စစ်ကောင်စီမှထုတ်ပြန်သည့် သေနတ်ကိုင်ဆောင်ခွင့်မူကြောင့် တိုင်းပြည် ပိုဆိုးသွားနိုင်ဟု သုံးသပ်ကြ

ဇန်နဝါရီလ ၃၁ ရက်နေ့ ရက်စွဲဖြင့် စစ်ကောင်စီကထုတ်ပြန်ခဲ့သည့် လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူမှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် မီဒီယာများ၌ ပျံ့နှံ့လာခဲ့သည်။

By Admin 11 Feb 2023

ဓာတ်ပုံ -  Myanmar Military
ဓာတ်ပုံ - Myanmar Military

DMG ၊ ဖေဖော်ဝါရီ ၁၁

အရပ်သားများနှင့် အစိုးရဝန်ထမ်းများ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူကို စစ်ကောင်စီကထုတ်ပြန်ခြင်းမှာ တိုင်းပြည် ပိုဆိုးသွားနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် ဥပဒေပညာရှင်များက သုံးသပ်နေကြသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့ ရက်စွဲဖြင့် စစ်ကောင်စီကထုတ်ပြန်ခဲ့သည့် လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူမှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် မီဒီယာများ၌ ပျံ့နှံ့လာခဲ့သည်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ပြုလုပ်ခဲ့သည့် စစ်ကောင်စီ အစည်းအဝေးမှာ ယင်းမူကို သဘောတူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသက် ၁၈ နှစ် ပြည့်ပြီးသူ၊ နိုင်ငံတော်ကို သစ္စာရှိသူ၊ အကျင့်စာရိတ္တ ကောင်းသူ၊ လုံခြုံရေးအရ လက်နက်ကိုင်ဆောင်ရန်လိုအပ်သူ၊ နိုင်ငံတော် လုံခြုံရေးကို မနှောက်ယှက်သူများ၊ အရေးယူခြင်း မခံရဖူးသူများ လက်နက်ကိုင်ဆောင်ခွင့် လျှောက်ထားနိုင်ကြောင်းနှင့် စိတ်ပေါ့သွပ်နေသူများကို လျှောက်ထားခွင့် မပြုကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

အဆိုပါ လက်နက်ကိုင်ဆောင်ခွင့်မူသည် စစ်ကောင်စီအင်အားစုများအတွက် အခွင့်အလမ်း ပေးလိုက်ခြင်းဖြစ်ပြီး သာမန်အရပ်သားများအတွက် အန္တရာယ်ရှိလာနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

“ပြည်တွင်းပဋိပက္ခတွေ အတောမသတ်နိုင်အောင် ဖြစ်နေတဲ့အနေထားမှာ လက်နက်ကိုင်ဆောင်ခွင့်တွေ ပေးလာတယ်ဆိုတာက စစ်တပ်ထဲကမဟုတ်တဲ့ သူတို့(စစ်ကောင်စီ)ရဲ့ လူတွေကို လုံခြုံမှုအကာအကွယ်တွေ ယူနိုင်အောင် ထုတ်ပေးလိုက်တာဖြစ်တယ်။ စစ်ကောင်စီအင်အားစုအတွက် အခွင့်အလမ်းပေးလိုက်တာဖြစ်တယ်။ လုံခြုံမှု မပေးနိုင်တော့ဘူးလို့ ဝန်ခံလိုက်တဲ့ သဘောပါ။ ပြည်သူတွေအနေနဲ့ လျှောက်မယ်ဆိုရင်တော့ သူတို့ဟာ သံသယနဲ့ စောင့်ကြည့်ခံရနိုင်သလို (ပြည်သူ)သူတို့တွေအတွက် အန္တရာယ်လည်းရှိတယ်။ တိုင်းပြည်အတွက် ပိုပြီးဆိုးဝါးလာသလို ရှုပ်ထွေးမှုတွေဖြစ်လာမယ်”ဟု ဦးသန်းစိုးနိုင်ကပြောသည်။

လိုင်စင်နှင့် ကိုင်ခွင့်ပြုမည့် လက်နက်အမျိုးအစားထဲတွင် ပွိုင့် ၃၈ လက်မနှင့် ၎င်းထက် ပြောင်းဝငယ်သော ဆုံလည်သေနတ်၊ ပွိုင့် ၃၈ လက်မ (သို့မဟုတ်) ၉ မီလီမီတာနှင့် ၎င်းထက် ပြောင်းဝငယ်သော ပစ္စတိုသေနတ်၊ ၁၂ ဘိုးနှင့် ပြောင်းချောသေနတ်၊ ပွိုင့် ၂၂ လက်မနှင့် အမဲလိုက်သေနတ်နှင့် လေသေနတ်တို့ပါဝင်သည်။

