ကျောက်ဖြူတိုက်ပွဲ ပြန်စလာ၊ စစ်ကောင်စီ ဗုံးကြဲမှုကြောင့် အရပ်သားထိခိုက်မှုများရှိနေ 

လက်ရှိ ကျောက်ဖြူတိုက်ပွဲများအတွက် စစ်ကောင်စီသည် ရေကြောင်းမှတစ်ဆင့် အင်အားဖြည့်တင်းမှုများရှိနေပြီး အာရက္ခတပ်တော်သိမ်းယူထားသည့် နေရာအချို့ကိုလည်း မြေပြင် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရှိနေသည်။

By Admin 24 Jul 2025

အမ်းတိုက်ပွဲအတွင်း အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk။
အမ်းတိုက်ပွဲအတွင်း အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk။

DMG ၊ ဇူလိုင် ၂၄

တရုတ်စီမံကိန်းများစွာတည်ရှိသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ဇူလိုင် ၁၀ ရက်မှစ၍ စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲများရပ်တန့်နေခဲ့သော်လည်း ယခုတိုက်ပွဲပြန်စလာနေကြောင်း ဒေသခံများထံမှ သိရသည်။ 

ကျောက်ဖြူတွင် နှစ်ဖက်တိုက်ပွဲများ ငြိမ်သက်နေသော်လည်း စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများကို မကြာခဏ ပြုလုပ်လျက်ရှိနေသည်။ 

လက်ရှိ ကျောက်ဖြူတိုက်ပွဲများအတွက် စစ်ကောင်စီသည် ရေကြောင်းမှတစ်ဆင့် အင်အားဖြည့်တင်းမှုများရှိနေပြီး အာရက္ခတပ်တော်သိမ်းယူထားသည့် နေရာအချို့ကိုလည်း မြေပြင် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရှိနေသည်။

ဇူလိုင်လ ၂၁ ရက်နေ့မှစတင်ကာ စစ်ကောင်စီက ဓညဝတီရေတပ်အနီးမှ ကျေးရွာများဖြစ်သော ကြတ္တိန်၊ ကုလဘာ၊ စည်မော်စသည့် ကျေးရွာများအား စစ်ကြောင်းထိုးနေပြီး လေကြောင်းမှလည်း ဗုံးကြဲမှုများ ဆက်တိုက်လုပ်လာနေကြောင်း သိရသည်။

“ကျောက်ဖြူမှာကတော့ ဇူလိုင် ၁၀ ရက်ကနေ တိုက်ပွဲ မရှိသလောက်လို ပြောလိုရတယ်။ ဒါပေမဲ့ ဒီရက်ပိုင်းမှာတော့ ပြန်ဖြစ်နေတယ်။ အဓိကတော့ စစ်ကောင်စီဘက်က လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ တောက်လျောက် ဗုံးကြဲနေတဲ့အခါကျတော့ တပ်တော်ဘက်က ပြန်ပြီးတော့ လှုပ်ရှားတဲ့သဘောလိုမြင်တယ်” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။ 

ဇူလိုင်လ ၂၁ ရက်ညနေပိုင်းတွင် စစ်ကောင်စီ၏ ခလရ ၃၄ တပ်ရင်းက လက်နက်ကြီး နှစ် လုံးပစ်ခတ်ခဲ့ပြီး ကျောက်ဖြူမြို့ အစိုးရရပ်ကွက်မှ မေဖုန်းမိုရ်ဟိုတယ်အနီးတွင် တစ်လုံးနှင့် ငလပွေ့နှင့် တောင်ရင်းရပ်ကွက်ကြားတွင် တစ်လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၂၂ ရက်၊ ညနေ ၅ နာရီခွဲဝန်းကျင်က ကျောက်ဖြူမြို့နယ်၊ ကုလဘာကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံး ၅ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါဗုံးကြဲမှုအတွင်း တစ်လုံးမှာ ကုလဘာကျေးရွာအနီး လယ်ကွင်းပြင်တွင် ကျရောက်ပေါက်ကွဲမှုကြောင့် နွားကျောင်းပြန်လာသော ကုဘာကျေးရွာမှ ဦးမောင်သန်းရွှေ (၅၅) နှစ်မှာ ဗုံးစထိမှန်ကာ ဘယ်ရင်အုံတွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုနေ့တွင် ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက် ကျေးရွာရှိ ဘုန်းကြီးကျောင်းအား ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကြဲချခဲ့သဖြင့် ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်နေသည့် ဆရာတော်တစ်ပါး အသေးစားဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းနှင့် သိမ်တော်ပျက်စီးခဲ့ကြောင်း သိရသည်။

“ကျောက်ဖြူတိုက်ပွဲက တိုးလိုက်ဆုတ်လိုက် အခြေအနေမှာမြင်ရတယ်။ စစ်တပ်ကလည်း အဓိကလေကြောင်းကို တိုးမြှင့်အသုံးချနေတာတွေ့ရတယ်။ တစ်ခုက ကျောက်ဖြူဟာ တခြားမြို့တွေနဲ့မတူဘူး။ တရုတ်ရဲ့ အကျိုးစီးပွားတွေရှိတယ်။ ဒါကြောင့်လည်း အေအေအနေနဲ့ ထိုးစစ်အရှိန်မြှင့်ပြီး တိုက်ခိုက်ဖို့ တစ်ဖက်မှာ အခက်အခဲရှိနေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အေအေကတော့ ကျောက်ဖြူသိမ်းမှာသေချာတယ်။ သိမ်းလည်းသိမ်းရမယ်” ဟု ရခိုင်စစ်ရေးလေ့လာစောင့်ကြည့်သူတစ်ဦးက ရှုမြင်သည်။

ရခိုင်ကမြို့နယ် ၁၄ ခုထိသိမ်းပိုက်ထိန်းချုပ်ထားသော အာရက္ခတပ်တော်သည် လက်ရှိ မြို့တော် စစ်တွေနှင့်  ကျောက်ဖြူမြို့များကို တိုက်ခိုက်နေခြင်းလည်းဖြစ်သည်။

ထိုမြို့များသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများရှိသော နေရာများဖြစ်ပြီး စစ်ကောင်စီက မြေမြပြင်အပြင် ရေတပ်အင်အားများစွာဖြည့်တင်းကာ AA ထိုးစစ်ကို ခုခုံရန်ပြင်ဆင်ထားသည်။ 

ကျောက်ဖြူနှင့် စစ်တွေမြို့သိမ်းတိုက်ပွဲများမှာ AA အတွက် နောက်ဆုံးတိုက်ပွဲဖြစ်ကာ စစ်ကောင်စီအတွက်လည်း အရေးပါသောမြို့များဖြစ်၍ ပြင်းထန်ပြီးခက်ခဲသော တိုက်ပွဲများဖြစ်မည်ဟု လေ့လာသူများက ရှုမြင်ထားကြသည်။