ရခိုင်စစ်ပွဲ အပစ်ရပ်ထားချိန် စစ်ကောင်စီက အင်အားဖြည့်တင်း

ရခိုင်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်AA တို့ကြား နိုဝင်ဘာ ၂၆ ရက်နေ့က စပြီး အပစ်ခတ်ရပ်စဲထားသည့် ကာလတွင် စစ်ကောင်စီက စစ်အင်အားတိုးချဲ့မှုများကို ပိုမိုလုပ်ဆောင်လာနေကြောင်း ဒေသခံများထံမှ သိရသည်။

By Admin 12 Dec 2022

ရခိုင်စစ်ပွဲ အပစ်ရပ်ထားချိန် စစ်ကောင်စီက အင်အားဖြည့်တင်း

DMG | ဒီဇင်ဘာ ၁၂

ရခိုင်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်AA တို့ကြား နိုဝင်ဘာ ၂၆ ရက်နေ့က စပြီး အပစ်ခတ်ရပ်စဲထားသည့် ကာလတွင် စစ်ကောင်စီက စစ်အင်အားတိုးချဲ့မှုများကို ပိုမိုလုပ်ဆောင်လာနေကြောင်း ဒေသခံ များထံမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂ ရက်နေ့က စစ်တွေ၊ ရွှေမင်းဂံဆိပ်မှ မင်းပြားသို့ စစ်တပ် နေဗီ ၃ စီး၊ ဒီဇင်ဘာလ ၅ ရက် နေ့တွင် ၄ စီးနှင့် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ၄ စီးဖြင့် မင်းပြား ၃၇၉ တပ်ရင်းသို့ ရိက္ခာ၊ စစ်အသုံးအဆောင်ပစ္စည်းများ လာရောက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်အသုံးဆောင်နှင့် ရိက္ခာများကို ဒီဇင်ဘာလ ၈ ရက်နေ့တွင် မင်းပြားမှတဆင့် မြောက်ဦးမြို့ ၃၇၇ တပ်ရင်းသို့ စစ်ကား ၂၇ စီးဖြင့် ပို့ဆောင်ခဲ့ပြီး ၉ ရက် နေ့တွင်လည်း စစ်ကား ၇ စီးဖြင့် မြောက်ဦး ခမရ ၅၄၀ တပ်ရင်း ဖက်သို့ ထပ်မံပို့ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာလ ၈ ရက်နေ့က စစ်တွေမှ ရိက္ခာအပြည့်ဖြင့် ကုလားတန်မြစ်ကြောင်းတိုင်း တက်လာသော နေဗီ ၃ စီးမှာ ကျောက်တော်မြို့နယ် စကခ ၉ သို့ ရိက္ခာလာရောက်ပို့ဆောင်ခဲ့ကြောင်းနှင့် ဒီဇင်ဘာလ ၉ ရက်နေ့တွင်လည်း နောက်ထပ်နေဗီ၂ စီးက တင်းမကျေးရွာသို့ ပို့ဆောင်ခဲ့ကြောင်း ရုပ်သားကျေးရွာသားတစ်ဦးက ပြောသည်။

“လက်နက်တွေလား၊ စားနပ်ရိက္ခာတွေလားဆိုတာတော့ ကျနော်တို့ အသေးစိတ်မမြင်ရပေမယ့် နေဗီမှာတော့ ဝန်အပြည့်နဲ့ စကခ ၉ ကိုလာပို့တယ်။ ကုန်းပေါ်မှာ ဖြန့်ချလိုက်လာတာ ခန့်မှန်းခြေ အင်အား ၅၀ ကျော်လောက် ပါတယ်။ ဒါက ကျနော်တို့ အနီးကပ် မြင်လိုက်သရလောက်ပေါ့။ နောက်၂ စီးမှာလည်း ရိက္ခာအပြည့် လူလည်း ၃၀ ဝန်းကျင်လောက်ပါတယ်။ အဲဒီထဲက တစ်စီးက စကခ ၉ ကနေ တင်းမဖက် အထိတက်သွားပြီး ရိက္ခာ ပို့ခဲ့တာ ရှိပါတယ်။ နေဗီ ၅ စီးစလုံးကတော့ မနေ့က ပြန်ဆင်း သွားတယ် ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ရုပ်သားရွာသားတစ်ဉီးက ပြောသည်။

