ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများတွင် ဖုန်းဆင်းကဒ်များ တရားဝင် အသုံးပြုခွင့်ပေးရန် ယူနွတ်အစိုးရ စီစဉ်နေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြသူများ မိုဘိုင်းဖုန်းဆင်းကဒ် တရားဝင် ဝယ်ယူ အသုံးပြုခွင့် ရရှိရေးအတွက် ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအဖွဲ့က ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ပရိုသော်မ်အာလို သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 13 Aug 2025

ကူတူပါလောင် ဒုက္ခသည်စခန်းတွင် ဖုန်းအားသွင်းပြီး စောင့်ဆိုင်းနေကြသူများအား ၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - Getty Images

ဆင်းကဒ်ထောက်ပံ့ရေးနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် တယ်လီကွန်မျူနီကေးရှင်း ကြီးကြပ်ရေးကော်မရှင် (BTRC) သည် သြဂုတ်လ ၁၁ ရက်နေ့က မိုဘိုင်းအော်ပရေတာ ကုမ္ပဏီလေးခုနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်ဟု သတင်းတွင်ဖော်ပြသည်။

ပါမောက္ခယူနွတ်သည် ဒုက္ခသည်စခန်းများသို့ ယခုလ ၂၅ ရက်နေ့တွင် သွားရောက်ရန် စီစဉ်ထားပြီး အဆိုပါ ခရီးစဉ် မတိုင်မီ ဆင်းကဒ်များ အသုံးပြုနိုင်အောင် ဆွေးနွေးမှုများ ရှိနေသည်ဟု ပရိုသော်မ်အာလို သတင်းက ဖော်ပြသည်။

လတ်တလော၌ သြဂုတ်လ ၂၅ ရက်နေ့ မတိုင်မီ ဆင်းကဒ် အရေအတွက် တစ်သောင်းကို ဒုက္ခသည် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ကော်မရှင်မှတစ်ဆင့် ဖြန်ချိနိုင်ရေးကို အဓိကထား ဆွေးနွေးနေသည်ဟု သတင်းတွင် ဖော်ပြချက်အရ သိရသည်။

ကော့ဘဇားရှိ ဒုက္ခသည်စခန်းများတွင် လက်ရှိ၌ လူဦးရေ ၁.၂ သန်းဝန်းကျင်အထိ ရှိသည်။ စခန်းများ၌ ရာဇဝတ်မှုများ ကျူးလွန်နေကြသည့် လက်နက်ကိုင်အဖွဲ့လည်း အများအပြား ရှိနေသည်။

ဒုက္ခသည်စခန်းတွင် နေထိုင်နေကြသူများသည် မိုဘိုင်းဖုန်း ဆင်းကဒ် တရားဝင် ဝယ်ယူအသုံးပြုနိုင်မည့် အထောက်အထောက်များ မရှိကြပေ။ သို့သော်လည်း အများစုမှာ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်မှ မိုဘိုင်းအော်ပရေတာများ၏ ဆင်းကဒ်များကို တရားမဝင် နည်းလမ်းများဖြင့် ရယူသုံးစွဲနေကြပြီး ဤသည်က ဘင်္ဂလားဒေ့ရှ် အစိုးရအတွက် လုံခြုံရေးအရ စိုးရိမ်စရာတစ်ရပ် ဖြစ်နေသည်။

ဆင်းကဒ်ဖြန့်ချိရေးအတွက် ဖုန်းအော်ပရေတာများဘက်မှ အကြံပြုချက်များလည်း ရှိပြီး ထိုအထဲတွင် ဒုက္ခသည်စခန်းများအတွက် ရောင်းချမည့် ကဒ်နံပါတ်များကို သီးခြားစီးရီးအဖြစ် ရိုက်ထုတ်ရန်၊ ဆင်းကဒ်ဝယ်ယူသူစာရင်းကို UNHCR က စာရင်းပြုစုထားရန်၊ ဘင်္ဂလားဒေ့ရှ် ဆင်းကဒ်များ ထုတ်ပေးပြီးသည့်နောက်တွင် လက်ရှိ သုံးနေကြသော ဆင်းကဒ်များကို ပိတ်သိမ်းရန်၊ မြန်မာဘက်မှ သွင်းလာသည့် ကဒ်များ သုံးမရအောင် မြန်မာဖုန်းလိုင်းများကို စခန်းတွင်းပိတ်ထားရန် စသည့်အချက်များလည်း ပါဝင်သည်။

ယခင် ရှိတ်ဟာဆီနာ အစိုးရလက်ထက် ၂၀၂၃ ခုနှစ်တွင် အစိုးရပိုင် Teletalk ကုမ္ပဏီမှတစ်ဆင့် ဒုက္ခသည်များအတွက် ဆင်းကဒ်များ ထုတ်ပေးရန် ကြိုးပမ်းခဲ့သော်လည်း အကောင်အထည် မပေါ်ခဲ့ပေ။