- ပြိန်းချောင်း ဓားပြတိုက်လူသတ်မှု တရားခံ မပေါ်သေး
- ဒေါ်နယ်ထရမ့်ကို နိုဘယ်ဆုအတွက် ကမ္ဘောဒီးယား အမည်တင်သွင်းမည်
- CDF ဟု စွပ်စွဲကာ စစ်ကောင်စီ ဖမ်းဆီးထောင်ချခဲ့သည့် ပလက်ဝဒေသခံ ၁၆ ဦး ပြန်လွတ်
- စစ်ကောင်စီက ကျောက်ဖြူသို့ တင့်ကားနှင့် စစ်သင်္ဘောများ ထပ်ပို့
- ကုလားတန်အထက်ပိုင်းက ဒေသခံများ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ရန် ခက်ခဲနေသေး
စစ်ကောင်စီက ကျောက်ဖြူသို့ တင့်ကားနှင့် စစ်သင်္ဘောများ ထပ်ပို့
DMG ၏ စုံစမ်းချက်အရ ကျောက်ဖြူတွင် ယခုနှစ် ဖေဖော်ဝါရီလမှ စ၍ သံဇစ်မြစ်နှင့် ဘင်္ဂလားပင်လယ်ဝ၌ စစ်သင်္ဘော ၇ စီးဝန်းကျင်မှာ ပုံမှန်သွားလာလှုပ်လျက်ရှိနေကြောင်း သိရသည်။
02 Aug 2025

DMG ၊ ဩဂုတ် ၂
တိုက်ပွဲဖြစ်ပွားနေသည့် ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီက ကျောက်ဖြူမြို့သို့ တင့်ကား ၄ စီးနှင့် စစ်သင်္ဘော ၃ စီး ပို့ဆောင်ကာ စစ်အင်အားထပ်မံဖြည့်တင်းလိုက်ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ဇူလိုင်လ ၂၇ ရက်နောက်ပိုင်းမှ စကာ တင့်ကား ၄ စီး ရှေ့ဆင့်နောက်ဆင့် ရောက်ရှိလာပြီး စစ်သင်္ဘော သုံးစီးမှာလည်း ယခုရက်ပိုင်းအတွင်း ထပ်မံလာရောက်လာခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
" တင့်ကားတွေကိုလည်း အဲဒီသင်္ဘောတွေနဲ့ တင်လာတာ။ အဲဒီတင့်ကားတွေကို အခု ဓညဝတီရေတပ်မှာ ထားပြီး သင်္ဘောတွေကတော့ သံဇစ်မြစ်နဲ့ ဘင်္ဂလားပင်လယ်ဝဘက်မှာ ရပ်ထားတယ်လို့ သိရတယ်" ဟု ၎င်းက ပြောသည်။
DMG ၏ စုံစမ်းချက်အရ ကျောက်ဖြူတွင် ယခုနှစ် ဖေဖော်ဝါရီလမှ စ၍ သံဇစ်မြစ်နှင့် ဘင်္ဂလားပင်လယ်ဝ၌ စစ်သင်္ဘော ၇ စီးဝန်းကျင်မှာ ပုံမှန်သွားလာလှုပ်လျက်ရှိနေကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီက စစ်သင်္ဘော ၃ စီးနှင့် တင့်ကားများပါ ပို့ဆောင်ခဲ့သဖြင့် ကျောက်ဖြူတွင် စစ်သင်္ဘော ၁၀ စီးခန့် ရှိလာပြီဖြစ်သည်။
ကျောက်ဖြူတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်း ဧရိယာအများစုကို AA က ထိန်းချုပ်ထားသဖြင့် စစ်ကောင်စီက ထိုနေရာများကို ပြန်လည်ထိုးစစ်ပြုလုပ်ရန် အင်အားဖြည့်တင်းခြင်းဖြစ်နိုင်ကြောင်း ကျောက်ဖြူဒေသခံများက ခန့်မှန်းကြသည်။
"AA ထိန်းချုပ်ထားတဲ့ နေရာတွေကို စစ်ကောင်စီဘက် တပ်သားသစ်တွေကို ထိုးကျွေးပြီး ထိုးစစ်တွေ လုပ်နေတာတော့ ကြာပြီ။ အခု တင့်ကားတွေပါ သုံးမှာဆိုတော့ သူတို့ဘက်က အကြီးစား ထိုးစစ်တွေ လုပ်လာမယ့် သဘောလို့ မြင်တယ်" ဟု မြေပြင်စစ်ရေးအခြေနေကို သိရှိသူ ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။
ကျောက်ဖြူမြို့နယ်တွင် ဓာတ်ငွေ့နှင့် ရေနံသိုလှောင်ရုံ၊ ရေနက်ဆိပ်ကမ်းရှိရာ မဒေးကျွန်း၊ ဓာတ်ငွေ့သန့်စင်သော (OGT) စက်ရုံရှိရာ မလကျွန်း၊ SEZ အတွက် ကနဉီး အကောင်အထည်ဖော်မည့် ရေနက်ဆိပ်ကမ်းနှင့် အိမ်ရာစီမံကိန်းများရှိရာ စစ်တော၊ ကြတ္တိန်၊ ကပ်သပြေစသည့် နေရာအနီးတွင် တိုက်ပွဲများ ရှိနေသည်။
လက်ရှိ AA သည် ကျောက်ဖြူမြို့နယ်မှ ရေနံနှင့်ဓာတ်ငွေ့ပိုက်လိုင်ဖြတ်သန်းရာတလျောက်ကို ထိန်းချုပ်ထားပြီး အမှတ် (၃၂) ရဲတပ်ရင်းအနီးသို့ ချည်းကပ်တိုက်ခိုက်နေခြင်းဖြစ်သည်။
စစ်ကောင်စီသည် AA ထိန်းချုပ်မြို့နယ် ၁၅ ခုအပါအဝင် နိုင်ငံတဝန်းက မြို့နယ် ၆၃ ခုကို စစ်အုပ်ချုပ်ရေးကြေညာထားပြီး ထိုမြို့နယ်များတွင် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးနှင့် နယ်မြေဒေသတည်ငြိမ်ရေးလုပ်သွားမည်ဟု ပြောဆိုထား၍ ထိုးစစ်များပြန်လုပ်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်ထားကြသည်။