စစ်ရေးပဋိပက္ခကာလအတွင်း ပလက်ဝဒေသခံ ၂၀ ဦး ပျောက်ဆုံးနေ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စစ်ရေးပဋိပက္ခကာလအတွင်း အရပ်သား ၂၀ ဦး ပျောက်ဆုံးလျက် ရှိနေကြောင်း ချင်း နေရပ်စွန့်ခွာတိမ်းရှောင်သူများ အထောက်အကူပြုကော်မတီ(CISC) အတွင်းရေးမှူး ဆလိုင်းကျော်အောင်က ပြောသည်။

By မြတ်ဆွေ 04 Aug 2020

Photo - CISC

မြတ်ဆွေ | DMG
သြဂုတ် ၄ ၊ ပလက်ဝ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စစ်ရေးပဋိပက္ခကာလအတွင်း အရပ်သား ၂၀ ဦး ပျောက်ဆုံးလျက် ရှိနေကြောင်း ချင်း နေရပ်စွန့်ခွာတိမ်းရှောင်သူများ အထောက်အကူပြုကော်မတီ(CISC) အတွင်းရေးမှူး ဆလိုင်းကျော်အောင်က ပြောသည်။

ထိုသို့ပျောက်ဆုံးနေသူများမှာ ၂၀၁၈ ခုနှစ်အတွင်းက သုံးဦး၊ ၂၀၁၉ ခုနှစ်အတွင်း ၁၀ ဦးနှင့် ၂၀၂၀ ပြည့်နှစ် အတွင်း ငါးဦးတို့ဖြစ်ကြောင်း CISC က သြဂုတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

“ကျနော်တို့ကော်မတီကနေ လက်လှမ်းမီသလောက်ပေါ့။ ကျနော်တို့က ဖြစ်ပျက်နေတဲ့အနေအထားကို စုစည်း ပြီးမှ အားလုံးကို ဖော်ပြတာပဲဖြစ်တယ်။ ဆိုတော့ အဲဒီထဲမှာ လောလောဆယ် လက်လှမ်းမီသလောက် ဖြစ်ပျက် နေတဲ့ အနေအထားမှာ လူအယောက် ၂၀ က ပျောက်နေတာပေါ့” ဟု ဆလိုင်း ကျော်အောင်က ပြောသည်။

ပျောက်ဆုံးနေသူများထဲမှ ၁၅ ဦးမှာ စက်လှေဖြင့်ခရီးသွားစဉ် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန်ထိ သတင်းလုံးဝ မရရှိသေးကြောင်းနှင့် ကျန် ၅ ဦးမှာ အေအေမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

အေအေမှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဆိုသူများမှာ ဆလိုင်းအောင်စိုး၊ ဆလိုင်းဘင်ဂျဗင်၊ ဆလိုင်းခင်မောင်ထွန်း၊ ဆလိုင်းအောင်ထွန်းကိုနှင့် ဦးမြင့်မောင်တို့ဖြစ်ကြောင်း CISC က ထုတ်ပြန်သည်။

ဇူလိုင်လ ၂၉ ရက်နေ့တွင် ကျောက်တော်မြို့နယ်မှ ပလက်ဝမြို့နယ်သို့ပြန်လာသည့် ချင်းလူငယ်ခုနှစ်ဦးထဲမှ လေးဦးကို အေအေမှ ဖမ်ဆီးသွားကြောင်းနှင့် ပလက်ဝမြို့တွင် နေထိုင်သူတစ်ဦးကို နေအိမ်မှခေါ်ဆောင် သွားခြင်းဖြစ်ကြောင်း ဆလိုင်းကျော်အောင်က ဆိုသည်။

“၁၅ ယောက်က ဘယ်သူဘယ်ဝါဖမ်းတယ်။ ဥပမာ - မြန်မာတပ်မတော်ဘက်ကလား သို့တည်းမဟုတ် AA ဘက်ကလား ဆိုတဲ့ဟာကိုတော့ ကျနော်တို့က လက်ညှိုးထိုးပြဖို့ နည်းနည်းအထောက်အထား မရှိဘူးပေါ့။ ဒါပေမယ့် ကျနော်တို့သုံးသပ်တာကတော့ အများစုဆုံးက လက်ကိုင်အဖွဲ့တွေကပဲရှိမယ်ဆိုတာ ခန့်မှန်းတယ်” ဟု ဆလိုင်းကျော်အောင်က ပြောသည်။

ယင်းသို့ ပလက်ဝဒေသခံ ၅ ဦးအား ဖမ်းဆီးသွားသည်ဆိုသည့်ကိစ္စအား အေအေ သတင်းပြန်ကြားရေးမှ တစ်စုံ တစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။ အေအေကို ဆက်သွယ်မေးမြန်းသတင်းရေးသားသည့် မီဒီယာများကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မများနှင့် အရေးယူမှုများရှိသဖြင့် ပလက်ဝဒေသခံ ၅ ဦးနှင့်ပတ်သက်ပြီး အေအေ၏တုန့်ပြန်ချက်ကို ရရှိရန် အခက်အခဲရှိသည်။

ရခိုင်ပြည်နယ်တွင်လည်း ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း တပ်မတော်မှ သံသယဖြင့်ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက်ပျောက်ဆုံးနေသူ ၃၀ ဦးခန့်ရှိကြောင်း မိသားစုဝင်များက ပြောဆိုကြသည်။

ယင်းသို့ဖမ်းဆီးပြီး တရားစွဲတင်ရန်ကြန့်ကြာနေခြင်းများမှာ အချို့နေရာများတွင် လုံခြုံရေးအရ ချွတ်ယွင်း ချက်များရှိနိုင်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ နှစ်ခန့်ကြာမြင့်လာ နေပြီး သံသယဖြင့် ဖမ်းဆီးခံရမှုများမှာလည်း မြင့်တက်လျက်ရှိနေသည်။

ဗီဒီယိုများ