ကရင်ပြည်နယ်တွင် တွေ့ရှိထားသော ကြွေပန်းမျိုးစိတ်တစ်ခုကို မျိုးစိတ်သစ်အဖြစ် သတ်မှတ်

မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်တွင် တွေ့ရှိထားသော ကြွေပန်းမျိုးစိတ်ကို ကြွေပန်းများထဲတွင် ထူးခြားသော ပန်းမျိုးစိတ်သစ်တစ်ခုအဖြစ် မှတ်တမ်းတင်သတ်မှတ်နိုင်ခဲ့ကြောင်း မြန်မာမျိုးရင်းများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (Native Species Conservation & Identification) မှ ထုတ်ပြန်ထားသည်။

By Admin 13 Oct 2023

ကရင်ပြည်နယ်တွင် တွေ့ရှိထားသော ကြွေပန်းမျိုးစိတ်သစ်။ ဓာတ်ပုံ - Native Species Conservation & Identification။
ကရင်ပြည်နယ်တွင် တွေ့ရှိထားသော ကြွေပန်းမျိုးစိတ်သစ်။ ဓာတ်ပုံ - Native Species Conservation & Identification။

DMG ၊ အောက်တိုဘာ ၁၃
မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်တွင် တွေ့ရှိထားသော ကြွေပန်းမျိုးစိတ်ကို ကြွေပန်းများထဲတွင် ထူးခြားသော ပန်းမျိုးစိတ်သစ်တစ်ခုအဖြစ် မှတ်တမ်းတင်သတ်မှတ်နိုင်ခဲ့ကြောင်း မြန်မာမျိုးရင်းများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (Native Species Conservation & Identification) မှ ထုတ်ပြန်ထားသည်။
အဆိုပါ ကြွေပန်းမျိုးစိတ်သစ်ကို Native Species Conservation & Identification အဖွဲ့မှ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် ကရင်ပြည်နယ်၊ ဇဲကပင်တောင်ကြောတစ်လျှောက်မှာ ကွင်းဆင်းလေ့လာစဉ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
သုတေသနပြုလုပ်ပြီးနောက် ယခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ထိုင်ဝမ်ရှိ ဇီဝမျိုးစုံမျိုးကွဲ လေ့လာရေးအဖွဲ့ International Journal of Biodiversity Taiwaniaနှင့် မိတ်ဖက်အဖွဲ့များက ကြွေပန်းကို မျိုးစိတ်သစ်အဖြစ် မှတ်တမ်းတင် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာမျိုးရင်းများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ ဖော်ပြထားသည်။
“ရှားပါးမျိုးစိတ်ထဲမှာတော့ မပါသေးဘူး။ ဝင်ဖို့က အခုလိုမျိုးစိတ်ထုတ်ပြီးမှ နောက်ထပ်ဆက်လုပ်ရတဲ့ နောက်တစ်ဆင့်ပေါ့။ ဒီမျိုးစိတ်သစ်က အခြားပန်းတွေနဲ့မတူတာက အရွက်ကြောတွေ၊ အပွင့်တွေ၊ အဖူးတွေ၊ အရွက်တွေကဆင်သယောင်နဲ့ ကွဲနေတာ။ ချဉ်တာနဲ့ကျောက်တုံးမှာ ကပ်ပေါက်တာကတော့ ကြွေပန်းတိုင်း အတူတူပဲ။” ဟု Native Species Conservation & Identification အဖွဲ့မှ မျိုးစိတ်သစ် သုတေသနစာတမ်းပြုစုခဲ့သူ မမြဘုန်းမော်က ပြောသည်။
အဆိုပါ ကြွေပန်းမျိုးစိတ်သစ်ကို ကမ္ဘာပေါ်တွင် ကရင်ပြည်နယ်၌သာတွေ့ရှိရပြီး ဒေသမျိုးရင်းကို အစွဲပြု၍ သိပ္ပံအမည် “Begonia Kayinensis” မြန်မာအမည် “ကရင်ကြွေပန်း” ဟု မှတ်တမ်းတင် သတ်မှတ်ထားသည်။
မြန်မာနိုင်ငံတွင် ကြွေပန်းမျိုးစိတ်ပေါင်း ၉၀ ကျော်ရှိပြီး ကမ္ဘာမှာ မျိုးစိတ်ပေါင်း နှစ်ထောင်ကျော် ရှိသည့်အနက် အာရှတိုက်တွင် မျိုးစိတ်ပေါင်း တစ်ထောင်ကျော်ရှိကြောင်း မြန်မာမျိုးရင်းများ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးအဖွဲ့၏ မှတ်တမ်းများအရသိရသည်။
မြန်မာနိုင်ငံတွင်တွေ့ရှိရသည့် ကြွေပန်းမျိုးစိတ်များမှာ ကမ္ဘာပေါ်တွင်တွေ့ရှိရသော အခြား ကြွေပန်းမျိုးစိတ်နှင့်မတူဘဲ ပင်စည်မှာအရွက်တစ်ရွက်ရှိခြင်း၊ ပင်စည်ထိပ်အရွက်အောက်ခြေက ပန်းခိုင်ထွက်ခြင်းစသည့် ထူးခြားလက္ခဏာများရှိသည်။
“ဒါက သူရဲ့ ထူးခြားချက်ပေါ့။ အခြားအပင်တွေမှာတော့ မရှိဘူး။ ပင်စည်မှာ အရွက်ရှိမယ်။ ပန်းခိုင်ကလည်း အမြစ်ကနေထွက်လာမယ် ဒါမျိုးလေးတွေရှိတယ်။ ဒါပေမယ့် ဒီအပင်လေးကကျတော့ ထူးထူးခြားခြား အရွက်တစ်ရွက်တည်းရှိမယ်။ အရွက်ရဲ့ အခြေ၊ ပင်စည်ရဲ့ထိပ်က ပန်းခိုင်ထွက်လာတယ်။” ဟု Native Species Conservation & Identification အဖွဲ့မှ မမြဘုန်းမော်က ပြောသည်။
ကြွေပန်းမျိုးစိတ်များသည် ထုံးကျောက်တောင်များတွင် ကပ်လျက်ပေါက်ရောက်ပြီး ပတ်ဝန်းကျင်ရှိ အပင်များ၊ ရေညှိများအပေါ်မူတည်ပြီး အရွက်မှာလည်း အရောင်ပြောင်းလဲမှုရှိသည်။
ကရင်ပြည်နယ်တွင် အသစ်တွေ့ရှိထားသော ကြွေပန်းမျိုးစိတ်မှာ အပူပိုင်းသမမျှတသော ဒေသများတွင် ပေါက်ရောက်လေ့ရှိကြောင်း မြန်မာမျိုးရင်းများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအဖွဲ့၏ သုတေသနမှတ်တမ်းများအရ သိရသည်။

ဗီဒီယိုများ