- ပုသိမ် - မုံရွာလမ်းပိုင်းကို ကာကွယ်ရန် ရေကြည်တွင် စစ်ကောင်စီ အင်အားထပ်ဖြည့်
- ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများတွင် ဖုန်းဆင်းကဒ်များ တရားဝင် အသုံးပြုခွင့်ပေးရန် ယူနွတ်အစိုးရ စီစဉ်နေ
- တောင်ကိုရီးယား သမ္မတဟောင်းကတော် အဂတိမှုဖြင့် အဖမ်းခံရ
- ရခိုင်ဒေသတွင် မိသားစု ၅၇ ရာခိုင်နှုန်းထိ စားနပ်ရိက္ခာ လိုအပ်နေ
- နိုင်ငံခြား စီမံကိန်းများကို ကာကွယ်ပေးရေးမူအတိုင်း AA ဆက်လက်ရပ်တည်
စစ်မြေပြင်က တရုတ်စီမံကိန်းများ အနာဂတ်
ရခိုင်ပြည်၏ စစ်ရေး၊ နိုင်ငံရေးနှင့် တရုတ်၏စီမံကိန်းများမှာ စစ်ကောင်စီ ကတိထက် ULA/AA ၏ ဆုံးဖြတ်မှုကသာ လက်တွေ့ကျနေသည်။
12 Aug 2025

မိုးပေါက် - ရေးသည်
ရခိုင်ပြည်တွင် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့က လွဲ၍ မြို့နယ် ၁၄ ခုကို အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားပြီး လက်ရှိတွင် ကျောက်ဖြူနှင့် စစ်တွေမြို့ကိုလည်း ပိတ်ဆို့၊ တိုက်ခိုက်လျက်ရှိသည်။
ယခုတိုက်ပွဲများသည် စစ်ကောင်စီအတွက် စစ်ရေးရှုံးနိမ့်ခြင်းထက် နိုင်ငံတကာနှင့် တိုက်ရိုက်ချိတ်ဆက်မည့် အရေးကိစ္စများ ပါဝင်လာနေသည်။
လက်ကျန် စစ်တွေနှင့် ကျောက်ဖြူတို့တွင် အိန္ဒိယနှင့်တရုတ် နိုင်ငံခြားစီမံကိန်းများရှိသည်။ တရုတ်စီမံကိန်းများမှာ အန္ဒိယထက် ပိုများပြီး အကျိုးအမြတ် လက်ငင်းရနေသည်။
တရုတ်စီမံကိန်းများမှာ ရေနံနှင့် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် (SEZ)၊ တရုတ်နှင့် ချိတ်ဆက်ရန် စီစဉ်ထားသည့်၊ ရထားလမ်း၊ ကားလမ်း စသည့်တို့ ပါဝင်သည်။
စစ်တလင်းထဲက စီမံကိန်းများ
အဆိုပါ တရုတ်စီမံကိန်းများသည် ယခုအခါ စစ်မြေပြင်ထဲတွင် ပါဝင်လာနေတော့သည်။
ရခိုင်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းအရေး လေ့လာစောင့်ကြည့်နေသူ ကိုခင်ဦးက "တိုက်ပွဲစဖြစ်တာက ရေနက်ဆိပ်ကမ်းအတွက် သတ်မှတ်ထားတဲ့ နေရာနားမှာ ပထမဦးဆုံးဖြစ်တယ်။ အခုတော့ SEZ ဧရိယာထဲမှာပါတဲ့ စစ်တောအုပ်စု၊ ကြတ္တိန်အုပ်စု၊ ကပ်သပြေအုပ်စု၊ ကန္ဒီးအုပ်စုတွေမှာပါ အဓိက တိုက်ပွဲဖြစ်ပွားနေတာဖြစ်တယ်" ဟု ပြောသည်။
