အာဏာပိုင်များ၏ ပံ့ပိုးမှုအားနည်းချက်ကြောင့် ရခိုင်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုနောက်ကျနေဆဲ

ရခိုင်ပြည်တွင် ကမ္ဘာကျော် ငပလီကမ်းခြေ၊ အာရှဒုတိယအကြီးဆုံး ဝမ်ဖိုက်ဒီရေတော၊ မာန်အောင်မြို့နယ်ရှိ သန္တာကျောက်တန်း၊ ရသေ့တောင်မြို့နယ်ရှိ အဏ္ဏဝါအမျိုးသားဥယျာဉ်၊ ဘူးသီးတောင်မြို့နယ်ရှိ စိုင်းတင်ရေတံခွန်၊ မြောက်ဦးမြို့နယ်ရှိ လေးမြို့ချောင်း စသဖြင့် သဘာဝအလှအပများ ပြည့်နှက်နေသော ခရီးသွားနေရာများစွာရှိနေသည်။

By Admin 29 Jun 2023

ရခိုင်တွင် စစ်ရေးပဋိပက္ခမဖြစ်ပွားခင် ၂၀၁၈ ခုနှစ်က ရှေးဟောင်းမြောက်ဦးမြို့၏ နေဝင်ချိန်အလှကို ခံစားနေကြသော ကမ္ဘာလှည့်ခရီးသွားများ။ (ဓာတ်ပုံ - ခိုင်မင်းသျှင်)
ရခိုင်တွင် စစ်ရေးပဋိပက္ခမဖြစ်ပွားခင် ၂၀၁၈ ခုနှစ်က ရှေးဟောင်းမြောက်ဦးမြို့၏ နေဝင်ချိန်အလှကို ခံစားနေကြသော ကမ္ဘာလှည့်ခရီးသွားများ။ (ဓာတ်ပုံ - ခိုင်မင်းသျှင်)

DMG ၊ ဇွန် ၂၉

ရခိုင်ပြည်တွင် ခရီးသွားများအား ဆွဲဆောင်နိုင်သည့်နေရာ အများအပြားရှိနေသော်လည်း ခေတ်အဆက်ဆက် အုပ်ချုပ်သူအာဏာပိုင်များ၏ ပံ့ပိုးမှုအားနည်းချက်ကြောင့် ခရီးသွားလုပ်ငန်းမှာ ယနေ့အထိ ဖွံ့ဖြိုးမှုနောက်ကျနေဆဲ ဖြစ်ကြောင်း ဒေသခံများနှင့် လုပ်ငန်းရှင်များက ပြောဆိုကြသည်။

ရခိုင်ပြည်တွင် ကမ္ဘာကျော် ငပလီကမ်းခြေ၊ အာရှဒုတိယအကြီးဆုံး ဝမ်ဖိုက်ဒီရေတော၊ မာန်အောင်မြို့နယ်ရှိ သန္တာကျောက်တန်း၊ ရသေ့တောင်မြို့နယ်ရှိ အဏ္ဏဝါအမျိုးသားဥယျာဉ်၊ ဘူးသီးတောင်မြို့နယ်ရှိ စိုင်းတင်ရေတံခွန်၊ မြောက်ဦးမြို့နယ်ရှိ လေးမြို့ချောင်း စသဖြင့် သဘာဝအလှအပများ ပြည့်နှက်နေသော ခရီးသွားနေရာများစွာရှိနေသည်။

သို့သော်လည်း ထိန်းသိမ်းမှုအားနည်းခြင်း၊ ခရီးသွားများစိတ်ဝင်စားအောင် ဖန်တီးမှုအားနည်းခြင်းတို့ကြောင့် သဘာဝအလှအပများနှင့် ခရီးသွားများ စိတ်ဝင်စားနိုင်သော အထင်ကရနေရာများမှာ မှေးမှိန်နေရသည်။