ယင်းအပြင် ယမန်နေ့ (ဒီဇင်ဘာလ ၁၁ရက်နေ့) နံနက်ပိုင်းကလည်း မြောက်ဦးမြို ခမရ ၃၇၇ တပ်ရင်းမှ မင်းပြားမြို့နယ်၊ ပန်းမြောင်းဖက်သို့ စစ်ကား ၅ စီးဖြင့် ရိက္ခာလာရောက်ပို့ဆောင်ခဲ့ကြောင်းလည်း သိရသည်။

“သူတို့ (စစ်တပ်)ရိ က္ခာကားမလာခင် အရင်ဆုံး ကားတစ်စီးနဲ့လာပြီး မြောက်ဦးနဲ့ ပန်းမြောင်းကြားက ရွာဟောင်းတော ရွာနားမှာ လုံခြုံရေး ၂ ဖွဲ့လာချသွားတယ်။ ပြီးတော့ ကား ၅ စီးနဲ့ ရိက္ခာ လာပို့တယ်။ ကား ပေါ်မှာလည်း လုံခြုံရေးလိုက်လာတဲ့အင်အား ၂၀ လောက်တော့ ပါတယ်။ ကားထဲမှာ ဘာတွေပါ လဲတော့ မသိဘူး။ အပေါ်ကတော့ ဆန်အိတ်တွေ မြင်လိုက်တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဆင်အိုးကျေးရွာသားတစ်ဦးက ပြောသည်။

ရခိုင်တွင် ပြီးခဲ့သည့် သြဂုတ်လအတွင်းမှစ၍ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်AA တို့ တစ်ကျော့ ပြန်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ ကုန်းလမ်း၊ ရေလမ်းပိတ်ဆို့မှုများကြောင့် ပြည်သူများမှာလည်း စားဝတ်နေရေး အခက် အခဲမျိုးစုံရင်ဆိုင်ခဲ့ကြရသည်။

ယင်းကြောင့် ပြည်သူတို့၏ အခက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် စစ်ကောင်စီနှင့် AA တို့ လူသားချင်းစာနာမှုဆိုင်ရာ နားလည်မှုသဘောဖြင့် အပစ်ခတ်ရပ်စဲခဲ့ကြသည်။

သို့သော်လည်း စစ်ကောင်စီအနေဖြင့် အပစ်ခတ်ရပ်စဲ ထားသည့် အချိန်တွင်း လက်နက်ရိက္ခာ အင်အား ဖြည့်တင်းမှုများ လုပ်ဆောင်နေခြင်းမှာ အပစ်ခတ်ရပ်စဲရေးအပေါ် အခွင့်ကောင်းယူနေသလို ဖြစ်နေကြောင်း ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ပြောဆိုသည်။

“အပစ်ခတ်ရပ်စဲရေးကို တဖက်ကတော့ ပြည်သူတွေ အတွက်သုံးတယ်။ စစ်ကောင်စီကတော့ လက်နက်အင်အား၊ ရိက္ခာအင်အား ပြန်လည်စုဆောင်းဖို့ အတွက် သုံးတယ်။ ဒါက လက်နက်အင်အား ပြန်လည်ပြည့်တင်းလာတဲ့အချိန်မှာ တိုက်ပွဲတွေ ပြန်ဖော်ဆောင်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးပေါ့။ အခုလို မရိုးသားတဲ့ စိတ်ဓာတ်မျိုး၊ အပစ်ခတ်ရပ်စဲရေးအပေါ်မှာ အခွင့်ကောင်းယူတဲ့ စိတ်ဓာတ်မျိုးနဲ့ လုပ်မယ်ဆိုရင်တော့ ဒီတိုက်ပွဲက ပြန်ဖြစ်လာမှာပဲ ” ဟု ဉီးဖေသန်းက ပြောသည်။

ထိုသို့ စစ်ကောင်စီဘက်က စစ်အင်အားများပြန်လည်ဖြည့်တင်းနေမှုမှာ တစ်နေ့ ထက်တစ်နေ့ ပိုများပြားလာမှုကြောင့် ဒေသခံများမှာလည်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသည်။

အဆိုပါ စစ်တပ်အင်အားဖြည့်တင်းမှု ကိစ္စများနှင့်ပတ်သက်၍ စစ်ကောင်စီပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် ရခိုင်ပြည် နယ်လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို DMG က ဖုန်းဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြား ခြင်းမရှိခဲ့ပါ။

ဗီဒီယိုများ