ယခုစစ်မြေပြင် မလကျွန်းကျေးရွာတွင် တရုတ်ဓာတ်ငွေ့သန့်စင်သော(OGT) စက်ရုံရှိနေသည်။ ယင်းမှတစ်ဆင့် မဒေးကျွန်းကို ဓာတ်ငွေ့ပိုက်လိုင်းများ သွယ်ထားသည်။ မဒေးကျွန်းတွင် ဓာတ်ငွေ့ပိုက်လိုင်းခွဲရုံအပြင် ရေနံသိုလှောင်ရုံများရှိပြီး တရုတ်နိုင်ငံသို့ ရေနံနှင့်ဓာတ်ငွေ့ပိုက်လိုင်းဖြင့် ပို့လွှတ်နေခြင်းဖြစ်သည်။
မလကျွန်းကျေးရွာသည့် ကျောက်ဖြူမြို့နှင့် ၆ မိုင်ခန့်အကွာတွင်ရှိပြီး မဒေးကျွန်းသည် ကျောက်ဖြူနှင့် ၇ မိုင် အကွာတွင်ရှိသည်။ ဆိုလိုသည်မှာ မဒေးကျွန်းအနီး ဓညဝတီရေတပ်အနီးတစ်ဝိုက်နှင့် မလကျွန်းကျေးရွာရှိ OGT စက်ရုံ အနီးတစ်ဝိုက်တွင် တိုက်ပွဲများဖြစ်နေသည်။

အခြားတစ်ဘက်တွင် SEZ အတွက် ကနဦး အကောင်အထည်ဖော်မည့် ရေနက်ဆိပ်ကမ်းနှင့် အိမ်ရာစီမံကိန်းများ သတ်မှတ်ထားသော စစ်တောအုပ်စု၊ ကြတ္တိန်အုပ်စု၊ ကပ်သပြေအုပ်စုနှင့် ကန္ဒီးအုပ်စုတို့မှာ ယခုတိုက်ပွဲဖြစ်နေသော အမှတ်(၃၂) ရဲတပ်ရင်းအနီးတစ်ဝိုက်သည် စစ်မြေပြင်ဖြစ်နေသည်။
တရုတ်ရေနံနှင့် ရွှေသဘာဝဓာတ်ငွေ့သည် တန်ဖိုးငွေအားဖြင့် နှစ်စဉ် ဒေါ်လာ ၇ ဘီလီယံအထိ တင်ပို့ရောင်းချရပြီး ယင်းအထဲက ဒေါ်လာသန်း ၅၀၀ ကျော်ကို စစ်ကောင်စီက နှစ်စဉ်ရရှိနေကြောင်း ပြီးခဲ့သည့် ဧပြီလက ထုတ်ပြန်သော Arakan Oil Watch (AOW)၏ အစီရင်ခံစာတွင် ဖော်ပြသည်။
အလားတူ ကျောက်ဖြူအထူးစီးပွားရေးဇုန်အပါအဝင် ကျောက်ဖြူနှင့် တရုတ်ကို ချိတ်ဆက်မည့် ရထားလမ်း၊ ကားလမ်းစီမံကိန်းများမှာလည်း ရင်းနှီးမြှုပ်နှံငွေ ဒေါ်လာ ၂၈ ဘီလီယံထိ တန်ဖိုးရှိကြောင်း AOW ၏ အစီရင်ခံစာက ဆိုသည်။
AA ထိန်းချုပ်နယ်မြေများ
လက်ရှိတွင် အာရက္ခတပ်တော်သည် ကျောက်ဖြူမြို့ပေါ်မှ ၆ မိုင်ခန့် ပတ်လည်အထိ ပိတ်ဆို့ထားပြီး စီမံကိန်းများ၏ ဧရိယာအနီးတဝိုက်နှင့် စီမံကိန်း အစိတ်အပိုင်းများကိုပါ ထိန်းချုပ်ထားသည်။
ကျောက်ဖြူမြို့နယ်တွင် ခလရ ၃၄၊ ခမရ ၅၄၂၊ ခမရ ၅၄၃ ဓညဝတီရေတပ်ဌာနချုပ်၊ အမှတ် ၃၂ ရဲတပ်ရင်း၊ တောင်မော်ကြီး ရေတပ်ဌာနခွဲနှင့် အုံးကျွိန်ရေတပ်စခန်းတို့ရှိသည်။
အာရက္ခတပ်တော်သည် ဓညဝတီရေတပ်ဌာနချုပ်နှင့် အမှတ် ၃၂ တပ်ရင်းတို့ကို တိုက်ခိုက်နေပြီး ခလရ ၃၄၊ ခမရ ၅၄၂၊ ခမရ ၅၄၃ တို့ကိုလည်း ခြိမ်းခြောက်ကာ မြို့သိမ်းတိုက်ပွဲ ဖော်နေခြင်းလည်းဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီဘက်က ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များနှင့် မြို့နှင့် ဆက်စပ်လျက်ရှိသည့် ဂုံးချွိန်၊ အုန်းတောနှင့် ဓညဝတီရေတပ်ဌာနချုပ်အနီးရှိ သစ်ပုတ်တောင်၊ စည်မော်နှင့် စစ်တောကျေးရွာ အပါအဝင် မဒေးကျွန်းတို့ကိုသာ ထိန်းချုပ်ထားနိုင်တော့သည်။
