ရခိုင်တွင် အစုအဖွဲ့ပိုင်သစ်တောများစိုက်ပျိုးရန် သစ်တောဦးစီးဌာနဖိတ်ခေါ်

အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း ဆောင်ရွက်လိုသူများမှာ အဆိုပါလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လိုသည့် နေရာနှင့် ၅ မိုင်အတွင်း အမှန်တကယ်နေထိုင်သူဖြစ်ကြောင်း ထောက်ခံစာ၊ စိုက်ပျိုးလိုသည့်သစ်ပင်၊ ရေရှည်စိုက်ပျိုးမည့် စီမံချက်၊ ရေရှည်ထိန်းသိမ်းသွားမည့် စီမံချက်နှင့် မည်သို့ထုတ်လုပ်မည့်စီမံချက် စသည်တို့ကိုရေးဆွဲကာ သက်ဆိုင်ရာမြို့နယ် သစ်တောဦးစီးဌာနရုံးများတွင် သွားရောက်လျှောက်ထားနိုင်ကြောင်း သစ်တောဦးစီးဌာထံမှ သိရသည်။

By သီဟ 22 Dec 2020

အစုအဖွဲ့ပိုင် သစ်တောစိုက်ပျိုးနိုင်ရန်အတွက် ပျိုးပင်များ ပျိုးထောင်ထားသည့် ဒီရေတောပျိုးဥယာဉ်တစ်ခုအား ရမ်းဗြဲမြို့နယ် လက်ပံကျေးရွာအုပ်စုအတွင်းတွေ့ရစဉ်။ (ဓာတ်ပုံ - Win Naing's facebook)

သီဟ | DMG
ဒီဇင်ဘာ၂၂ ၊ စစ်တွေ

ရခိုင်ပြည်နယ်မှ ပြည်သူများအနေဖြင့် အစုဖွဲ့ပိုင်သစ်တောများစိုက်ပျိုးကြရန် မြန်မာနိုင်ငံသစ်တောဦးစီးဌာနက ဖိတ်ခေါ်လိုက်သည်။

လက်ရှိမှာ တစ်ပြည်နယ်လုံးတွင် အစုအဖွဲ့ပိုင်သစ်တောစိုက်ခင်းများ တည်ထောင်စိုက်ပျိုးခြင်းကို ခွင့်ပြုပေးနေပြီဖြစ်၍  အစုအဖွဲ့ပိုင်သစ်တောစိုက်ခင်း စိုက်ပျိုးလိုသူများအနေဖြင့် သက်ဆိုင်ရာမြို့နယ် သစ်တောရုံးများသို့ လာရောက်လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံသစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မိုးက ဆိုသည်။

“အစုအဖွဲ့ပိုင်သစ်တောတွေကို တစ်တိုင်းပြည်လုံးမှာ စိုက်ဖို့ခွင့်ပြုထားပါတယ်။ စိုက်လာကြတဲ့ ပြည်သူတွေ ကိုလည်း ကြိုဆိုနေပါတယ်။ ပြည်သူတွေကိုယ်တိုင်စိုက်၊ ပြည်သူတွေကိုယ်တိုင် ပြန်ထိန်းသိမ်းပြီး ပြည်သူတွေ ကိုယ်တိုင်လည်း အကျိုးအမြတ်ရကြမှာ၊ အကုန်လုံးကို Wellcome ပါ” ဟု  ၎င်းကဆိုသည်။

အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုသည်မှာ ဒေသခံပြည်သူများ ကိုယ်တိုင်ကိုယ်ကျပါဝင်ကာ ရေရှည်တည်တံ့ စေသော သစ်တောသစ်ပင် စီမံအုပ်ချုပ်အသုံးပြုခြင်းဆိုင်ရာ သစ်တောလုပ်ငန်းများကို ဆောင်ရွက်ရသည့် လုပ်ငန်းတစ်ရပ်ဖြစ်သည်။

အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း ဆောင်ရွက်လိုသူများမှာ အဆိုပါလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လိုသည့် နေရာနှင့် ၅ မိုင်အတွင်း အမှန်တကယ်နေထိုင်သူဖြစ်ကြောင်း ထောက်ခံစာ၊ စိုက်ပျိုးလိုသည့်သစ်ပင်၊ ရေရှည်စိုက်ပျိုးမည့် စီမံချက်၊ ရေရှည်ထိန်းသိမ်းသွားမည့် စီမံချက်နှင့် မည်သို့ထုတ်လုပ်မည့်စီမံချက် စသည်တို့ကိုရေးဆွဲကာ သက်ဆိုင်ရာမြို့နယ် သစ်တောဦးစီးဌာနရုံးများတွင် သွားရောက်လျှောက်ထားနိုင်ကြောင်း သစ်တောဦးစီးဌာထံမှ သိရသည်။

