စစ်တွေမြို့နယ် ကျောက်တန်းစစ်ဆေးရေဂိတ်တွင် စစ်ဆေးမှု တင်းကြပ်လာ

ရန်ကုန်-စစ်တွေအဝေးပြေးလမ်းမပေါ်ရှိ စစ်တွေမြို့နယ်၊ ကျောက်တန်းစစ်ဆေးရေးဂိတ်မှ နေ့စဉ်ဖြတ်သန်းသွားနေရသည့် ခရီးသည်များနှင့် ကုန်ကားများကို ရဲနှင့်စစ်သားအပါအဝင် ဂိတ်တာဝန်ကျသူတို့က စစ်ဆေးမှုများတင်းကြပ်လျက်ရှိသည်ဟု သိရသည်။

26 Apr 2022

ကျောက်တန်းစစ်ဆေးရေးဂိတ်တွင် ယခင်ကစစ်ဆေးမှုအား တွေ့ရစဉ်။ Photo Crd - The Rakhine Time

DMG ၊ ဧပြီ ၂၆

ရန်ကုန်-စစ်တွေအဝေးပြေးလမ်းမပေါ်ရှိ စစ်တွေမြို့နယ်၊ ကျောက်တန်းစစ်ဆေးရေးဂိတ်မှ နေ့စဉ်ဖြတ်သန်းသွားနေရသည့် ခရီးသည်များနှင့် ကုန်ကားများကို ရဲနှင့်စစ်သားအပါအဝင် ဂိတ်တာဝန်ကျသူတို့က စစ်ဆေးမှုများတင်းကြပ်လျက်ရှိသည်ဟု သိရသည်။

အဆိုပါစစ်ဆေးရေးဂိတ်မှာ စစ်တွေမှ နေရာဒေသအသီးသီးသို့ သွားရန် တစ်ခုတည်းသောကုန်းလမ်းဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ဆိုင်ကယ်၊ ကားများနှင့် ကုန်တင်ကားများကို ရှာဖွေစစ်ဆေးမှုများ တင်းကျပ်စွာလုပ်ဆောင်လာနေခြင်းကြောင့် ခရီးသည်တို့မှာ စိတ်အနှောင့်အယှက်ဖြစ်ပေါ်နေရကြောင်း ယနေ့နံနက်ပိုင်းက စစ်‌ဆေးခံရသည့်ခရီးသည်တို့က DMG ကိုပြောသည်။

“ကျနော် ပုဏ္ဏားကျွန်းကိုအလုပ်ကိစ္စနဲ့ သွားတဲ့အခါ ဆိုင်ကယ်တွေ၊ ခရီးသွားကား၊ ကုန်တင်ကားအားလုံးကို စစ်ဆေးနေတာပါ၊ ကျနော်သွားတုန်းကတော့ ၈ နာရီခွဲလောက်ကပါ၊ ကျနော့်ဖုန်းကို ဖွင့်ပြခိုင်းတယ်။ ပြီးရင် Screen ဖွင့်ပြီးကြည့်တယ်။ ဆိုင်ကယ် ဘောက်တွေဖွင့်ခိုင်းတယ်။ လွယ်အိတ်တွေလည်း ဖွင့်ပြီးစစ်ဆေးတယ်”ဟု လုံခြုံရေးအရအမည်မဖော်လိုသူတစ်ဦးက ပြောသည်။

ယင်းစစ်ဆေးရေးဂိတ်တွင် ယခင် စစ်ပွဲကာလတုန်းကလည်း စစ်ဆေးမှုများ တင်းကြပ်ခဲ့သည်။ စစ်ရေးတည်ငြိမ်နေသည့်အချိန်တွင် စစ်ဆေးမှုများ မရှိသလောက်နည်းပါးသွားခဲ့ရာမှ ယခုရက်ပိုင်းတွင် စစ်ဆေးမှုပြန်လည်တင်းကြပ်လာခြင်းဖြစ်ကြောင်း ခရီးသည်တို့ကဆိုသည်။

ထိုစစ်ဆေးရေးဂိတ်တွင် မည့်သည့်အတွက်ကြောင့် စစ်ဆေးရသည်ကို တစ်စုံတရာပြောဆိုခြင်းမရှိဘဲ ကားတွင်ပါလာသည့် ကုန်ပစ္စည်းတို့ကို ရှာဖွေခြင်း၊ ခရီးသွားတို့အား မေးမြန်းခြင်းတို့ရှိနေကြောင်း စစ်တွေနှင့် ကျောက်တော်သို့ ခရီးသည်တင်ပြေးဆွဲနေသည့် ကားသမား ကိုသန်းဌေးက DMG ကိုပြောသည်။