SEZ စီမံကိန်း လုပ်ငန်းစဉ်သုံးခုတွင် ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်နှင့် အဆင့်မြင့်အိမ်ရာစီမံကိန်းထဲက ရေနက်ဆိပ်ကမ်းကို ကနဦး ဖော်ဆောင်ရန်ဖြစ်သည်။ ၂၀၂၃ ခုနှစ်ကစပြီး လယ်ယာမြေ သိမ်းဆည်းမှုများ လုပ်ခဲ့သည်။
ယင်းအပြင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝသက်ရောက်မှု ဆန်းစစ်ခြင်းလုပ်ငန်း (EIA/SIA) ကောက်ယူခြင်းအစီရင်ခံစာကိုလည်း၂၀၂၃ ဒီဇင်ဘာတွင် ပြီးစီးခဲ့သည်။
ရေနက်ဆိပ်ကမ်းအတွက် ဆောက်လုပ်ရေးလုပ်ငန်းခွင်များကို ၂၀၂၄ နှစ်ကုန်ပိုင်းအတွင်း အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး လုပ်ငန်းစတင်ရန် အဆင်သင့်ဖြစ်နေကြောင်းကို ၂၀၂၃ ဒီဇင်ဘာတွင် စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း လက်ရှိ ၂၀၂၅ ခု နှစ်ဝက်ကို ရောက်ရှိလာသည့်အပြင် စီမံကိန်းမှာ မသေချာ မရေရာတော့ပေ။
ဝါရင့်ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက "စစ်ကောင်စီတပ်တွေတောင်မှ မြို့ထဲက မြို့ပြင် ထွက်လို့မရတဲ့ အခြေအနေမှာ ဒီလုပ်ငန်း စဖို့ဆိုတာ သူတို့ဖြစ်ချင်တာကို ပြောနေတာပဲဖြစ်တယ်။ လက်တွေ့မှာတော့ ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး" ဟု ပြောသည်။
အာရက္ခတပ်တော်သည် လက်ရှိတွင် တရုတ်၏စီမံကိန်း ၁၁ ခုအနက် ၈ ခုကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီး ၃ ခုကိုသာ တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားကြောင်း ပြီးခဲ့သည့် ဇန်နဝါရီလတွင် ISP-Myanmar က ထုတ်ပြန်သည်။

အဆိုပါစီမံကိန်းများမှာ ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ သဘာဝဓာတ်ငွေ့သုံးစွမ်းအင် စီမံကိန်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ရေနံပိုက်လိုင်း၊ ကျောက်ဖြူ-အမ်းရထားလမ်း၊ မန္တလေး-ကျောက်ဖြူ ရထားလမ်း၊ မန္တလေး-ကျောက်ဖြူကားလမ်း၊ ကျောက်ဖြူ-နေပြည်တော်ကားလမ်းနဲ့ သံတွဲလေအားလျှပ်စစ် စီမံကိန်းများဖြစ်သည်။
