စစ်တပ်ကဖိအားပေး၍ ရွာလုံးကျွတ်ပြောင်းရွှေ့ပေးခဲ့ရသည့် ဂျိုင်သာကျေးရွာသားများ အခက်အခဲဖြစ်နေရကြောင်းပြော

တပ်ပိုင်မြေဟုအကြောင်းပြကာ စစ်တပ်က ဖိအားပေးဖယ်ရှားခိုင်း၍ ရွာလုံးကျွတ်ပြောင်းရွှေ့ပေးခဲ့ရသည့် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဂျိုင်သာကျေးရွာသားများမှာ လက်ရှိတွင် နေထိုင်ရေးအအခက်အခဲအပြင် အလုပ်အကိုင်ရှားပါးမှု ပြဿနာတို့ကို ရင်ဆိုင်နေရကြောင်း ပြောဆိုကြသည်။

By Admin 07 Dec 2022

စစ်တပ်ကဖိအားပေး၍ ရွာလုံးကျွတ်ပြောင်းရွှေ့ပေးခဲ့ရသည့် ဂျိုင်သာကျေးရွာသားများ အခက်အခဲဖြစ်နေရကြောင်းပြော

ဂျိုင်သာကျေးရွာမှ ဖြိုဖျက်ခဲ့ရသည့် နေအိမ်များနှင့် ကျေးရွာအနီး ကမ်းခြေတို့ကိုတွေ့ရစဉ်။

DMG | ဒီဇင်ဘာ ၇

တပ်ပိုင်မြေဟုအကြောင်းပြကာ စစ်တပ်က ဖိအားပေးဖယ်ရှားခိုင်း၍ ရွာလုံးကျွတ်ပြောင်းရွှေ့ပေးခဲ့ရသည့် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဂျိုင်သာကျေးရွာသားများမှာ လက်ရှိတွင် နေထိုင်ရေးအအခက်အခဲအပြင် အလုပ်အကိုင်ရှားပါးမှု ပြဿနာတို့ကို ရင်ဆိုင်နေရကြောင်း ပြောဆိုကြသည်။

အိမ်ခြေ ၅၀ ကျော်၊ လူဦးရေ ၃၀၀ ကျော်ရှိသည့် ဂျိုင်သာကျေးရွာကို တပ်ပိုင်မြေဟုဆိုကာ စစ်တပ်က ဖယ်ရှားခိုင်းသဖြင့် ပြီးခဲ့တဲ့စက်တင်ဘာလ ၂၈ ရက်နေ့တွင် ရွာလုံးကျွတ် ဖယ်ရှားပေးခဲ့ရခြင်းဖြစ်သည်။

ထိုသို့နေအိမ်ဖယ်ရှားခံရသူများကို ဂျိုင်သာကျေးရွာနှင့် ၅ မိုင်ခန့်ဝေးသည့် အစိမ်းမတောင်ပေါ်တွင် စစ်တပ်က နေရာချပေးထားသည်။ အဆိုပါနေရာတွင် ဂျိုင်သာကျေးရွာမှ အိမ်ထောင်စု ၂၀ ကျော်သာ လက်ခံနေထိုင်နေကြပြီး အခြားသော အိမ်ထောင်စု ၃၀ ခန့်မှာ ဆွေမျိုးသားချင်းများရှိသည့် အခြားသောကျေးရွာများသို့ ပြောင်းရွှေ့နေထိုင်နေကြကြောင်း သိရသည်။

ယခင်နေထိုင်ခဲ့သော ဂျိုင်သာကျေးရွာမှာ ပင်လယ်ကမ်းစပ်နှင့်နီးသဖြင့် ကျေးရွာသားများမှာ ရေလုပ်ငန်းကို လုပ်ကိုင်နိုင်သည့်အပြင် ဂဏန်းရှာ၊ ဂုံးရှာ စသည့်အလုပ်များဖြင့်လည်း အပိုဝင်ငွေရှာဖွေကြကြောင်းဆိုသည်။

လက်ရှိ စစ်တပ်ကနေရာချပေးသည့် အစိမ်းမတောင်ပေါ်နေရာမှာ ရေလုပ်ငန်းလုပ်ကိုင်ရန် အဆင်မပြေသည့်အပြင် ကျန်းမာရေး၊ ပညာရေးကဏ္ဍများအတွက်လည်း အလှမ်းဝေးလွန်းသည်ဟု စစ်တပ်ကပေးသည့် မြေနေရာကို လက်မခံခဲ့သည့် ဂျိုင်သာကျေးရွာမှ အမျိုးသမီးတစ်ဦးကပြောသည်။

