- AA က မွတ်ဆလင်များအပေါ် ရာဇဝတ်မှုကျူးလွန်သည်ဆိုသည့် အမှု IIMM စုံစမ်းဖော်ထုတ်နေ
- အညာဒေသက တော်လှန်ရေးတပ်များကို NRA အဖွဲ့ဦးဆောင် ပေါင်းစပ်ပေးမည်
- ဘူးသီးတောင်တွင် မွတ်ဆလင်များကို သတ်ဖြတ်ခဲ့ခြင်းမရှိဟု AA ဖြေရှင်းချက်ပေး
- တောင်ကုတ်တွင် စစ်သုံ့ပန်း မိသားစုဝင် ၁၄၄ ဦးကို AA လွှတ်ပေး
- မင်းပြားတွင် LGBT စုံတွဲ ရေထဲခုန်ချ အဆုံးစီရင်သွား
တောင်ကိုရီးယား သမ္မတဟောင်းကတော် အဂတိမှုဖြင့် အဖမ်းခံရ
တောင်ကိုရီးယားသမ္မတကတော်ဟောင်း ကင်မ်ကွန်ဟီးသည် သူမကို စွပ်စွဲထားသည့် အဂတိလိုက်စားမှုစွဲချက်များကို ငြင်းဆန်ပယ်ချခဲ့သော်လည်း တရားရုံးက ဖမ်းဝရမ်းထုတ်လိုက်ပြီးနောက် ဩဂုတ်လ ၁၂ ရက် ညနေပိုင်းတွင် ဖမ်းဆီးခံခဲ့ရကြောင်း စုံစမ်းစစ်ဆေးမှုကို ကျယ်ကျယ်ပြန့်ပြန့် ဦးစီးဦးရွက်ပြု ဆောင်ရွက်နေသော အထူးစုံစမ်းစစ်ဆေးရေးမှူးက ပြောကြားခဲ့သည်ဟု ရိုက်တာက ဖော်ပြထားသည်။
13 Aug 2025

တောင်ကိုရီးယားသမ္မတကတော်ဟောင်း ကင်မ်ကွန်ဟီးသည် သူမကို စွပ်စွဲထားသည့် အဂတိလိုက်စားမှုစွဲချက်များကို ငြင်းဆန်ပယ်ချခဲ့သော်လည်း တရားရုံးက ဖမ်းဝရမ်းထုတ်လိုက်ပြီးနောက် ဩဂုတ်လ ၁၂ ရက် ညနေပိုင်းတွင် ဖမ်းဆီးခံခဲ့ရကြောင်း စုံစမ်းစစ်ဆေးမှုကို ကျယ်ကျယ်ပြန့်ပြန့် ဦးစီးဦးရွက်ပြု ဆောင်ရွက်နေသော အထူးစုံစမ်းစစ်ဆေးရေးမှူးက ပြောကြားခဲ့သည်ဟု ရိုက်တာက ဖော်ပြထားသည်။
ကင်မ်သည် တောင်ကိုရီးယားသမိုင်းတစ်လျှောက်တွင် ဖမ်းဆီးထိန်းသိမ်းမှုနှင့် ရင်ဆိုင်လိုက်ရသည့် တစ်ဦးတည်းသော သမ္မတကတော်ဟောင်း ဖြစ်လာခဲ့ကာ သူမ၏ခင်ပွန်းဖြစ်သူ သမ္မတဟောင်း ယွန်းဆတ်ယိုးမှာလည်း လွန်ခဲ့သည့် ဒီဇင်ဘာလက စစ်အုပ်ချုပ်ရေးပြဌာန်းရန် ကြိုးပမ်းခဲ့မှုအပေါ် ပြည်သူလူထုက ဆန္ဒပြကန့်ကွက်မှုများကြောင့် ဧပြီလတွင် ရာထူးမှ နုတ်ထွက်ခဲ့ရပြီးနောက်ပိုင်း တရားရင်ဆိုင်နေရဆဲဖြစ်ကာ အကျဉ်းကျခံနေရသည်။
၁၂ ရက်နေ့ အစောပိုင်းတွင် ကင်မ်သည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်၍ အမှုရင်ဆိုင်ရန် တရားရုံးသို့ ရောက်ရှိလာစဉ်၌ ခေါင်းငုံ့ကာ အရိုအသေပေးခဲ့သော်လည်း သတင်းထောက်များ၏ မေးမြန်းမှုများကို ဖြေဆိုခြင်း သို့မဟုတ် ကြေညာချက်တစ်ခုခု ထုတ်ပြန်ခြင်းများကိုမူ ပြုမူဆောင်ရွက်ခြင်း မရှိခဲ့ပေ။