စီမံကိန်းများသည် ကျောက်ဖြူ၊ မကွေး၊ ရှမ်းမြောက်၊ မန္တလေးနှင့် ယင်းမှတစ်ဆင့် တရုတ်နိုင်ငံကို ချိုတ်ဆက်ထားခြင်း ဖြစ်သောကြောင့် တရုတ်အနေဖြင့် ရခိုင်ဒေသအပြင် မြန်မာနိုင်ငံရေးနှင့် စစ်ရေးအရွေ့ကိုပါ ထည့်သွင်းစဉ်းစားရမည့်အခြေအနေကို ရောက်ရှိနေသည်။
တရုတ်စီမံကိန်းများ စောင့်ကြည့်လေ့လာသူ ဦးထွန်းကြည်က "တရုတ် အဓိက လုပ်ချင်နေတဲ့ ယူနန့်နဲ့ ကျောက်ဖြူ ချိတ်ဆက်ရေး ရထားလမ်း၊ ကားလမ်းစီမံကိန်းတွေဖြစ်လာဖို့က တရုတ်ရဲ့ အဓိက အိပ်မက်ဖြစ်တယ်။ ဒီအိပ်မက် အကောင်အထည်ပေါ်လာဖို့က မကွေး၊ မန္တလေးတို့၊ ရှမ်းမြောက်၊ ရှမ်းပြည်တို့နဲ့ ပြည်မကို အုပ်စိုးလာနိုင်တဲ့လူတွေနဲ့ အဆင်ပြေဖို့ လိုတယ်" ဟု ပြောသည်။
တရုတ်သည် စစ်အုပ်စုနှင့် တိုင်းရင်းသားတပ်ဖွဲ့များအပေါ် ဩဇာသက်ရောက်မှုကြီးပြီး နိုင်ငံရေး အပြောင်းအလဲများကိုပါ လွှမ်းမိုးနိုင်စွမ်းရှိနေသည်။ သို့သော်လည်း ၂၀၂၁ နောက်ပိုင်း ဖြစ်လာခဲ့သော တစ်နိုင်ငံလုံးအနှံ့ တော်လှန်ရေးဖြစ်စဉ်များသည် တရုတ်အတွက် အံ့ဩစရာဖြစ်ပေမည်။
ထို့အတူ တရုတ်စီမံကိန်း ဖြတ်သန်းရာတလျှောက် ရှမ်းမြောက်၊ မကွေး၊ မန္တလေးနှင့် စစ်ကိုင်းရှိ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များနှင့်ပါ မဟာမိတ်တည်ဆောက်ထားနိုင်သော အာရက္ခတပ်တော်သည် နွေဦးတော်လှန်ရေးအတွက် အင်အားတစ်ရပ်ဖြစ်နေသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က "ဒီမဟာမိတ်အင်အားပြုမှုဟာ ဗမာပြည်တော်လှန်ရေးနဲ့ နွေဦးတော်လှန်ရေးအတွက်၊ အဆုံးအဖြတ်ပေးမယ့် ပေါင်းစည်းမှုအင်အားဖြစ်မယ်လို့ ယုံကြည်တယ်" ဟု ပြောသည်။
စစ်နိုင်သူနှင့် ဆက်ဆံမည်
တရုတ်သည် ၎င်းတို့၏စီမံကိန်း မြေပြင်အခြေအနေများကို အကဲခတ်စုံစမ်းရန် မြန်မာနိုင်ငံဆိုင်ရာသံရုံးမှ အရာရှိအပါအဝင် အဖွဲ့ဝင် ၈ ဦးကို ၂၀၂၄ ဇွန်လ ဒုတိယအပတ်က သုံးရက်ကြာ စေလွှတ်ခဲ့သည်။
ယင်းနောက် တရုတ်စီမံကိန်းများနှင့် တရုတ်ဝန်ထမ်းများကို အစွမ်းကုန်ကာကွယ်ပေးမည်ဟု ၂၀၂၄၊ ဩဂုတ်လတွင် မြန်မာသို့ရောက်လာသော တရုတ်သံအမတ်ကြီး မစ္စ မာကျားကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကတိပေးခဲ့ရသည်။
သို့သော်လည်း ရခိုင်ပြည်၏ စစ်ရေး၊ နိုင်ငံရေးနှင့် တရုတ်၏စီမံကိန်းများမှာ စစ်ကောင်စီ ကတိထက် ULA/AA ၏ ဆုံးဖြတ်မှုကသာ လက်တွေ့ကျနေသည်။