“သူတို့ပေးတဲ့နေရာက အရမ်းအလှမ်းဝေးတယ်။ အဲဒါ အလုပ်အကိုင်နဲ့က အဆင်မပြေ။ အဲဒီနေရာက အလုပ်သွားလုပ်ဖို့အတွက် ဆိုင်ကယ်နဲ့သွားရတာ အသွားအလာ ခြောက်ထောင်စီပေးရမယ်။ ရတဲ့လစာက တစ်သိန်းခွဲ။ အိမ်ကိုအချိန်တန်လို့ ပြန်လာချင်ရင် ကယ်ရီခတစ်နေ့ကို ခြောက်ထောင်ပေးနေရတော့ ဘယ်လိုမှ အဆင်မပြေဘူးလေ”ဟု အဆိုပါအမျိုးသမီးကပြောသည်။

စစ်တပ်ကချပေးသည့် နေရာသစ်ကို လက်မခံခဲ့သည့် ဂျိုင်သာကျေးရွာသားများမှာ လက်ရှိတွင် မောင်ရွှေလေး၊ ကြိုးကြာ၊ သဗြုချိုင် စသည့်ကျေးရွာများမှ ဆွေမျိုးနေအိမ်များတွင် ကပ်ခိုနေထိုင်နေကြရကာ အချို့က အိမ်ငှားနေထိုင်နေကြရပြီး အလုပ်အကိုင်များလည်း မရှိကြတော့ကြောင်း ဂျိုင်သာကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်ဟောင်းတစ်ဦးကပြောသည်။

“နီးစပ်ရာကျေးရွာတွေမှာ ဒီလိုပဲ ခိုကပ်ပြီးနေကြရတယ်။ လက်ရှိမှာတော့ လောလောဆယ် အိမ်ခြံမြေမရှိဘူးပေါ့။ မရှိတော့ ငှားလို့ရတဲ့သူက ငှားတယ်။ ကပ်နေလို့ရတဲ့သူတွေက မိသားစုတွေဆီမှာ ကပ်နေကြရတယ်ပေါ့။ လက်ရှိ အိမ်ဆောက်နေဖို့ ကျွန်တော်တို့မှာ မြေနေရာမရှိဘူးလေ”ဟု ၎င်းကဆိုသည်။

၁၉၇၆ ခုနှစ်တွင် မြေနေရာအလွတ်များကိုရှင်းလင်းပြီး ဂျိုင်သာကျေးရွာသားများက နေထိုင်ခဲ့ကြခြင်းဖြစ်သည်။ ၁၉၉၆ ခုနှစ်အရောက်တွင် ရေတပ်ပိုင်မြေအဖြစ် သတ်မှတ်ခံလိုက်ရကာ ယင်းနောက်တွင် ဂျိုင်သာကျေးရွာများမှာ တစ်အိမ်ထောင်လျှင် တစ်နှစ်စာအခွန်အဖြစ် ငွေကျပ် ၅၀၀ စီပေးဆောင်ကာ နေထိုင်လာခဲ့ရခြင်းဖြစ်သည်။

လက်ရှိတွင် ဂျိုင်သာကျေးရွာမှ ရွာလုံးကျွတ်ဖယ်ရှားခံလိုက်ရပြီး ဘိုးဘွားပိုင်အိမ်ခြံမြေကနေ ဖယ်ရှားခံလိုက်ရသည့်အတွက် လျော်ကြေးတစ်စုံတစ်ရာလည်း မရရှိကြကြောင်း ကျေးရွာသားတွေကပြောဆိုကြသည်။

“နှစ်ပေါင်းမြောက်များစွာ ကိုယ့်ဥယျာဉ်လေးတွေနဲ့ကိုယ် လုပ်ကိုင်စားသောက်ပြီး နေလာတဲ့လူတွေဖြစ်တဲ့အတွက် ကိုယ့်ဥယျာဉ်ကို နှမြောတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်မြေနေရာကိုပြန်ရပါစေဆိုပြီး နေတဲ့သူတွေက ဘတ်ဟိုးနဲ့ အကုတ်ခံရတာပေါ့”ဟု ဂျိုင်သာကျေးရွာမှ အမျိုးသမီးတစ်ဦးကပြောသည်။

ဗီဒီယိုများ