် ၉ ဦးသာ အနိုင်ရရှိခဲ့ပါတယ်။ တောင်ကုတ်၊ သံတွဲ၊ ဂွ စတဲ့ မြို့နယ်တွေမှာပဲ အနိုင်ရရှိခဲ့တာ ဖြစ်ပါ တယ်။

ရက္ခိုင့်တပ်မတော်ကို ရခိုင်လူထုတွေ ထောက်ခံမှု မြင့်မားနေတဲ့အချိန်မှာ ရက္ခိုင့်တပ်မတော်ကို ချေမှုန်းဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ထုတ်ဖော်ပြောဆိုတာဟာ NLD ပါတီအတွက် ရခိုင်ပြည်နယ်မှာ လာမယ့် ၂၀၂၀  ရွေးကောက်ပွဲမှာ အနိုင်ရရှိဖို့ နည်းပါးတဲ့ အခြေအနေတစ်ခု ဖြစ်သွားနိုင်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ အနိုင်ရရှိခဲ့တဲ့ နေရာတွေမှာတောင် အနိုင်ရရှိဖို့ နည်းပါးသွားတဲ့ အခြေအနေတစ်ခု ဖြစ်သွားနိုင်ပါတယ်။

ဘင်္ဂါလီအရေးကိစ္စ အပါအဝင် ရခိုင်အရေးကို ဆောင်ရွက်တဲ့အခါ NLD အစိုးရအနေနဲ့ ရခိုင်လူထုနဲ့ ကင်းကွာတယ်၊ ပူးပေါင်းဆောင်ရွက်မှု မရှိဘူးလို့  ဝေဖန်ခံနေရပါတယ်။ ပင်နီလွှမ်းမိုးထားတဲ့ လွှတ်တော်ထဲမှာ ရခိုင်အရေးတွေ ဆွေးနွေးတဲ့အခါ ပယ်ချခံရတာ၊ ဆွေးနွေးခွင့်မရတာ၊ အဆိုတွေ အမြဲလိုလို ရှုံးနိမ့်နေတာတွေနဲ့ပါ ပေါင်းလိုက်ရင် ရှေ့အနာဂတ်အတွက် အဆင်ပြေမယ့် အလားအလာတော့ မဟုတ်ပါဘူး။

အစိုးရတစ်ရပ်အတွက်  ပြည်သူတွေရဲ့အားဟာ အရေးပါအရာရောက်ပါတယ်။ ပြည်သူရဲ့ အားမပါဘဲ ခရီးမရောက်ပါဘူး။ အစိုးရ လက်ကျန်သက်တမ်းတွေမှာ ရခိုင်ပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ရပါမယ်။ အထူးသဖြင့် ရခိုင်အရေးကို ဆောင်ရွက်တဲ့အခါ ရခိုင်တွေကို ပစ်ပယ်မထားသင့်ဘူး။ အဲဒီလို ဖြစ်သွားခဲ့ရင် လက်ရှိ ဆက်ဆံရေးအခြေအနေထက် ပိုမိုဆိုးဝါးသွားပါလိမ့်မယ်။ ရခိုင်ပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ရခိုင်အရေးကိစ္စတွေကို ဆောင်ရွက်ရင်တော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအတွက်ရော၊ NLD အတွက်ပါ အနာဂတ်အတွက် ကောင်းမွန်တဲ့ အလားအလာ ဖြစ်လာနိုင်ပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကိုလည်း အစိုးရအနေနဲ့ အမြန်ဆုံးရပ်အောင် ဆောင်ရွက်သင့်ပြီး နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာဖို့ လိုအပ်ပါတယ်။ 

“တော်လှန်းရေးအင်အားစု ဆိုတာမျိုးကလည်း အမြစ်ပြတ်ပြီး မျိုးတုန်းသွားတယ်လို့ မရှိပါဘူး။ တော်လှန်ရေး အင်အားစုကလည်း လက်ရှိအစိုးရတပ်မတော်ကို အမြစ်ပြတ်အောင် လုပ်နိုင်ဖို့ဆိုတာကလည်း မလွယ်ဘူးပေါ့။ အဲဒီနှစ်ခုကြားမှာ တစ်ဖက်နဲ့တစ်ဖက် ကနေပြီးတော့ ရပိုင်ခွင့်တွေ၊ စီမံခန့်ခွဲခွင့်တွေ၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို တန်းတူရည်တူ ဆက်ဆံပြီးတော့ ညှိနိူင်းပြီးတော့ ငြိမ်းချမ်းရေးလမ်းစဉ်ကို သွားဖို့လိုအပ်တယ်ပေါ့” လို့ ဝံလက်ဖောင်းဒေးရှင်း (ရခိုင်ပြည်) ဒါရိုက်တာ ဦးခိုင်ကောင်းစံက ပြောပါတယ်။

လက်ရှိမှာတော့ ဒေါ်အောင်ဆန်းစုကြည်က ရက္ခိုင့်တပ်မတော်ကို ချေမှုန်းဖို့ အမိန့်ပေးတာတွေ၊ ၂၀၁၈ ခုနှစ် အတွင်းမှာ ရခိုင့်နိုင်ငံရေးခေါင်းဆောင် ဒေါက်တာအေးမောင်နဲ့ တက်ကြွလှုပ်ရှားသူတွေ၊ စာရေးဆရာတွေကို ဖမ်းဆီးတာတွေနဲ့ ရက္ခိုင့်တပ်မတော်(AA)နဲ့ ဆက်စပ်တယ်ဆိုပြီး အရပ်သားတွေကို ဖမ်းဆီးအရေးယူမှုတွေ ရှိနေတာတွေ၊ တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနေတာကြောင့် ရခိုင်လူထုနဲ့ အစိုးရ၊ NLD တို့ ရဲ့ အခြေအနေဟာ ဆက်ဆံရေးတင်းမာမှု ရှိနေပါတယ်။

ဖဒူ ထွန်းအောင်

ဇန်နဝါရီလ ၂၇ ရက်၊ ၂၀၁၉ ခုနှစ်။

ယခုဆောင်းပါးကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ထုတ် Development News Journal အမှတ်(၁၀၂) တွင်လည်း ဖတ်ရှုနိုင်သည်။

 

 

ဗီဒီယိုများ