ကင်မ်သည် ကြားနာစစ်ဆေးမှုများ ပြီးဆုံးသွားချိန်တွင် ပုံမှန်ဓလေ့ထုံးစံအတိုင်း စီရင်ချက်ချမှတ်မည့် အခြေအနေကို စောင့်ဆိုင်းရန်အတွက် မြို့တော်ဖြစ်သော ဆိုးလ်ရှိ ထိန်းသိမ်းရေးစခန်းသို့ ထွက်ခွာသွားခဲ့သည်။
တရားရုံးဘက်က ကင်မ်ကို ဖမ်းဆီးထိန်းသိမ်းရန် ဖမ်းဝရမ်းထုတ်ပြန်ခဲ့ကြောင်းကို ပြီးခဲ့သည့် ဇွန်လအစောပိုင်းက ခန့်အပ်ထားသော အထူးစုံစမ်းစစ်ဆေးရေးမှူးက အနှစ်ချုပ်သတင်းစကားတစ်ခုဖြင့် ပြောကြားခဲ့ပြီး စုံစမ်းစစ်ဆေးရေးရုံးဘက်ကမူ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခြင်းမရှိခဲ့ပေ။
ကင်မ်ကွန်ဟီးအပေါ် စွဲဆိုထားသော စွဲချက်များသည် ထောင်ဒဏ်နှစ်ရှည် ကျခံရနိုင်ဖွယ်ရှိသော ပြစ်မှုများဖြစ်ပြီး သူမကို စွဲဆိုထားသော စွဲချက်များအနက်တွင် အစုရှယ်ယာလိမ်လည်မှုမှသည် လာဘ်ပေးလာဘ်ယူမှုနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ ဘာသာရေးခေါင်းဆောင်များနှင့် နိုင်ငံရေးအကျိုးဆောင်များကိုပါ ပါဝင်ပတ်သက်စေခဲ့သော အာဏာအလွဲသုံးစားလုပ်မှုများအထိ ပါဝင်နေသည်။
သူမသည် ၂၀၂၂ ခုနှစ်၌ ခင်ပွန်းဖြစ်သူနှင့်အတူ နေတိုး (NATO) ထိပ်သီးအစည်းအဝေးပွဲသို့ တက်ရောက်စဉ်ကလည်း တန်ကြေးပမာဏ ဝမ် သန်း ၆၀ (အမေရိကန်ဒေါ်လာ ၄၃,၀၀၀) ကျော်ရှိသော Van Cleef အမှတ်တံဆိပ် နာမည်ကြီးလက်ဝတ်ရတနာကို ဝတ်ဆင်ခဲ့သည့်ဖြစ်စဉ်နှင့် စပ်လျဉ်း၍လည်း ဥပဒေချိုးဖောက်မှုဖြင့် စွပ်စွဲခံခဲ့ရသည်။
အဆိုပါပစ္စည်းသည် ဥပဒေအရ တင်ပြရန်လိုအပ်သည့်ပစ္စည်း ဖြစ်နေသည့်တိုင် ၎င်းတို့ဇနီးမောင်နှံ၏ ဘဏ္ဍာရေးဆိုင်ရာ ထုတ်ပြန်ချက်တွင် ပါဝင်ခြင်းမရှိဟု စွဲချက်၌ ဖော်ပြထားသည်။
ကင်မ် သည် ဘာသာရေးအဖွဲ့အစည်းတစ်ခုထံမှနေ၍ တန်ဖိုးအားဖြင့် ဝမ် သန်း ၂၀ တန်ဖိုးရှိသော Chanel လက်ကိုင်အိတ် နှစ်လုံးနှင့် စိန်လည်ဆွဲ တစ်ကုံးတို့ကို ရယူခဲ့သည်ဟုလည်း စွပ်စွဲခံထားရကာ အဆိုပါ ဘာသာရေးအဖွဲ့အစည်းက ၎င်းတို့၏စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ အကျိုးစီးပွားဖြစ်ထွန်းစေရေးအတွက် ဩဇာသုံးပေးပါရန် အလဲအလှယ်သဘောဖြင့် သူမကို ယင်းသို့ လာဘ်ပေးလာဘ်ယူ တံစိုးလက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။