"ရခိုင်ပြည်အတွင်းမှာတော့ စစ်ကောင်စီအနေနဲ့ မကြာခင် တပြည်နယ်လုံးကို လက်လွှတ်ရနိုင်တဲ့ အခြေအနေမျိုးကို ရောက်နေတယ်လို့ ပြောလို့ရတယ်။ ဒီကာလမှာက တရုတ်ဟာ AA နဲ့ပဲ အဓိက စကားပြောလာနိုင်သလို စကားပြောလာဖို့လည်း များပါတယ်" ဟု ကိုထွန်းကြည်က ပြောသည်။

ဓာတ်ပုံ - Khit Thit Media
စီမံကိန်းအရေးနှင့်ပတ်သက်၍ တရုတ်နှင့် ULA/AA ကြား ဆွေးနွေးမှုများကို တရာဝင်ချပြမှု မရှိသေးသော်လည်း ပတ်သက်ဆက်ဆံမှုများ ရှိနေမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားကြသည်။
အခြားတစ်ဘက်တွင် စီမံကိန်းများကိုစောင့်ကြည့်ရန်ဆိုပြီး တရုတ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီကစ၍ ၎င်းတို့၏ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၅ ဦးထက်မနည်းကို ကျောက်ဖြူသို့ စေလွှတ်ခဲ့သည်။
အဆိုပါ တရုတ်လုံခြုံရေးတပ်များသည် ကျောက်ဖြူစစ်မျက်နှာအတွင်း ဒရုန်းနှင့် အခြားသော စစ်ရေးနည်းပညာများကို စစ်ကောင်စီအတွက် ပံ့ပိုးနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။
တရုတ်အနေဖြင့် ရခိုင်စစ်မျက်နှာတွင် စစ်ကောင်စီဘက်က တိုက်ရိုက်ပတ်သက်မှုများ ရှိခဲ့မည်ဆိုလျင် နိုင်ငံရေး ရှုပ်ထွေးမှုများပါ ဖြစ်ပေါ်လာနိုင်ပြီး စီမံကိန်းအနာဂတ်နှင့်ပတ်သက်၍လည်း တရုတ်နှင့် ULA/AA ကြား တင်းမာမှုများ တွေ့ကြုံရနိုင်သည်။
"ဒီမှာရှိတဲ့စီမံကိန်းတွေဟာ ရခိုင်ဒေသထက် တရုတ်အတွက် ပိုအရေးကြီးတဲ့ စီမံကိန်းတွေဖြစ်တယ်။ ဒါကြောင့် တရုတ်အနေနဲ့ ရခိုင်တွေ နားလည်မှုလွဲစေမယ့် အခြေအနေမျိုးတွေကို ခုကတည်းကရှောင်ရှားနိုင်မှ သူ့စီမံကိန်းတွေအတွက် အဆင်ပြေလိမ့်မယ်" ဟု လုံခြုံအရေးအရ အမည်မဖော်လိုသူ ကျောက်ဖြူဒေသခံ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။
ULA/AA သည် နိုင်ငံခြားစီမံကိန်းများ ရင်းနှီးမြှုပ်နှံသူများ၏ လုံခြုံရေးကို ကာကွယ်သွားမည်ဟု ၂၀၂၄ မတ်လကတည်းက ထုတ်ပြန်ထားပြီးဖြစ်သည်။
ထို့အတူ ULA/AA သည် ရခိုင်တွင် စစ်ကောင်စီတည်ရှိမှုကို အပြီးတိုင်ဖယ်ရှား၍ သယံဇာတစီမံခန့်ခွဲမှုများကို ကိုယ်တိုင်ဆုံးဖြတ်မည်ဆိုသော ရည်ရွယ်ချက် အခိုင်အမာ ရှိနေသည်။
တရုတ်အတွက်မူ ကျောက်ဖြူအထူးစီးပွားရေးဇုန်(SEZ) အပါအဝင် အခြား(BRI)ပိုးလမ်းမ အစိတ်အပိုင်းများမှာ စိတ်ဝင်စားစရာအဖြစ် စောင့်မျှော်ကြည့်ကြရအုံးမည်ဖြစ်သည်။