“လူတွေစိတ်ဝင်တစား လာရောက်စေဖို့အတွက်ဆိုရင်တော့ နိုင်ငံတော်အနေနဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ ခရီးစဉ်တွေကို ချောမွေ့အောင် ပြုလုပ်ပေးဖို့လိုတယ်။ ကျောက်ဖြူမှာဆိုရင် ကမ်းခြေအပြင် အခြားထင်ရှားတဲ့နေရာတွေ အများအပြားရှိတယ်။ ဒါတွေကို နိုင်ငံတာဝန်ရှိသူတွေနဲ့ ဒေသတွင်းလုပ်ငန်းရှင်တွေက ဖော်ဆောင်ပေးဖို့လိုတယ်” ဟု ကျောက်ဖြူမြို့မှ Summit Centre (ကုန်စုံတိုက်) ပိုင်ရှင် ဒေါ်သင်းသင်းက ပြောသည်။

ကျောက်ဖြူမြို့တွင် အထင်ကရနေရာများနှင့် ပင်လယ်ကမ်းခြေရှိသော်လည်း လူအများစိတ်ဝင်စားလာအောင် ဖန်တီးထားခြင်းမရှိသဖြင့် ခရီးသွားဝင်ရောက်မှုနည်းပါးသည်ဟု ဟိုတည်လုပ်ငန်းရှင်များက ပြောကြသည်။

ကျောက်ဖြူနှင့်ရမ်းဗြဲမြို့နယ်တွင် ဖော်ဆောင်မည့် အထူးစီးပွားရေးဇုန် (SEZ) စီမံကိန်းတွင် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများ ပါဝင်သော်လည်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ လုပ်ဆောင်မှုအပိုင်းမှာ အားနည်းချက်များရှိနေသေးကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

“ရမ်းဗြဲက ဝမ်ဖိုက်ဒီရေတောကို Ecotourism ပုံစံလိုမျိုး လုပ်နိုင်မယ်ဆိုရင်တော့ ဗီယက်နမ်တို့ ဘာတို့မှာ လုပ်ထားသလိုမျိုး ခရီးသွားလုပ်ငန်းအတွက် အဆင်ပြေလာနိုင်တယ်။ အဲဒါတွေကို ကျနော်တို့ဒေသခံတွေက လုပ်လို့မရဘူး။ အစိုးရဘက်ဂျက်နဲ့လုပ်မှပဲ အဆင်ပြေနိုင်မယ်” ဟု ကျောက်ဖြူမြို့၊ ဗာရာဏသီဟိုတယ် မန်နေဂျာ ဦးအောင်မိုးကျော်က ပြောသည်။

လက်ရှိမှာ ရခိုင်ပြည်အတွင်း သံတွဲ၊ မြောက်ဦး၊ စစ်တွေ မြို့နယ်တို့တွင် ခရီးသွားဝင်ရောက်မှု အနည်းငယ်ရှိပြီး အခြားမြို့နယ်များသို့ ခရီးသွားဝင်ရောက်မှုမှာ နည်းပါးနေဆဲဖြစ်သည်။

“ခရီးသွားလုပ်ငန်းဆိုတာ နိုင်ငံတစ်နိုင်ငံမှာ အရေးကြီးကဏ္ဍတစ်ရပ်အဖြစ် ပါဝင်တာကြောင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာရင် စီးပွားရေးနဲ့ လူတွေရဲ့ဗဟုသုတတွေအပြင် သုံးဘီးဆရာတွေကအစ လှေသမားတွေအထိ ဝင်ငွေတွေရရှိပြီးတော့ တိုးတက်လာမယ်” ဟု ရခိုင်က ခရီးသွား Blogger တစ်ဦးဖြစ်သူ မအေးသဒ္ဓါလှိုင်က ပြောသည်။

ရခိုင်ပြည်တွင် ဒေသမတည်ငြိမ်မှု၊ ကိုဗစ်ကပ်ရောဂါနှင့် အာဏာသိမ်းမှုအကျိုးဆက်တို့ကြောင့် ခရီးသွားဝင်ရောက်မှုနည်းပါးပြီး ပြည်တွင်းခရီးသွားလုပ်ငန်းမှာလည်း ကျဆင်းလျက်ရှိသည်။

#I008

ဗီဒီယိုများ