သီတင်းကျွတ်ကာလ ငပလီကမ်းခြေသို့ ခရီးသွားလာရောက်မှု နည်းပါးနေ

ယခုနှစ် သီတင်းကျွတ် အားလပ်ရက်ကာလတွင် ရခိုင်ပြည်၊ သံတွဲမြို့နယ် ငပလီကမ်းခြေသို့ ခရီးသွားလာရောက်မှု နည်းပါးနေသေးကြောင်း ငပလီရှိ ဟိုတယ်လုပ်ငန်းရှင်များထံမှ သိရသည်။

By Admin 19 Oct 2023

ငပလီကမ်းခြေရှိ ခရီးသွားများအား တွေ့ရစဉ်။
ငပလီကမ်းခြေရှိ ခရီးသွားများအား တွေ့ရစဉ်။

DMG ၊ အောက်တိုဘာ ၁၉

ယခုနှစ် သီတင်းကျွတ် အားလပ်ရက်ကာလတွင် ရခိုင်ပြည်၊ သံတွဲမြို့နယ် ငပလီကမ်းခြေသို့ ခရီးသွားလာရောက်မှု နည်းပါးနေသေးကြောင်း ငပလီရှိ ဟိုတယ်လုပ်ငန်းရှင်များထံမှ သိရသည်။

ယခင်နှစ်များက သီတင်းကျွတ်ကာလတွင် ငပလီသို့ ခရီးသွားဝင်ရောက်မှုမှာ ထောင်ဂဏန်းအထိ ရှိခဲ့သော်လည်း ယခုအချိန်တွင် ခရီးသွားဝင်ရောက်မှု ထက်ဝက်ခန့်သာရှိသေးကြောင်း ဟိုတယ်မှ တာဝန်ရှိသူများက ပြောသည်။

“ပြီးခဲ့တဲ့နှစ်ကဆိုရင် ဒီအချိန်မှာ ငပလီက ဟိုတယ်တွေ၊ တည်းခိုခန်းတွေမှာ ဘိုကင်တွေက ပြည့်နေကြပြီ။ ဒီနှစ်က ဟိုတယ်တစ်ချို့လောက်ပဲ ဘိုကင်ပြည့်သေးတယ်။ ပြီးခဲ့တဲ့နှစ်ကထက် ထက်ဝက်လောက် လျော့ကျသွားတယ်လို့ ပြောလို့ရတယ်” ဟု ပြောသည်။

ယခုနှစ် ခရီးသွားဝင်ရောက်မှု နည်းရခြင်းမှာ လေယာဉ်စရိတ်ကြီးမားခြင်းနှင့် ကားလမ်းများတွင်လည်း အစစ်အဆေးများခြင်းတို့ကြောင့် ပြည်မဖက်မှ ခရီးသွားများမှာ ငပလီထက် ချောင်းသာ၊ ငွေဆောင် ကမ်းခြေများသို့သာ လည်ပတ်မှုများနေသည်ဟု ငပလီမြို့က ဟိုတယ်အသိုင်းဝိုင်းက သုံးသပ်ကြသည်။

ငပလီမြို့ Amata Resort Ngapali ဟိုတယ်က HR/မန်နေဂျာ ဦးဝင်းသန်းဦးက “သီတင်းကျွတ်ကာလ ငပလီမှာ ခရီးသွားဝင်ရောက်မှုတွေကတော့ ရှိကြပါတယ်။ သိပ်အများကြီးတော့ မဟုတ်ဘူး။ ဟိုတယ်အချို့မှာတော့ ၇၅ ရာခိုင်နှုန်းလောက်တော့ ဘိုကင်လုပ်ထားကြတာတွေတော့ ရှိကြတယ်။ သင်္ကြန်ကာလကိုတော့ မမှီဘူး” ဟု ပြောသည်။

ငပလီဒေသခံအများစုမှာ ကမ်းခြေသို့ ခရီးသွားလာရောက်မှုကို မှီခိုကာ လုပ်ကိုင်စားသောက်နေကြသူ များသည့်အတွက် ယခုနှစ်တွင် ခရီးသွားဝင်ရောက်မှုများကို မျှော်လင့်နေကြသည်။

“သီတင်းကျွတ်ကာလနဲ့တော့ ခရီးသွားတစ်ချို့က ရောက်နေကြတာတွေကိုတော့ တွေ့ရတယ်။ သိပ်အများတော့ မဟုတ်သေးဘူး။ လေယာဉ်လည်း ၂ စီး၊ ၃ စီးလောက်တော့ ဆင်းနေကြပြီ။ ပြီးခဲ့တဲ့နှစ်ကထက် စာရင်တော့ နည်းနေသေးတယ်လို့ ပြောလို့ရသေးတယ်။ ဒီကဒေသခံတွေကတော့ ခရီးသွားတွေအပေါ်မူတည်ပြီး လုပ်ကိုင်စားသောက်ကြတာဆိုတော့ ခရီးသွားတွေရောက်မှ ဒေသခံတွေအတွက် ပိုပြီးအဆင်ပြေတယ်” ဟု ငပလီမြို့ခံ ဦးစိုးစိုးကပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် သင်္ကြန်ကာလတွင် ငပလီကမ်းခြေသို့ ခရီးသွားဦးရေ ၃၀,၀၀၀ ကျော် ဝင်ရောက်မှုရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံအတွင်း ပြည်ပခရီးသွားဝင်ရောက်မှုမှာ ကျဆင်းသွားခဲ့ပြီး အချို့သော ဥရောပနိုင်ငံများတွင် ၎င်းတို့နိုင်ငံသားများကို မြန်မာနိုင်ငံသို့ ခရီးမသွားလာကြရန် ထုတ်ပြန်ချက်များရှိကြောင်း သိရသည်။

ဗီဒီယိုများ