“ မနေ့ညက မှန်လုံအိမ်စီးကားတစ်စီးကို နောက်ကအဖုံးတွေ ဖွင့်ပြီး အနံ့ခံခွေးတွေကို ကားထက်ကိုတင်ပြီးစစ်ဆေးတာ မြင်ခဲ့တယ်။ လုံးဝမသင်္ကာတဲ့ကားတွေ ကားခေါင်မိုးပေါ်မှာ အထုတ်တွေ အများကြီးတင်ထားတဲ့ကားတွေဆိုရင် ချခိုင်းတာတော့မြင်ပါတယ်။ အရင်ထက်တော့ အခုဒီတစ်ရက်နှစ်ရက်အတွင်းမှာ စစ်ဆေးမှုတွေ ပိုပြီးများလာပါတယ်”ဟု ၎င်းကပြောသည်။

ထို့အတူ ကုန်တင်ကားများမှာလည်း မိမိတို့အလုပ်ရုံကပေးလိုက်သည့် တရားဝင်စာရွက်စာတမ်း၊ နယ်လုံလက်မှတ်အပြင် မှတ်ပုံတင်များ အားလုံးပေးထားရသော်လည်း အလွယ်တကူမဖြတ်ကျော်ရဘဲ အဆိုပါအထောက်အထားများကို အထက်တာဝန်ရှိသူတို့ကိုပေးပို့ထားသည်ဟုဆိုကာ စောင့်ဆိုင်းခိုင်းထားသဖြင့် မလိုအပ်ဘဲ အချိန်ကြန့်ကြာမှုများဖြစ်စေသည်ဟုလည်း ကုန်ကားသမားတို့က ပြောဆိုကြသည်။

“အရင်ကစစ်ဆေးရင် ဒီလောက်မကြာဘူး။ ညကရောက်နေတဲ့ ကားဆိုရင် တစ်ညအိပ်လိုက်ရပြီ အခုထိမသွားရသေးဘူး။ အရင်ကဆိုရင် စစ်ဆေးတာ ၃ နာရီလောက်ပဲကြာတယ်။ အခုဆိုရင် ပိုဆိုးလာပါတယ်။ ကျနော်မနက်ကနေရောက်နေတာဆိုရင် ညနေ ၅ နာရီလောက်မှပဲ လွှတ်ပေးပါတယ်။ ကျနော်တို့သွားရမယ့်ခရီးက မြောက်ဦးကိုသွားရတဲ့ခရီးဆိုတော့ တစ်ရက်သွားရမယ့်ခရီးဟာ နှစ်ရက်လောက်ကြာသွားတယ်“ဟု ကုန်တင်ကားမောင်းသူ ကိုအောင်နိုင်ဝင်းက DMG သို့ပြောသည်။

အဆိုပါစစ်ဆေးမှုတင်းကြပ်ရသည့် အကြောင်းနှင့်ပတ်သက်ပြီး စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က “အဲဒါက သူတို့လုံခြုံရေးဌာနတွေကို မေးမှရမယ်။ ကျနော်တို့က ပြည်နယ်မြို့ဖြစ်တော့ ခရိုင်အဆင့်၊ ပြည်နယ်အဆင့်တွေ ဒီလိုဟာတွေကလည်း လုံခြုံရေးပိုင်းဆိုင်ရာတွေမှာ လုပ်နေတာတွေရှိတယ်။ ရဲဆိုလည်း ရဲတပ်ရင်းတွေ၊ အဲတော့ ဒီကိစ္စတော့ ပြည်နယ်အဆင့် ကိုမေးမှရမယ်”ဟု DMG ကိုပြောသည်။

ယင်းကြောင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG ကဆက်သွယ်ခဲ့ရာတွင် ဖုန်းလက်ခံဖြေကြားခြင်းမရှိဘဲ ဖုန်းချသွားသည်။

လက်ရှိတွင် ကျောက်တန်းစစ်ဆေးရေးဂိတ်အပြင် အမ်းစစ်ဆေးရေးဂိတ်နှင့် တစ်ခြားသော စစ်ရေးဂိတ်များတွင်လည်း နယ်လုံဝန်ကြီးလက်မှတ်ပါမှသာလျှင် ကုန်ပစ္စည်းများကို တင်ပို့ခွင့်ပြုကြောင်းလည်း ကုန်တင်ယာဉ်မောင်းနှင်သူများထံမှ သိရသည်။

ဗီဒီယိုများ