မာန်အောင်မြို့ခရီးသွားလုပ်ငန်းကြောင့် ဒေသခံများ အသက်မွေးလုပ်ငန်းနှင့်ကမ်းခြေများ မထိခိုက်နိုင်ဟုဆို

မာန်အောင်ကျွန်းသဘာဝကို အခြေခံသော ခရီးသွားလုပ်ငန်းများကြောင့် သဘာဝအတိုင်း တည်ရှိနေသော ကမ်းခြေများနှင့် ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ထိခိုက်မှုရှိမည်မဟုတ်ကြောင်း မာန်အောင်အများပိုင်ကုမ္ပဏီ (MPC)မှ တာဝန်ရှိသူများက ပြောသည်။

05 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၅

မာန်အောင်ကျွန်းသဘာဝကို အခြေခံသော ခရီးသွားလုပ်ငန်းများကြောင့် သဘာဝအတိုင်း တည်ရှိနေသော ကမ်းခြေများနှင့် ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ထိခိုက်မှုရှိမည်မဟုတ်ကြောင်း မာန်အောင်အများပိုင်ကုမ္ပဏီ (MPC)မှ တာဝန်ရှိသူများက ပြောသည်။

မာန်အောင်မြို့နယ် တောင်ဖက်အခြမ်းသည် အဓိက စီးပွားရေးလုပ်ငန်းအနေဖြင့် ရေလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းများကို အဓိကထား လုပ်ဆောင်ကြသည်။

မာန်အောင်အများပိုင်ကုမ္ပဏီမှ ဥက္ကဌ ဦးကျော်လှိုင်က "ဒေသခံတို့ ကျေးလက် သဘာဝအတိုင်း နေထိုင်လုပ်ကိုင်စားသောက်နေတဲ့ တောတောင် ရေမြေ သဘာဝ အလှတရားတွေက ကျနော်တို့ ခရီးသွား လုပ်ငန်းကြောင့် ထိခိုက်မှုရှိမှာမဟုတ်ဘူး။ တံငါးသည်တွေဘဝ၊ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူတွေဘဝကို သဘာဝအတိုင်း ခရီးသွားများကြည့်ရှုနိုင်ဖို့ ဒါတွေကို ထားမှာဖြစ်တယ်။ ကမ်းခြေတွေမှာ ငါးဖမ်းတာတွေကိုလည်း လာရောက်လည်ပတ်သူတွေ မြင်တွေ့ဖူးဖို့လိုတယ်။ နောက်တစ်ခုက ကမ်းခြေကိုလည်း သဘာဝအတိုင်း ပျက်စီးမှုမရှိအောင် ထိန်းသိမ်းထားမှာ ဖြစ်တယ်" ဟု ပြောသည်။

လက်ရှိ မာန်အောင်မြို့နယ်အတွင်း ဖွင့်လှစ်ထားသော သဘာဝကိုအခြေခံသော ခရီးသွားလုပ်ငန်းမှာ ကျောက်ဖြူအထူးစီးပွားရေးဇုံမှ ဆင်းသက်လာသော Master plan တစ်ခုဖြစ်ကြောင်း သိရှိရသည်။

မာန်အောင်အများပိုင်ကုမ္ပဏီအနေဖြင့် သဘာဝကိုအခြေခံသော ခရီးသွားလုပ်ငန်း မူ ၅ ချက်ဖြင့် သတ်မှတ်ကာ ဆောင်ရွက်လျှက်ရှိကြောင်း မာန်အောင်အများပိုင်ကုမ္ပဏီ တာဝန်ရှိသူများထံမှ သိရသည်။

ယင်း မူ ၅ ချက်မှာ ကမ်းခြေနှင့်သဘာဝပတ်ဝန်ကျင်အလှများကို မထိခိုက်စေရန်၊ ဒေသခံများ၏ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်သော လယ်ယာလုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းကို မထိခိုက်စေရန်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေနေရာအလုံအလောက် ချန်လှပ်ထားရှိရန်၊ နောင်လာနောက်သားများ စနစ်တကျလုပ်ကိုင်နိုင်ရန်အတွက် ဟိုတယ်ဇုံလုပ်ငန်းမြေနေရာအား စနစ်တကျ သတ်မှတ်ထားရှိရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဒေသဖွံဖြိုးရေးစီမံကိန်းကြီးဖြစ်ရန်ဟု သတ်မှတ်ကာ ဆောင်ရွက်ထားခြင်းတို့ဖြစ်သည်။

