AA ထိန်းချုပ်ရာ ပလက်ဝတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၄ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ

ပလက်ဝဒေသကို ရက္ခိုင့်တပ်တော်(AA)က ထိန်းချုပ်လိုက်ပြီဟု ကြေညာပြီးနောက်တစ်နေ့ ဇန်နဝါရီ ၁၅ ရက်တွင် ပလက်ဝမြို့နှင့် အနီးဝန်းကျင်ကို စစ်ကောင်စီက လေကြောင်းဖြင့် လာရောက်တိုက်ခိုက်မှုကြောင့် ဒေသခံ ၄ ဦးသေဆုံးပြီး၊ ၃ ဦး ပြင်းထန်ဒဏ်ရာ ရရှိသွားသည်။

By Admin 16 Jan 2024

တိုက်ပွဲပြင်းထန်ချိန်က ပလက်ဝမြို့ပေါ်တွင် ပျံဝဲနေသော စစ်ကောင်စီလေယာဉ်တစ်စီး။ (ဓာတ်ပုံ - Facebook)
တိုက်ပွဲပြင်းထန်ချိန်က ပလက်ဝမြို့ပေါ်တွင် ပျံဝဲနေသော စစ်ကောင်စီလေယာဉ်တစ်စီး။ (ဓာတ်ပုံ - Facebook)

ယမန်နေ့၊ နေ့လယ် ၂ နာရီကျော်တွင် စစ်ကောင်စီဂျတ်ဖိုက်တာဖြင့် ပစ်ခတ်မှုကြောင့် ကျီးလေကျေးရွာအနီး ဗုံးသီးများကျရောက်ပေါက်ကွဲ၍ ဒေသခံများ ထိခိုက်သေဆုံးသွားခြင်းဟု ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားသည်။

ထိခိုက်သေဆုံးသွားသူများမှာ ကျီးလေရွာတွင် စစ်ဘေးရှောင်နေကြသူများဖြစ်သည်။ သေဆုံးသွားသူများမှာ မီးလက်ဝကျေးရွာမှ မောင်မြတ်သူအောင် (၅)နှစ်၊ ပလုတ်တောင်ရပ်ကွက်မှ ဦးမောင်ကျန် (၄၉)နှစ်၊ ဦးမောင်ဖြူ (၆၇) နှစ်နှင့် ဦးဇော်ဇော်လွင် (၃၆ နှစ်)တို့ ဖြစ်သည်။ ယင်းအပြင် မီးလက်ဝရွာမှ မဆန်းဆန်းနွယ် (၈)နှစ်၏ ညာဖက်ခါး၊ ဒေါ်နွယ်နွယ်သန်း (၃၉)နှစ်၏ လက်နှစ်ဖက်နှင့် ကိုအောင်ဆန်းဘို (၂၂) နှစ်၏ ရင်ဘက်တွင် ဗုံးစထိမှန်ပြီး ပြင်းထန်ဒဏ်ရာ ရရှိသွားသည်။

ပလက်ဝဒေသရှိ စစ်ကောင်စီတပ်စခန်းများကို ၂၀၂၃ ခု၊ နိုဝင်ဘာ ၁၃ ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ဇန်နဝါရီ ၁၄ ရက်တွင် ပလက်ဝဒေသတစ်လုံးကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA) က ကြေညာထားသည်။

သို့သော်လည်း တစ်ယောက်ချင်း (သို့မဟုတ်) အုပ်စုငယ်များဖြင့် ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ လက်နက်ဖြင့် (သို့မဟုတ်) လက်နက်မဲ့ဖြင့် ရှိနိုင်၍ ပြည်သူများအနေဖြင့် အထူးသတိထားကြရန်နှင့် အသွားအလာများရှိပါက သတိထားသွားလာကြရန် AA က သတိပေးထားသည်။

ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ ယခုထက်ပိုမို လုံခြုံစိတ်ချရစေရန် ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံချေမှုန်းလျက်ရှိကြောင်း AA က ထုတ်ပြန်ထားသည်။

ဗီဒီယိုများ