ရခိုင်တွင် တစ်လအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့် အရပ်သား ၉၀ ခန့် ထိခိုက်သေဆုံး

AA သိမ်းပိုက်ထိန်းချုပ်ထားသော မြို့နယ်များအပါအဝင် ရခိုင်ဒေသက မြို့နယ်အနှံ့ကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေ၍ အရပ်သားထိခိုက်သေဆုံးမှုမှာ မြင့်တက်လာနေခြင်းဖြစ်သည်။ 

By Admin 01 May 2024

ဧပြီလ ၄ ရက်က စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးသွားသော ကျောက်တော်ဒေသခံ လူငယ်တစ်ဦး။
ဧပြီလ ၄ ရက်က စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးသွားသော ကျောက်တော်ဒေသခံ လူငယ်တစ်ဦး။

DMG ၊ မေ ၁ 

စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်တွင် ဧပြီလ ၁ ရက်မှ ၃၀ ရက်ထိ စစ်ကောင်စီပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးသူ ၈၅ ဦးရှိကြောင်း DMG စာရင်းအရ သိရသည်။

စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကြောင့် အရပ်သား ၁၆ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၆၉ ဦး ရှိခဲ့သည်။ (မှတ်ချက် - မြေပြင်တွင် ယခုထက်ပို၍ များပြားနိုင်သည်။)

စစ်ကောင်စီပစ်ခတ်မှုကြောင့် မင်းပြားတွင် ၃ ဦး၊ မြေပုံတွင် ၄ ဦး၊ အမ်းတွင် ၂ ဦး၊ ကျောက်တော်တွင် ၂ ဦးနှင့် မောင်တော၊ ပေါက်တော၊ ကျောက်ဖြူ၊ သံတွဲ၊ ရမ်းဗြဲတွင် ၁ ဦးစီ - စုစုပေါင်း ၁၆ ဦး သေဆုံးသွားခဲ့သည်။ 

ဒဏ်ရာရရှိသူများမှာ မင်းပြား ၁၇ ဦး၊ မြေပုံ ၃ ဦး၊ အမ်း၂၄ ဦး၊ ကျောက်တော် ၅ ဦး၊ မောင်တော ၃ ဦး၊ ပေါက်တော ၉ ဦး၊ ကျောက်ဖြူ ၂ ဦး၊ သံတွဲ ၃ ဦး၊ ရမ်းဗြဲ ၁ ဦး နှင့် စစ်တွေ ၂ ဦး ဖြစ်သည်။

AA သိမ်းပိုက်ထိန်းချုပ်ထားသော မြို့နယ်များအပါအဝင် ရခိုင်ဒေသက မြို့နယ်အနှံ့ကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေ၍ အရပ်သားထိခိုက်သေဆုံးမှုမှာ မြင့်တက်လာနေခြင်းဖြစ်သည်။ 

ယမန်နေ့ ဧပြီလ ၃၀ ရက်ကလည်း အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသည့် မင်းပြားမြို့ကို စစ်ကောင်စီက  ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့၍ အရပ်သားပြည်သူ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားသည်။ 

“မြေပြင်တိုက်ပွဲတွေမှာ AA ကို မတိုက်နိုင်လို့ လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေတာကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးမှု အများကြီးရှိလာတာ။ ဒါနဲ့ပတ်သက်လို့ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း စစ်ကောင်စီကို ဖိအားပေးဖို့လိုတယ်။ မဟုတ်ရင် ပြည်သူတွေ အများကြီး နစ်နာအုံးမယ်” ဟု ရခိုင်နိုင်ငံရေးသမားတစ်ဦးက ပြောသည်။ 

လူ့အသက်ပေါင်းများစွာကို တစ်နေရာတည်းမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်နိုင်သည့် လေကြောင်းပစ်ခတ်မှုကို အလွန်အကျွံအသုံးပြုနေသည့် စစ်ကောင်စီကို လေယာဉ်ဆီ မရောင်းချရန် ယခုနှစ် ဧပြီလ ၄ ရက်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက တိုက်တွန်းထားသည်။

စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးဒဏ်ရာရရှိသူများထဲတွင် ကလေးသူငယ်၊ သက်ကြီးရွယ်အိုများအပါအဝင် အိမ်ထောင်ဦးစီးများ ပါဝင်သဖြင့် ၎င်းတို့မှာ မိသားစုဘဝရပ်တည်ရေးအတွက် စိန်ခေါ်မှုများရှိနေသည်။

“စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့် ဘာအပြစ်မှမရှိတဲ့ ကလေးတွေ၊ အရပ်သားတွေ ထိခိုက်သေဆုံးရတယ်။ အဲဒီထဲမှာ အိမ်ထောင်ဦးစီးတွေ ထိခိုက်သေဆုံးတာလည်း အများကြီးရှိတယ်။ သူတို့ထိခိုက်သွားတော့ မိသားစုစားဝတ်နေရေးကို တော်တော်သက်ရောက်မှုရှိတယ်” ဟု ရခိုင်က လူမှုရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။ 

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဓလေ့ထုံးတမ်းဥပဒေတွင် လက်နက်ကိုင် ပဋိပက္ခအတွင်း အရပ်သားများကို မထိခိုက်စေရန်၊ ဘာသာရေးအဆောက်အအုံများ၊ ရပ်ရွာများကို အကာကွယ်ပေးရန်၊ စစ်ပွဲနှင့်မသက်ဆိုင်သည့် အရပ်သားများကို ဖမ်းဆီးခြင်းမပြုရန်နှင့် အရပ်သားများကို ဘေးကင်းလုံခြုံခွင့်ပေးရန် ပြဌာန်းထားသည်။ 

ULA/AA ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO) စာရင်းအရ ရခိုင်တိုက်ပွဲစသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်ထိ လေးလကျော်အတွင်း အရပ်သားသေဆုံးသူ ၁၇၉ ဦးနှင့် ဒဏ်ရာရရှိသူ ၄၈၆ ဦးရှိသည်။ 

ဗီဒီယိုများ