ပါမစ်နှင့်ကိုင်ဆောင်ခွင့်ပြုမည့် သေနတ်အမျိုးအစားများမှာ ပွိုင့် ၃၈ လက်မ (သို့မဟုတ်) ၉ မီလီမီတာနှင့် ပစ္စတိုသေနတ်၊ ရိုင်ဖယ်သေနတ်၊ စက်သေနတ်အငယ်စားတို့ ပါဝင်သည်။

ပါမစ်နှင့်ကိုင်ဆောင်ခွင့်ပြုသည့် သေနတ်အမျိုးအစားကို သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲ၏ ထောက်ခံချက်ဖြင့် အစိုးရဝန်ထမ်းများ လျှောက်ထားနိုင်ပြီး လိုင်စင်နှင့်ကိုင်ဆောင်ခွင့်ပြုမည့် သေနတ်များကို အရပ်သားပြည်သူများမှ သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့တွင် လျှောက်ထားနိုင်သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်ကြာလာသည့်တိုင် နိုင်ငံတဝန်း လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်လျက်ရှိနေသည်။

ယခုကဲ့သို့ တိုင်းပြည်မငြိမ်မသက်ဖြစ်နေချိန်တွင် လက်နက်ကိုင်ဆောင်ခွင့်မူကို ထုတ်ပြန်လိုက်ခြင်းမှာ တိုင်းပြည်အတွက် ပိုမိုအန္တရာယ်ကျရောက်လာနိုင်ကြောင်း အမည်မဖော်လိုသည့် ဥပဒေပညာရှင်တစ်ဦးက ပြောသည်။

“သေနတ်တွေကို စစ်ကောင်စီက အကုန်လုံး ထုတ်ပေးမှာ။ ဆိုတော့ မရှိသင့်တဲ့သူတွေရဲ့ လက်ထဲမှာ လက်နက်တွေရှိရင်တော့ တိုင်းပြည်အတွက် ပိုပြီးတော့အန္တရာယ်ကျရောက်မယ်။ ဓားပြတိုက်၊ လူသတ်၊ အကြမ်းဖက်၊ လုယက်မယ် အမျိုးမျိုးနဲ့ လက်နက်မရှိသူတွေက အနိုင်ကျင့်ခံရမယ်။ လက်နက်မရှိတဲ့ သူတွေမှာတော့ ၂၄ နာရီ အန္တရာယ်ရှိတယ်။ စစ်ကောင်စီကတော့ လိုင်စင်နဲ့ လူသတ်လက်နက်တွေ ရသွားတဲ့ သဘောပါ။ လက်နက်ကိုင်ခွင့်မှာ ပြည်သူတွေကို နာမည်ထည့်လိုက်တာက ရောချတဲ့သဘောဖြစ်တယ်”ဟု ၎င်းကဆိုသည်။

ရခိုင်က နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဦးဖေသန်းက “ပြည်သူကော၊ သူတို့ရဲ့ ဘက်တော်သားတွေကိုပါ လွတ်လပ်စွာ ကိုင်ဆောင်ခွင့် ပြုလိုက်မယ်ဆိုရင်တော့ လက်နက်ကို မထိန်းချုပ်နိုင်ဘဲ ဒုစရိတ်မှုတွေ ပိုများလာမယ်။ နိုင်ငံရေး၊ စီးပွားရေးတွေ ကြပ်တည်းနေချိန်မှာ ဘေးထွက်ဆိုးကျိုးတွေ များလာမယ်။ နောက်ဆက်တွဲ ဘာတွေဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရအုံးမယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုဆိုရင်လည်း ကိုယ့်ကိုကိုယ် ပိုပြီးဂရုစိုက်ရမဲ့ အနေအထားတွေရှိလာမယ်”ဟု ပြောသည်။

လက်နက်ခဲယမ်းကိုင်ဆောင်ခွင့် ရသူများအနေဖြင့် ဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် စည်းကမ်းသေဝပ် တည်ငြိမ်ရေးအတွက် ထိန်းသိမ်းဆောင်ရွက်ရန်အတွက် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း (သို့မဟုတ်) ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်မှ ပါဝင်ဆောင်ရွက်ရန် ညွှန်ကြားသည့်အခါ လိုက်နာဆောင်ရွက်ရန် တာဝန်ရှိကြောင်းလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

၁၉၇၇ ခုနှစ်က ထုတ်ပြန်ခဲ့သည့် လက်နက်ကိုင်ဆောင်ခွင့်မူကို ပြင်ဆင်ဖြည့်စွက်မှုများပြုလုပ်ပြီး ယခု လက်နက်ကိုင်ဆောင်ခွင့်မူကို စစ်ကောင်စီက ထုတ်ပြန်လာခြင်းဖြစ်သည်။

#R010

ဗီဒီယိုများ