မာန်အောင်မြို့နယ်သည် ရခိုင်ပြည်၏ အခြားမြို့နယ်များထက် လမ်းပန်းဆက်သွယ်ရေးခက်ခဲသော မြို့တစ်ခုဖြစ်ပြီး ရေကြောင်းတစ်ခုကိုသာ အဓိကထား ဆက်သွယ် သွားလာနေရသည်။

ထိုကြောင့် မာန်အောင်မြို့နယ်အတွင်းသို့ လာရောက်လည်ပတ်ကြမည့် ဒေသခံများနှင့် ခရီးသွားပြည်သူများ သွားလာရေးအဆင်ပြေစေရန် လက်ရှိလေယာဉ်ကွင်းအား ပိုမိုပြေးဆွဲနိုင်ရန် လုပ်ဖို့လိုအပ်ကြောင်း မာန်အောင်မြို့မိမြို့ဖဖြစ်သူ ဦးသာညွှန့်က ပြောသည်။

"ကျနော်တို့ မာန်အောင်ဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် မာန်အောင်ကျွန်းကို ၁၉၆၂ ခု ရောက်လာခဲ့တဲ့ ဗိုလ်မှူးသမင်က ကဗျာတစ်ပုဒ်ရေးသားကာ ထားခဲ့ဖူးတယ်။ အဲတာက ပျိုလေးတော့ မာန်အောင် လာချင်ပါယင့်လည်း ရိုးမတောင်ကျော်ရန်ခက်ခြင်းကြောင့် နီးလျှက်နှင့်ဝေးဆိုပြီး ရေးသားဖူးခဲ့တယ်။ အခုဟာက ရိုးမတောင်ကျော်ရန် မခက်ခဲတော့ဘူးဆိုပေမဲ့ ဘင်္ဂလားပင်လယ်အော်ကျော်ရန် ခက်နေခြင်းကြောင့် နီးလျှက်နှင့်ဝေး ဖြစ်နေရတယ်။ အဲတာကြောင့် သက်ဆိုင်ရာ အစိုးရတွေအနေနှင့် ဘင်္ဂလားပင်လယ်အော် ဖြတ်ရန်မခက်ဖို့ အမြန်လုပ်ဆောင်ပေးစေချင်တယ်" ဟု တောင်းဆိုထားသည်။

မာန်အောင်မြို့နယ်အတွင်းရှိ စမုံတဲလေယာဉ်ကွင်းကို အစိုးရအနေဖြင့်လုပ်ဆောင်ကာ ၂၀၁၅ ခုတွင် ဖွင့်လှစ်ကာ လေယဉ်ပြေးလမ်းကြောင်း မဆံ့သည့်အတွက် လေယာဉ်အကြီး ဆင်းသက်မှု မပြုလုပ်နိုင်ဘဲ ၁၂ ဦးဆံ့ လေယာဉ်ငယ်ဖြင့် ရန်ကုန်၊ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်တို့ကို မာန်အောင်အများပိုင်ကုမ္ပဏီမှာ တာဝန်ယူပြေးဆွေးခြင်း ပြုလုပ်လာခဲ့သည်မှာ ၃ နှစ်ကျော်ထိ ရှိနေပြီဖြစ်သည်။

ယခုအခါ ပြေးလမ်းအတွင်း ပါဝင်နေသည့် ဒေသခံ ၂ ဦး၏ မြေယာကိစ္စ နစ်နာကြေးအတွက် ရှင်းလင်းမှုမပြုလုပ်နိုင်ခြင်းကြောင့် လေယာဉ်ကွင်း တိုးချဲ့ရေးလုပ်ငန်းမှာ ကြန့်ကြာနေသည်ဟု သိရသည်။

လောလောစဉ် လေယာဉ်လမ်းကြောင်း အဆင်မပြေသည့်အတွက် မာန်အောင်-တောင်ကုတ်-ကျောက်ဖြူ-သံတွဲ စသည်မြို့နယ်များအား ရေကြောင်းလမ်းမှ အမြန်ရေယာဉ်များဖြင့် သယ်ယူပို့ဆောင်ရန် စီစဉ်ထားကြောင်း မာန်အောင်အများပိုင်ကုပ္ပဏီက ပြောသည်။

ယင်းကဲ့သို့ ရေကြောင်းလိုင်းတစ်ခုကိုသာ အားထားပြီး သွားလာရသည့်အတွက် လက်ရှိဖွင့်လှစ်ထားသော ခရီးသွားလုပ်ငန်းမှာ ပြည်သူအများစုမျှော်လင့်ထားသကဲ့သို့ အောင်မြင်မှုရရှိနိုင်မည်မဟုတ်ကြောင်း ဒေသခံများက ဝေဖန်သုံးသပ်နေကြသည်။

ဗီဒီယိုများ