ထိုသို့ အစုအဖွဲ့ပိုင်သစ်တောစိုက်ခင်းများ စတင်ထူထောင်သည့်နှစ်တွင် စိုက်ပျိုးလိုသည့်ပျိုးပင်များကို သစ်တော ဦးစီးဌာနမှ အခမဲ့ထုတ်ပေးသွားမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာနမှသိရသည်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်အတွင်းတွင် အစုအဖွဲ့ပိုင်သစ်တောစိုက်ခင်း စိုက်ပျိုးနေသူအချို့ ရှိနေပြီဖြစ်ကြောင်း ကျောက်ဖြူခရိုင်သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးချစ်လှိုင်ဝင်းထံမှ သိရသည်။

“အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းစိုက်မယ်ဆိုရင် သစ်တောဦးစီးဌာနပိုင်နေရာနဲ့ မြေလွတ်မြေရိုင်းနေရာဆိုပြီး နှစ်မျိုးရှိတယ်။ သစ်တောဦးစီးကပိုင်တဲ့နေရာတွေမှာ စိုက်မယ်ဆိုရင်တော့ ကျွန်တော်တို့ဆီကို တိုက်ရိုက် လျှောက်လို့ရတယ်။ မြေလွတ်မြေရိုင်းမှာ စိုက်မယ်ဆိုရင်တော့ သက်ဆိုင်ရာမြို့နယ်ထွေ/အုပ်ဆီက ခွင့်ပြုချက် ဘာညာတော့လိုပါမယ်” ဟု ၎င်းကပြောသည်။

ကျောက်ဖြူမြို့နယ်တွင် မြေလွတ်မြေရိုင်းပေါ်တွင် အများစုက စိုက်ပျိုးကြသော်လည်း ရမ်းဗြဲမြို့နယ်၌ သစ်တောဦးစီးဌာနပိုင် သစ်တောကြိုးဝိုင်းအတွင်း စိုက်ပျိုးသူများပြားကြကြောင်း ကျောက်ဖြူခရိုင်သစ်တောဦးစီးဌာနမှ သိရသည်။

“ဒီလိုမျိုးစိုက်ခင်းတွေစိုက်မယ်ဆိုရင် အနည်းဆုံးလူငါးဦးပါတဲ့ ဒေသခံအစုအဖွဲ့လိုတယ်။ ပြီးရင် ဘယ်နေရာ တွေမှာစိုက်မယ်။ ဘယ်လိုထိန်းသိမ်းမယ်၊ သစ်ပင်တွေအရွယ်ရောက်လာရင် ဘယ်လိုထုတ်လုပ်မယ်ဆိုတဲ့ စီမံချက်တွေကိုရေးဆွဲပြီး သစ်တောဦးစီးဌာနကို တင်ပြရပါမယ်။ လိုအပ်တာတွေကိုတော့ သစ်တောဦးစီးဌာနကပဲ ကူညီဆောင်ရွက်ပေးနေပါတယ်” ဟု ဦးချစ်လှိုင်ဝင်းက ဆက်၍ရှင်းပြသည်။

ထိုသို့  အစုအဖွဲ့ပိုင်သစ်တောစိုက်ခင်းများ စတင်ထူထောင်သည့်နှစ်တွင် စိုက်ပျိုးလိုသည့်ပျိုးပင်များကို သစ်တောဦးစီးဌာနမှ အခမဲ့ထုတ်ပေးသွားမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

ပြည်သူများလိုအပ်သည့် သစ်နှင့် သစ်မဟုတ်သော သစ်တောထွက်ဆိုင်ရာ အခြေခံပစ္စည်းလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်၊ ပြည်သူများ အလုပ်အကိုင်နှင့် ဝင်ငွေအခွင့်အလမ်းရရှိကာ ဆင်းရဲနွမ်းပါးမှုလျော့နည်းစေရန်၊ သစ်တောဖုံးလွှမ်းဧရိယာများ တိုးတက်လာကာ စဉ်ဆက်မပြတ် ထုတ်လုပ်လာနိုင်စေရန်၊ ပြည်သူများ ပူးပေါင်းပါဝင်သော သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှု စနစ်မြှင့်တင်ရန်နှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းများကို ပြည်သူများအား လုပ်ကိုင်စေခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုများ