- AA ထိန်းချုပ်မြို့နယ်များပါ မြို့နယ် ၆၃ ခုကို စစ်အုပ်ချုပ်ရေးကြေညာမှု ဘာတွေဖြစ်လာနိုင်မလဲ
- အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းမှ စစ်ကောင်စီ၏ မဟာမိတ်များကို ပယ်ဖျက်ခြင်းသည် လွန်ကဲသည့် လုပ်ရပ်ဟု ကုလကိုယ်စားလှယ်ပြော
- ကုလားတန်အထက်ပိုင်း ဒေသခံများ ကျန်းမာရေး စိန်ခေါ်မှုများ ရှိနေကြ
- လေးမျက်နှာမြို့နယ်တွင် စစ်ကောင်စီ ထိုးစစ်ဆင်နေ
- ပေါက်တောက မိန်းကလေးငယ် အဓမ္မပြုကျင့်ခံရမှု အမြန်ဆုံး ထိရောက်စွာအရေးယူပေးရန် ကျောင်းသားသမဂ္ဂက တောင်းဆို
အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းမှ စစ်ကောင်စီ၏ မဟာမိတ်များကို ပယ်ဖျက်ခြင်းသည် လွန်ကဲသည့် လုပ်ရပ်ဟု ကုလကိုယ်စားလှယ်ပြော
မြန်မာစစ်ကောင်စီ၏ မဟာမိတ်များ၊ စစ်ရေးနှင့် ဆက်စပ်နေသည့် ကုမ္ပဏီများကို အမေရိကန်က ဒဏ်ခတ်အရေးယူမှု စာရင်းမှ ဖယ်ရှားလိုက်ခြင်းသည် 'လွန်လွန်ကဲကဲလုပ်ရပ်' ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ပြောကြားလိုက်သည်။
01 Aug 2025

မြန်မာစစ်ကောင်စီ၏ မဟာမိတ်များ၊ စစ်ရေးနှင့် ဆက်စပ်နေသည့် ကုမ္ပဏီများကို အမေရိကန်က ဒဏ်ခတ်အရေးယူမှု စာရင်းမှ ဖယ်ရှားလိုက်ခြင်းသည် 'လွန်လွန်ကဲကဲလုပ်ရပ်' ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ပြောကြားလိုက်သည်။
ဇူလိုင်လ ၃၀ ရက်နေ့က ထုတ်ပြန်သည့်စာ၌ တွမ်အင်ဒရူးက ယခုကဲ့သို့ ပြောဆိုထားခြင်း ဖြစ်သည်။
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇူလိုင်လအစောပိုင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား အမွှမ်းတင်ထားသည့် စာတစ်စောင် ပို့ပေးခဲ့ပြီးနောက်တွင် ဝါရှင်တန်က ယခုကဲ့သို့ စစ်ကောင်စီမဟာမိတ်အချို့ကို စာရင်းမှ ပယ်ဖျက်လိုက်ခြင်း ဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အဆိုပါ လူပုဂ္ဂိုလ်များ၊ စစ်ကောင်စီအတွက် လက်နက်နှင့် အကူအညီများ ပေးအပ်ခဲ့သည့် ကုမ္ပဏီများကို ဒဏ်ခတ်မှုစာရင်းမှ ဖယ်ရှားပေးလိုက်ခြင်းသည် အမေရိကန်၏ ထိတ်လန့်ဖွယ်ရာ မူဝါဒ အပြောင်းအလဲတစ်ရပ် ဖြစ်ကာ စစ်ကောင်စီနှင့် အပေါင်းအပါများကို အားပေးအားမြှောက် လုပ်သလို ဖြစ်နေသည်ဟု ကုလကိုယ်စားလှယ် တွမ်အင်ဒရူးက ပြောသည်။
"ရက်စက်ကြမ်းကြုတ်တဲ့ စစ်ကောင်စီအတွက် လက်နက်ခဲယမ်း မရရှိအောင် ကန့်သတ်ပြီး ပြည်သူလူထုကို ကယ်ဆယ်နိုင်ဖို့ နိုင်ငံတကာက ကြိုးပမ်းအားထုတ်မှုမှာ နောက်ပြန်ဆုတ်သွားစေတဲ့ ခြေလှမ်းကြီးတစ်ရပ် ဖြစ်ပါတယ်" ဟု ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်၌ တွမ်အင်ဒရူးက ပြောကြားထားသည်။
"မြန်မာ လက်နက်ပွဲစားတွေနဲ့ စစ်ကောင်စီခရိုနီတွေအပေါ် ဒဏ်ခတ်အရေးယူမှု ပယ်ဖျက်တာဟာ လွန်လွန်ကဲကဲ လုပ်ရပ်ဖြစ်ပါတယ်" ဟုလည်း သူကပြောသည်။
စစ်ကောင်စီခေါင်းဆောင်သည် ဇူလိုင်လ အစောပိုင်းက အမေရိကန်၏ အခွန်တင်းကြပ်မှုနှင့် ပတ်သက်ပြီး ဒေါ်နယ်ထရမ့်ထံသို့ စာတစ်စောင် ပေးပို့ခဲ့သည်။ အဆိုပါစာ၌ မီဒီယာများအပေါ် အမေရိကန်အစိုးရ၏ ရန်ပုံငွေ ဖြတ်တောက်မှုများ အပါအဝင် ထရမ့်၏ အုပ်ချုပ်မှုကို အမွှမ်းတင်ပြောဆိုထားသည်။
ယခုကိစ္စသည် သေရေးရှင်ရေးတမျှ အရေးကြီးသည့်အတွက် ထရမ့်အစိုးရအနေဖြင့် ပြန်လည်သုံးသပ်ပေးရန် တွမ်အင်ဒရူးက တိုက်တွန်းထားသည်။
တွမ်အင်ဒရူးသည် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက သီးခြားလွတ်လပ်သည့် လေ့လာသူအဖြစ် ခန့်အပ်ထားခြင်း ဖြစ်သဖြင့် ၎င်း၏ ပြောကြားချက်များသည် ကုလသမဂ္ဂကို ကိုယ်စားမပြုပေ။