မဲရလဒ်များကို စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ဖွဲ့စည်းပြီး စိစစ်ပေးရန် နိုင်ငံရေးပါတီ ၁၆ ခု တောင်းဆို

၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး လွတ်လပ်သောရွေးကောက်ပွဲဖြစ်စေရန် ဆန္ဒမဲရလဒ်စာရင်းများအား စိစစ်ရန်အတွက် လွတ်လပ်သောကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးရန် နိုဝင်ဘာလ (၁၁)ရက်နေ့က မြန်မာနိုင်ငံတဝှမ်းမှ နိုင်ငံရေးပါတီ ၁၆ ပါတီက ထုတ်ပြန်တောင်းဆိုထားသည်။

12 Nov 2020

ခင်သရဖီဦး | DMG
နိုဝင်ဘာ ၁၂ ၊ စစ်တွေ

၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး လွတ်လပ်သောရွေးကောက်ပွဲဖြစ်စေရန် ဆန္ဒမဲရလဒ်စာရင်းများအား စိစစ်ရန်အတွက် လွတ်လပ်သောကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးရန် နိုဝင်ဘာလ (၁၁)ရက်နေ့က မြန်မာနိုင်ငံတဝှမ်းမှ နိုင်ငံရေးပါတီ ၁၆ ပါတီက ထုတ်ပြန်တောင်းဆိုထားသည်။

လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် လက်ရှိသံသယဖြစ်မှု၊ အငြင်းပွားမှုများအား ဖြေရှင်း ပေးနိုင်ရေးအတွက် ရွေးကောက်ပွဲဝင် နိုင်ရေးပါတီများမှ ကိုယ်စားလှယ်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိသော အဖွဲ့အစည်းများပါဝင်သည့် လွတ်လပ်သောစုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို (၇)ရက်အတွင်းဖွဲ့စည်းပေးရန် တောင်းဆိုထားခြင်းဖြစ်သည်။

ယင်းသို့ တောင်းဆိုသည့်ပါတီများတွင် အမျိုးသားဒီမိုကရေစီပါတီသစ် ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ ခေတ်သစ်ပြည်ထောင်စုပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပြည်သူ့အလုပ်သမားပါတီ၊ ပြည်သူ့အင်အားပါတီ၊ အခြေခံ လူတန်းစားဘဝမြင့်မားရေးပါတီ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီတို့ ပါဝင်သည်။

ယင်းတောင်းဆိုချက်နှင့်ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်အားဆက်သွယ်မေးမြန်းရာ “ကျနော်အခု နေပြည်တော်ကိုသွားနေတယ်။ ကျနော်တို့ သတင်းစာရှင်းလင်းပွဲ လုပ်တဲ့အခါကျရင် အသေးစိတ်ပြောမယ်နော်၊ အခုပြောဖို့စောသေးတယ်” ဟု တုန့်ပြန် ခဲ့သည်။

ဆက်လက်၍ ယခုတောင်းဆိုရာတွင် ပါဝင်သည့် နိုင်ငံရေးပါတီအချို့အား ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်က မဲရုံအလိုက်မဲပေးခွင့်ရှိသူ၊ အမှန်တကယ်မဲပေးသူ၊ ကြိုတင်မဲ၊ ပယ်မဲ စသည့်မဲစာရင်းများ မှန်ကန်မှုရှိ၊မရှိ စစ်ဆေးပေးရန်၊ ငွေကြေး/တံစိုးလက်ဆောင်ပေး၍ မဲရရှိအောင် ကြိုးပမ်းမှု ရှိ၊မရှိ စစ်ဆေးပေးရန်၊ နိုင်ငံတော်ပိုင်ငွေကြေး၊ ပစ္စည်းသုံးစွဲခွင့် ရှိ၊မရှိ စစ်ဆေးပေးရန်၊ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပြည်ပထောက်ပံ့ငွေကြေးသုံးစွဲမှု ရှိ၊မရှိ စစ်ဆေးပေးရမည်ဟု ဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် သတ်မှတ်ညွန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းထက် ဥပဒေဘောင်ကျော်လွန်ချိုးဖောက်မှုများကိုတွေ့ပြီး တားဆီးရန်ပျက်ကွက်မှုသည် ပါဒီစုံဒီမိုကရေစီရှင်သန်ရေး အတွက် လက်မခံနိုင်ကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တာဝန်ရှိသည့် နိုင်ငံတော်အစိုးရအနေဖြင့်လည်း မျက်ကွယ်ပြုထားခြင်းသည် တရားဝင်လုပ်ပိုင်ခွင့်နှင့် ရပ်တည်ချက်များမှာ ဥပဒေကြောင်းအရ ပျက်ပြယ် သည်ဟု သုံးသပ်ကြောင်းလည်း နိုင်ငံရေးပါတီ ၁၆ ပါတီ၏ ထုတ်ပြန်ချက်ကဆိုသည်။

၎င်းအပြင် အာဏာရပါတီ၏ တရားမဲ့ပြုကျင့်မှုများသည် မဲဆန္ဒနယ်မြေအားလုံး၌ စဉ်ဆက်မပြတ်ရှိနေပြီး လွတ်လပ်၍တရားမျှတသော ဂုဏ်သိက္ခာသည့် ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ်တစ်သားတည်း ကျစေ ရမည်ဟူသော ရွေးကောက်ပွဲကော်မရှင်၏ စံသတ်မှတ်ချက်များနှင့် လွဲချော်နေသည်ဖြစ်၍ နိုင်ငံတော်၏ အချုပ် အခြာအာဏာကို အဓမ္မနည်းဖြင့်ရယူရန်ကြိုးပမ်းခဲ့ခြင်းဖြစ်သည်ဟုယူဆကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗီဒီယိုများ